ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အယုံအကြည် မရှိကြောင်း စွပ်စွဲပြစ်တင်မှုကို ယနေ့ ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေး၌ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းပါ ၃၂ ဦး တို့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင် မှုကို ကန့်ကွက်ဆန္ဒမဲပေါင်း ၇၇ မဲ ရှိခဲ့ပြီး ထောက်ခံဆန္ဒ မဲပေါင်း ၂၅ မဲသာ ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြခြင်းနှင့် အဆုံးအဖြတ် ရယူခြင်း ဆောင်ရွက်ခဲ့ရာ မဲပေးခွင့် ရှိသူ ၁၁၇ ဦး အနက် ထောက်ခံဆန္ဒမဲသည် ကိုယ်စားလှယ် စုစုပေါင်း ဦးရေ၏ သုံးပုံနှစ်ပုံ မပြည့်သည့်အတွက် စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်း လွှတ်တော် အမတ် ၄ ပုံ ၁ ပုံက စုံစမ်းစစ်ဆေး စွပ်စွဲ ပြစ်တင် ကြားနာရန် ဇွန်လ ၅ ရက်က တင်သွင်းခဲ့မှုကို တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လက်ခံခဲ့ခြင်း ဖြစ် သည်။
အဆိုပါ စွပ်စွဲပြစ်တင်မှုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) ကိုယ်စားပြုသည့် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးတင်ဦးက ဦးဆောင်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒု ဥက္ကဋ္ဌ ဖြစ်သည့် လွှတ်တော်အမတ် ဦးကျော်ဇေ ယျနှင့် တပ်မတော်သား လွှတ်တော်အမတ်များက ထောက်ခံကာ ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲချက်များကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၃ (ဂ) အရ ဖွဲ့စည်းစစ် ဆေးခဲ့သော စုံစမ်းရေး အဖွဲ့က စုံစမ်းစစ်ဆေးသည့်အခါ ဝန်ကြီးချုပ်၏ ချေပချက်များအရ သော်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အ စည်းအဝေး မှတ်တမ်းများ အရသော်လည်းကောင်း၊ အခြား စစ်ဆေးတွေ့ရှိချက်များ အရ သော်လည်းကောင်း မှန်ကန်မှု မရှိကြောင်း စုံစမ်း စစ်ဆေး သိရှိရသည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောကြားသည်။
ကိုယ်စားလှယ် ဦးတင်ဝင်းပါ ၃၂ ဦးတို့၏ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ဝန်ကြီးချုပ်၏ ချေပချက်များ အထောက်အထားများ မှတ်တမ်းများကို အသေးစိတ် စုံစမ်းရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ၂၆၃(က) ပါ စွပ်စွဲပြစ်တင်နိုင်သော အကြောင်းတရပ်ရပ်နှင့် ငြိစွန်းခြင်း မရှိကြောင်း ဦးတင်မောင်ထွန်းက ဆက်လက် ပြောကြားသည်။
ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်း အပါအဝင် လွှတ် တော်အမတ် ၃၂ ဦးသည် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အချက် ၇ ချက်ဖြင့် အယုံအကြည် မရှိကြောင်း စွပ်စွဲ ပြစ်တင် ခဲ့ခြင်း ဖြစ်သည်။
ယင်းအချက်များမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်မြို့သစ် စီမံကိန်းကို လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့ခြင်း မရှိဘဲ အကောင်အထည် ဖော်ခဲ့ခြင်း၊ ၂၀၁၆-၂၀၁၇ ဖြည့်စွက် ရန်ပုံငွေ တောင်းခံထားသော CITY Bank တွင် ရင်းနှီးမြှုပ်နှံရန် ခေါင်းစဉ်ဖြင့် တောင်းခံထားသော ကျပ်ငွေ ၆၄ ဘီလီယံထဲမှ ကျပ်ငွေ ၁၀ ဘီလီယံကို ရန်ကုန်မြို့သစ် တည်ဆောက် ရေး ကုမ္ပဏီ (NYDC) တည်ထောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအရ အုပ်ချုပ်မှုစရိတ်အဖြစ် ကျပ် ၇၈၉ ဒသမ ၃၂၅ သန်း သုံးစွဲထားသော်လည်း လက်တွေ့ အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိသေးခြင်းတို့အတွက် တာဝန်ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်းမှာ ယခင်အစိုးရ လက်ထက်က