တရုတ်နိုင်ငံမြို့တော် ဘေ့ဂျင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ် ဖြစ်ပွားသောကြောင့် အာဏာပိုင်များသည် အင်္ဂါနေ့ညက အရေးပေါ်တုံ့ပြန်မှု အဆင့်ကို အဆင့် ၂ သို့ မြှင့်တင်လိုက်ပြီး အလွန်ပြင်းထန်သော အခြေအနေကို တားဆီးရန်အတွက် လုပ်ဆောင်နေရသည်။ ထိုသို့ အရေးပေါ်တုံ့ပြန်မှု အဆင့်မြှင့်တင်ခြင်းမှာ အဆင့် ၃ သို့လျှော့ချပြီး ၁၀ ရက်အကြာတွင် ပြန်လည်မြှင့်တင်ရခြင်းဖြစ်သည်။
အင်္ဂါနေ့တွင် ရှင်ဖဒီ လက်ကားဈေးကို ဗဟိုပြုဖြစ်ပွားသော ရောဂါကူးစက်မှုသစ် ၃၁ ခုကို အစုအဝေးလိုက်တွေ့ရပြီးနောက် ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားရန် ဘေ့ဂျင်းတွင် အစီအမံများကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သောအပတ်က ပထမဆုံး ပြန်လည်ကူးစက်မှုသစ်ကို တွေ့ရှိပြီးနောက် ယခုအခါ ဘေ့ဂျင်းတွင် ကူးစက်မှု ၁၃၇ ခုရှိပြီဖြစ်ကြောင်း အစိုးရက တရားဝင်ထုတ်ပြန်ထားသည်။
ယခုအခါ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီး ကျောင်းများကို ပြန်ပိတ်စေကာ ရောဂါတွေ့ရှိသည့် အထက်ပါ ဈေးအနီး ဒေသတခုလုံးကို ပိတ်စို့ပြီး ဒေသခံများကို ထွက်ခွာခွင့်မပေးတော့ပေ။ ယခုအချိန်အထိ လုံးဝပိတ်စို့ထားသော ရပ်ကွက်ပေါင်း ၂၉ ခုရှိပြီဖြစ်သည်။
ဘေ့ဂျင်းရှိ လေဆိပ်နှစ်ခုသို့ အဝင်အထွက် လေကြောင်းခရီးစဉ် ၁၂၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့တွင် ဖျက်သိမ်းလိုက်ပြီး ထိုပမာဏသည် စီစဉ်ထားသော လေကြောင်းခရီးစဉ်များအားလုံး၏ ၇၀ ရာခိုင်နှုန်း ဖြစ်ကြောင်း လေကြောင့်းလေ့လာရေး စာမျက်နှာ Variflight ၏ အဆိုအရ သိရသည်။ အမျိုးသားလေကြောင်းလိုင်းက ဘေ့ဂျင်းသို့ ဝင်ထွက်မည့် ခရီးသည်များ၏ လေယာဉ်လက်မှတ်ခများကို အခမဲ့ ပြန်လည်ထုတ်ပေးနေသည်။ ပြင်ပသို့ထွက်ခွာမည့် တက္ကစီများနှင့် ကားဝန်ဆောင်မှုများ၊ အဝေးပြေးကားခရီးစဉ်များကိုလည်း ဖျက်သိမ်းလိုက်သည်။
စာကြည့်တိုက်၊ ပြတိုက်၊ ပန်းချီပြခန်းနှင့် ပန်းခြံများတွင်လည်း လက်ခံနိုင်သော ဦးရေ၏ ၃၀ ရာခိုင်နှုန်းလက်ခံရန် အာဏာပိုင်များက ကန့်သတ်လိုက်သည်။
မြို့ပြင်ပနေရာများသို့ မလိုအပ်ဘဲ မသွားရန် မြို့သူမြို့သားများကို ပြောကြားထားသည်။ ခရီးသွားရန် လိုအပ်သည်ဟု ယူဆပါက ကိုဗစ်-၁၉ ကူးစက်ခြင်းမရှိဟု လွန်ခဲ့သောတပတ်အတွင်း စစ်ဆေးထားသော လက်မှတ်အထောက်အထား ပြသရန် လိုသည်။ သို့သော် ထိုသို့စစ်ဆေးခံရန် အလွယ်တကူ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ တရုတ်နိုင်ငံ ကျန်အစိတ်အပိုင်းမှ လူများကလည်း ဘေ့ဂျင်းမှ လူများရောက်လာခြင်းကို လက်မခံလိုကြတော့ပေ။
