COVID 19 ကြောင့် ထိခိုက်ခဲ့သော မြန်မာ့စီးပွားရေးကို ပြန်လည်ကုစားနိုင်ရန် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ၌ အစိုးရက ကျပ် ၉၂ ဒသမ ၆၁ ဘီလီယံအထိ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ပြုလုပ်သည့် COVID 19 နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အပေါ်သက်ရောက်မှုများ စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် နှင့် ဧရာဝတီတိုင်းမှ ထူးချွန်ဆုရ တောင်သူ တဦးဖြစ် သည့် ဒေါ်ကျင်ဆိုင်တို့ အပြန်အလှန်ဆွေးနွေးသည့် အွန်လိုင်းစကားဝိုင်း၌ ဝန်ကြီးဒေါက်တာ အောင်သူက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
COVID 19 ကြောင့် ကုန်စည်စီးဆင်းမှု နှေးကွေးသွားခြင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်ထိခိုက်မှု၊ ရောင်းလို အားနှင့် ဝယ်လိုအား မမျှတခြင်း၊ ပြည်ပပို့ကုန် လမ်းကြောင်းများ ရပ်ဆိုင်းသွားခြင်း၊ ပြည်ပတင်ပို့မှု တုံ့ဆိုင်းသွားခြင်း၊ သိုလှောင်ထိန်းသိမ်းနိုင်မှု အခြေခံအဆောက်အအုံများ မပြည်စုံခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးတွင် တဖက်နိုင်ငံ၏ မူဝါဒ အပြောင်းအလဲနှင့် တင်းကျပ်စစ်ဆေးမှုများကြောင့် လယ်ယာစိုက်ပျိုးကဏ္ဍတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။
ထို့အတွက် ချင်းပြည်နယ်မှအပ တိုင်းနှင့် ပြည်နယ် ၁၄ခုရှိ ၂၈၇ မြို့နယ်၌ ကျပ် ၁၄ ဒသမ ၉၁ ဘီလီယံ သုံး၍ ကန်ထရိုက် အကျိုးတူ လယ်ယာစနစ်ဖြင့် စပါးမျိုးစေ့ ထုတ်လုပ်ရေး ဧက ၁သိန်း အကောင်အထည်ဖော်ရန်၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအတွက် ကျပ် ၄၂ ဘီလီယံ သုံးစွဲရန်၊ တိုင်းနှင့် ပြည်နယ် ၁၁ခုတွင် လုပ်ဆောင်မည့် လယ်ယာသုံးစက်ကရိယာ ဖြန့်ဖြူးရေး အစီအစဉ်တွင် ကျပ် ၁ ဒသမ ၂၅၇ ဘီလီယံ သုံးရန်၊ ငါးမွေးမြူရေးလုပ်ငန်း၌ မျိုးငါးနှင့် ငါးသားပေါက်များ ဖြန့်ဖြူးထောက်ပံ့ရေး ကျပ် ၆ ဘီလီယံခန့် သုံးရန် ရှိကြောင်းသိရသည်။
“ကိုဗစ်အလွန်ကာလမှာ ဈေးကွက်ချိတ်ဆက်ရေး၊ ကန်ထရိုက်လယ်ယာစနစ် အကောင်အထည်ဖော်ရေးနဲ့ အရည်အသွေး စစ်ဆေးတဲ့ ဓာတ်ခွဲခန်းတွေ မပြည့်စုံတဲ့အချက်တွေကို အဆင့်မြှင့်တင်သွားဖို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဆောင် ရွက်နေပြီဖြစ်ပါတယ်” ဟု ဒေါက်တာအောင်သူက ပြောသည်။
ထို့အပြင် လူဦးရေ ၆ သိန်းအထိ ဝင်ငွေရစေမည့် ကျေးရွာ အခြေခံ အဆောက်အအုံ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖော် ဆောင်ရေးအတွက် ကျပ် ၂၅ ဘီလီယံ သုံးစွဲရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များ (လူသုံးကုန်၊ စားသောက်ကုန်လုပ်ငန်း အပါ အဝင် အသေးစားလုပ်ငန်းများ) ထုတ်လုပ်မည့် သင်တန်းပေးခြင်းနှင့် ကမ်းရိုးတန်း ဒေသများ ရှိ ရေလုပ်သားများ ပင်လယ် ပြင် ဘေးအန္တရယ်ကင်းရှင်းသင်တန်းများ အပြင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်း များအတွက်လည်း ကျပ် ၁ ဘီလီယံ နီးပါး အထိ သုံးရန်ရှိကြောင်း သိရသည်။
ယင်းအစီအစဉ်များကို လက်ရှိ အကောင်အထည်ဖော်နေပြီး စက်တင်ဘာတွင် အပြီးသတ်မည်ဟု ဝန်ကြီး ဒေါက်တာ အောင်သူက ပြောသည်။