အတည်ပြုထားသော စီမံကိန်းဖြစ်ပြီး NYDC က အကောင် အထည်ဖော်မည့် စီမံကန်းမှာ စီမံကိန်း ပုံစံ အသစ်ဖြစ်သည့်အတွက် တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရမည် ဖြစ်သော် လည်း တင်ပြရန် ပျက်ကွက်ခဲ့ခြင်း၊ မထသ မှ YRTA သို့ ပြောင်းလဲဖွဲ့စည်းရာတွင် မူဝါဒကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြ ဆောင်ရွက်မှု မရှိခြင်း မထသမှ လွှဲပြောင်းရရှိသည့် ငွေကျပ်မှ ၅ ဘီလီယံနှင့် KBZ Bank မှ ချေးငွေ ၅ ဒသမ ၅ ဘီ လီယံ စုစုပေါင်း ၁၀ ဒသမ ၅ ဘီလီယံဖြင့် ကိုရီးယားနိုင်ငံမှ ကျောင်းကားအစီး ၂၀၀ ဝယ်ယူ၍ ကျောင်းကားပြေးဆွဲရာ တွင်၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာ တင်ပြသည်အထိ ကျောင်းကား ၁၀၇ စီးသာ ပြေးဆွဲနိုင်ပြီး ၉၃ စီးမှာ ပြေးဆွဲ နိုင်ခြင်း မရှိကြောင်း စုံစမ်း သိရှိရသဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ဖြုန်းတီးနေကြောင်း စွပ်စွဲပြစ်တင်ချက်တွင် ထည့်သွင်း ထားသည်။
အလားတူ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ဖြည့်စွက်ရန်ပုံငွေနှင့် ခွင့်ပြုထားသော အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ရင်းနှီးမြှုပ်နှံငွေ ကျပ် ၇၀ ဘီလီယံဖြင့် မော်တော်ယာဉ်များ ဝယ်ယူရေး ဆောင်ရွက်ရာတွင် ပုဂ္ဂလိကပိုင် ဧရာဝတီဘဏ်မှ ငွေကျပ် ၈ ဘီလီယံချေးယူမှုကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့မှု မရှိခဲ့ကြောင်းလည်း ဆိုသည်။
COVID-19 ရောဂါ မပြန့်ပွားစေရန် ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိဘဲ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်အတွင်း အခြေခံ လူတန်းစားများအား ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ပေးဝေခဲ့ခြင်းဖြင့် လူစုလူဝေး ဖြစ်ပေါ်စေခဲ့ခြင်း၊ ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရ အဖွဲ့ဝင်များက ကြီးမားသော လူစုလူဝေးဖြင့် မေလ ၂၄ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင် ဆိပ်ကမ်း၌ ရှင်ဥပဂ္ဂတ ဖောင်တော် ရေစက်ချ ပူဇော်ပွဲကို ကျင်းပခဲ့ခြင်း တို့ကိုလည်း စွပ်စွဲထားသည်။
ထိုကဲ့သို့ အချက် ၇ ချက်အပြင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လုပ်ဆောင်ချက်များသည် ဥပဒေနှင့် မညီသည့် အချက်များ ကျန်ရှိနေသေးသော်လည်း အရေးပေါ် တင်သွင်းရသည့် အခြေအနေကြောင့် အပြည့်အစုံ တင်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း စွတ်စွဲပြစ်တင်မှု တင်သွင်းရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဒု ဥက္ကဋ္ဌ လွှတ်တော်အမတ် ဦးကျော်ဇေယျက ပြောသည်။
ဦးကျော်ဇေယျက “အရေးပေါ် ဆိုတော့ အသေးစိတ် မဖတ်လိုက်ရဘူး။ အားနည်းတာပေါ့။ တကယ့်ကောင်းတဲ့ အချက်တွေ ပါမသွားဘူး” ဟုဆိုသည်။
လက်ရှိ ရန်ကုန်တိုင်း လွှတ်တော်တွင် အမတ် စုစုပေါင်း ၁၂၂ ဦး ရှိပြီး NLD လွှတ်တော်အမတ် ၈၆ ဦး၊ တပ်မတော် ကိုယ် စားလှယ် ၃၁ ဦး၊ USDP ပါတီမှ ၃ ဦး၊ NLD ပါတီက ထုတ်ခံရပြီးနောက် PPP ပါတီဝင် ၁ ဦးနှင့် ရခိုင် အမျိုးသား ပါတီမှ ၁ ဦးတို့ ဖြစ်သည်။
You may also like these stories:
ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ကိုယ်စားလှယ်လောင်း မတင်သော်လည်း မြို့နယ်က ရွေးထား
ဦးဖြိုးမင်းသိန်းကို စွပ်စွဲပြစ်တင်မှုက NLD ကို အကျပ်အတည်းဖြစ်စေ
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ကြံ့ခိုင်ရေးနှင့် တပ်မတော်အမတ်များ စွပ်စွဲပြစ်တင်
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို NLD ပါတီက သတိပေး