မြို့တော်တွင် တင်းကျပ်သော အစီအမံများ ပြန်လည်ချမှတ်ခြင်းသည် အချို့သော အစိတ်အပိုင်းများတွင်ဖြစ်စေကာမူ ဘေ့ဂျင်းဒေသခံများအကြား စိုးရိမ်ပူပန်ထိတ်လန့်မှုများဖြစ်စေခဲ့သည်။ လူမှုကွန်ရက်တွင် မြို့သူမြို့သားများ၏ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေပြီး ကန့်သတ်ချက်များပြန်လည်ချမှတ်ခြင်းကို သတင်းစာရှင်းလင်းပွဲတွင် ကြေညာခြင်းမပြုဘဲ ပိတ်ဆို့မှုသစ်နှင့် ပတ်သက်သော လူထုအမြင်ကို ပျော့ပြောင်းအောင် လုပ်ဆောင်နေသည်ဟူသည့် စွပ်စွဲချက်များလည်းပါဝင်သည်။
စစ်ဆေးသည့် နေရာများတွင် မစစ်မနေရ အပူချိန် စစ်ဆေးခြင်းများ တမြို့လုံးတွင် ပြန်လည်ပြုလုပ်နေပြီး လုံးဝပိတ်ဆို့ထားသောနေရာများတွင် အဆောက်အအုံများကို ဝင်ရောက်ခွင့် ပိတ်ထားသောကြောင့် အိမ်တိုင်ရာရောက်ပို့ဆောင်သည့် လုပ်ငန်းများ ရပ်ဆိုင်းနေသည်။
သို့သော် အများစုက စိတ်ပူပန်ခြင်းမဖြစ်စေရန်ပြောဆိုနေပြီး ရောဂါကူးစက်မှု မရှိသေးသည့် မြို့အစိတ်အပိုင်းများတွင် နေထိုင်သူများအတွက် ဘဝမှာ ပုံမှန်အခြေအနေ အနည်းနှင့် အများဆိုသလို ပြောင်းလဲမှုများ ခံစားနေရပြီး ဧပြီလကုန်က ပိုမိုကျယ်ပြန့်သော ပိတ်ဆို့မှုများ ရုတ်သိမ်းချိန်ကကဲ့သို့ဖြစ်နေသည်။ လူအများစုသည် လူမှုသီးခြားနေထိုင်ရေးလမ်းညွှန်များဖြင့် အလုပ်သို့သွားပြီး ပုံမှန်လူမှုဆက်ဆံရေး ပြုလုပ်နေကြဆဲဖြစ်သည်။
စနေနေ့နောက်ပိုင်း ဘေ့ဂျင်းတွင် လူ ၃၅၆၀၀၀ ဦးကို ကိုဗစ်-၁၉ စစ်ဆေးပြီးဖြစ်ကာ ရှင်ဖဒီဈေးနှင့်ပတ်သက်သူ လူအနည်းဆုံး ၃၅၅၀၀၀ ဦး အမြန်ဆုံးစစ်ဆေးရန် လုပ်ဆောင်နေကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် အရာရှိတဦး ပြောသည်။ လာမည့်ရက်များအတွင် ရှင်ဖဒီဈေးနှင့် အခြားအစားအသောက်ဈေးများ၊ အများပြည်သူဆိုင်ရာ ဝန်ထမ်းများ၊ ဆေးဝန်ထမ်းများ၊ ကျောင်းပြန်တက်မည့် ဆရာနှင့် ကျောင်းသားများစသည့် လူအုပ်စု ၆ စုကို စစ်ဆေးမည်ဖြစ်ကြောင်း သူပြောသည်။
မြို့တော်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအရေအတွက်သည် လက်ရှိအဆင့်တွင် ရက်အတန်ကြာရှိနေနိုင်ကြောင်း မြူနီစပယ် ရောဂါတားဆီးကာကွယ် ထိန်းချုပ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး Pang Xinghuo ပြောကြားပြီး ထိန်းချုပ်နိုင်မည့် အခြေအနေဖြစ်သည့် သဘောပြောသည်။
ရောဂါစတင်ဖြစ်ပွားသည့် ရင်းမြစ်နှင့် ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့အထိ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ရှင်ဖဒီဈေးရှိ ပြည်ပမှတင်သွင်းလာသော ဆယ်လမွန်ငါးခုတ်သည့် နေရာတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိပြီးနောက် တရုတ်နိုင်ငံသည် ဥရောပမှ ဆယ်လမွန်ငါးတင်သွင်းခြင်းကို ရပ်ဆိုင်းလိုက်သည်။ ယခုဘေ့ဂျင်းတွင် ကူးစက်နေသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် ဥရောပမှလာသော မျိုးကွဲဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများပြောသည်။
ယခုရောဂါကူးစက်မှုကို မတွေ့ရှိမီ တလခန့်ဖြစ်သည့် မေလက စတင်ကူးစက်ခြင်းဖြစ်နိုင်ကြောင်း တရုတ်နိုင်ငံကူးစက်ရောဂါထိန်းချုပ်ရေးဌာန ဒါရိုက်တာ Gao Fu ပြောသည်။
“အဲဒီတုန်းက လက္ခဏာမပြတဲ့ ဒါမှမဟုတ် ရောဂါမပြင်းထန်တဲ့ ကူးစက်ခံရသူရှိနေနိုင်တယ်။ ဒါကြောင့် ပတ်ဝန်းကျင်မှာ ပိုးက ဒီလောက်အထိ များနေတာဖြစ်နိုင်တယ်။ ဒါက ကျနော်တို့ခန့်မှန်းချက်ပါ၊ ဆက်လက်အတည်ပြုနိုင်ဖို့လိုတယ်” ဟု အင်္ဂါနေ့က ရှန်ဟိုင်းတွင် ကျင်းပသည့် ကျန်းမာရေးအရာရှိများ ဆွေးနွေးပွဲတွင် သူပြောသည်။
ကူးစက်မှုသည် စိုးရိမ်ပူပန်မှုများဖြစ်စေသော်လည်း အလျှင်အမြန်အရေးယူဆောင်ရွက်ခြင်းကြောင့် ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း တရုတ်ထိပ်တန်း ကိုဗစ်-၁၉ ကျွမ်းကျင်သူ Dr. Zhang Wenhong က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
“ဘေ့ဂျင်းက ဆုံးဖြတ်ချက်ပြတ်သားတယ်။ ဘေ့ဂျင်းက တင်းကျပ်တဲ့ အစီအမံတွေကို ကျနော်နားလည်တယ်။ တင်းကျပ်လေလေ တိုင်းပြည်ရဲ့ ကျန်အစိတ်အပိုင်းတွေ အတွက် ကောင်းလေလေပဲ” ဟု Tsinghua တက္ကသိုလ်အတွက် အွန်လိုင်းမှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သူပြောသည်။
တင်းကျပ်သော အစီအမံများကို ထိုကဲ့သို့ ပြန်လည်ချမှတ်ခြင်းသည် အနောက်နိုင်ငံများတွင် လုပ်ရန်မဖြစ်နိုင်ကြောင်း အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းလည်း သူပြောသည်။ အခြားမြို့များ၊ နိုင်ငံများသည် ဖြစ်နိုင်ခြေရှိသော ဗိုင်းရပ်စ်ကူးစက်မှု တဖန်ပြန်လည်ကြုံတွေ့နေရချိန်တွင် ဘေ့ဂျင်းသည် နမူနာကောင်းဖြစ်နိုင်ကြောင်း သူပြောသည်။
တချိန်တည်းတွင် ဘေ့ဂျင်းအနီးရှိ တီယန်ကျင်းတွင် ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုတခုကို ဗုဒ္ဓဟူးနေ့တွင်တွေ့ရသည်။ လွန်ခဲ့သော ၁၄ ရက်နေ့တွင် ခရီးသွားရာဇဝင်မရှိကြောင်း ကူးစက်ခံရကြောင်း သိရှိသောလူနာနှင့် ထိတွေ့မှုမရှိကြောင်း ထိုလူနာက အာဏာပိုင်များကိုပြောသည်။ သူသည် ဟိုတယ်တခုတွင် ပန်းကန်ဆေးသူဖြစ်ပြီး အေးခဲပင်လယ်စာများကို အခါအားလျှော်စွာ ကိုင်တွယ်ရသူဖြစ်သည်။
ကိုးကား။ ။ CBS News
You may also like these stories:
ထိုင်းပြည်သူများ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေ
ဘင်္ဂလားဒေ့ရှ် သာသနာရေးဝန်ကြီး COVID-19 ကြောင့် ကွယ်လွန်
တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှု မြင့်မားလာ