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က “တောင်သူလယ်သမားတွေအတွက် အရမ်းအရေးကြီးတဲ့ လယ်မြေမှာ ရာသီသီးနှံ ပြောင်းလဲ စိုက်ခွင့်နဲ့ မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ကို ပြင်ဆင် ရေးဆွဲထားတဲ့ လယ် ယာမြေဥပဒေအရ ခွင့်ပြုပေးထားပေမဲ့ ဒါကို လက်တွေ့မှာ ထိထိရောက် ရောက်လုပ်နိုင်ဖို့ ဝန်ကြီးဌာနက ဆောင်ရွက်ပေးဖို့ လိုပါတယ်”ဟု ဆိုသည်။
လက်ရှိ စိုက်ပျိုးရေးကဏ္ဍ၏ အဓိက စိန်ခေါ်မှုတခု ဖြစ်သော အခြောက်ခံစက်များ၊ သိုလှောင်ရုံစနစ်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန်လိုအပ်သလို သိုလှောင်ရုံများတွင် ကုန်ပစ္စည်း အပ်နှံထားသော ကုန်အပ်လက်မှတ်ကို အခြေခံပြီး ဘဏ်ချေးငွေ လျှောက်ထားနိုင်အောင် လုပ်ဆောင်ပေး သင့်ကြောင်း၊ ပြည်တွင်း၌ လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားသော နိုင်ငံခြားဘဏ်များထံမှလည်း လယ်ယာစိုက်ပျိုး ကဏ္ဍအတွက် ချေးငွေများ ရရှိနိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်း လည်း သူက ထောက်ပြပြောဆိုသည်။
ယမန်နေ့ ဇွန် ၁၇ရက်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် COVID 19 အလွန်နှင့် ယခုကာလတွင် နိုင်ငံ့ စီးပွားရေး အခွင့်အလမ်းအနေဖြင့် ခေတ်မီ စိုက်ပျိုးရေး စနစ်ဖြင့် တိုးတက်စေရန် လုပ်ဆောင် သင့်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် ဝန်ကြီးဦးသောင်းထွန်းက အမျိုးသားစီးပွားရေး စနစ် ထူထောင်ရာတွင် ကဏ္ဍစုံ ဘက်စုံမှ တိုးတက်အောင်လုပ် ဆောင်ရန် အရေးကြီးသည့် အပြင် ယခုလို ကပ်ရောဂါ ကြုံတွေ့နေရသည့် အခြေအနေတွင် နိုင်ငံ့ ရိက္ခာဖူလုံရေးအပြင်၊ ပို့ကုန်အဖြစ် တင်ပို့နိုင်မည့် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်ဟု အတိုင်ပင်ခံ ထံသို့ တင်ပြခဲ့သည်။
ကိုဗစ်အလွန်ကာလတွင် နိုင်ငံတကာဈေးကွက်၌ လိုအပ်လာမည့် ထုတ်ကုန်များနှင့် မိမိနိုင်ငံတွင် ထုတ်လုပ်မှု Potential အရှိဆုံး ကဏ္ဍများကို ဦးစားပေး ရွေးချယ် လုပ်ဆောင်သင့်ကြောင်း၊ လက်ရှိဝန်ကြီးဌာနက ဦးစားပေး လုပ်ဆောင်နေသော စိုက်ပျိုးထုတ်ကုန်များသည် ဈေးကွက်တည်ငြိမ်မှု မည်မျှရှိသည်ကိုလည်း စဉ်းစားသုံးသပ်သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ဧရာဝတီသို့ ပြောဆိုသည်။
၎င်းက “သူတို့က စိုက်ပျိုးရေးမှာ ဆန်စပါးတခုတည်း သွားလို့ မရတော့ဘူး သိလာပြီ၊ တခြားပဲတို့ ဘာတို့ကို လုပ်ဖို့ စဉ်စား မိလာပြီ၊ ဒါပေမယ့် ဥပမာ ပဲဆိုရင် ဈေးကွက် ဘယ်လောက် တည်ငြိမ်မှုရှိလဲ ဒီလောက်ပြဿနာ ခဏခဏ ဖြစ်နေတာ၊ မွေးမြူရေးမှာ ဆိုရင်လည်း ကြက်တို့ဘဲတို့ကို နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်လို့ ရတဲ့ အနေအထားလား၊ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး တကယ့် ပမာဏများများနဲ့ သွားနေတာက ဘယ်ကဏ္ဍလည်းဆိုတာ အစိုးရ တာဝန် ရှိသူတွေ စဉ်းစားသင့်တယ်”ဟု ထောက်ပြပြောဆိုသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
COVID 19 ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို