ကျပ် ၄၀ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးမှုတွင် သံသယရှိသူ အမှတ် ၉၀၃ တပ်ရင်းမှူး ဒုတိယ ဗိုလ် မှူးကြီး စောအေဝမ်းအား ရဲတပ်ဖွဲ့ထံစေလွှတ်ပေးရန် အစိုးရ၏ အကြောင်းကြားမှုကို ကလိုထူးဘောတပ်ဖွဲ့-KKO (ယခင် DKBA)ဘက်က တပတ်ကျော်အထိ တုံ့ပြန်မှုမရှိသေးကြောင်း တာဝန်ရှိသူများကပြောသည်။
ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်ကြီး-လွိုင်လင် ကားလမ်းပေါ်တွင် မေလ ၂၄ ရက်နေ့က ICE မူးယစ်ဆေး ၁၆၁၅ ကီလိုနှင့် ဖမ်းမိသူများအား စစ်ဆေးချက်အရ ဒုဗိုလ်မှူးကြီးစောအေဝမ်းအနေဖြင့် သယ်ဆောင်ရောင်းဝယ် မှုများတွင် ပတ်သက်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေနှင့်အညီ စစ်ဆေးနိုင်ရန် ရဲတပ်ဖွဲ့ထံသို့ အမြန် ဆုံးစေလွှတ်ပေးရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က လက်မှတ်ရေးထိုးကာ ဇွန်လ ၈ ရက်နေ့ရက်စွဲဖြင့် DKBA ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
DKBA ဘားအံမြို့နယ်၊ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစိုးမိုး က “စာကို ၉ ရက်နေ့က လက်ခံရရှိတော့ ဌာနချုပ် ကို ဆက်လက်ပေးပို့ခဲ့ပါတယ်၊ ခုထိတော့ ကျနော့်ဆီကိုလဲ ဘာမှပြန်လည် ညွှန်ကြားလာတာမရှိသေးဘူး၊ လုံ/နယ် ဝန်ကြီးဘက်ကိုလည်း ပြန်လည်အကြောင်းကြားတာ မရှိသေးဘူးသိရပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
ဒုဗိုလ်မှူးကြီး စောအေဝမ်းနှင့် ပတ်သက်မှုရှိကြောင်း ပြောဆိုထားသည့် မူးယစ်ဆေးဝါးအမှုမှ ဖမ်းမိထားသူများ၏ ထွက်ဆိုချက် အရ မေလ ၂၉ ရက်နေ့ကလည်း ကလောမြို့ နယ်၊ အောင်ပန်းမြို့၊ တောင်ကြီး-ကလော ကားလမ်း မဘေးတွင် ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ်တစီးအား တွေ့ရှိခဲ့ပြီး ဇော်မင်းထွေး(ခ)ကျားပေါက် ဆိုသူနှင့်အတူ ယာဉ်ပေါ်မှ ICE မူးယစ်ဆေး ၁၅၃၄ ကီလိုအား ထပ်မံဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါ တားဆီးနိမ်နှင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသို့ကွင်းဆက်ဖမ်းမိမှု ၂ ခုတွင် ICE မူးယစ်ဆေး ၃၁၄၉ ကီလိုအား သိမ်းဆည်းမိခဲ့ပြီး ၁ ကီလိုလျှင် ကျပ်သိန်း ၂၅၀ ဖြင့် အခြေခံတွက်ချက်မှုအရ မူးယစ်ဆေးဝါးများ တန်ဖိုးမှာ ၇၈.၇၂၅ ဘီလီယံခန့် (ကျပ်သိန်းပေါင်း ၇ သိန်း ၈ သောင်း ၇ ထောင်ကျော်) တန်ဖိုးရှိကြောင်း သိရသည်။
ဒုဗိုလ်မှူးကြီး စောအေဝမ်းအား ရဲတပ်ဖွဲ့ထံ စေလွှတ်ပေးထားခြင်းရှိမရှိ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကော့က ရိတ် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် ကရင်ပြည်နယ် လူဝင်မှူကြီးကြပ်ရေး ဝန်ကြီးတို့ထံ ဆက်သွယ်မေးမြန်းခဲ့ရာတွင် စစ်ဆေးခံရန် စေလွှတ်ပေးသည်ဟု မကြားရသေးကြောင်း ပြောကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး လုံးခြုံရေးနှင် နယ်စပ်ရေးရာဝန်ကြီးနှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။
တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောအေဝမ်း ဦးစီးသည့် DKBA အမှတ် ၉၀၃ တပ်ရင်းသည် ကော့ကရိတ်ခရိုင်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် အခြေစိုက်သည့် တပ်ရင်းဖြစ်ပြီး လတ်တလောအထိ စောအေဝမ်း အား ဖမ်းဆီးထိန်းသိမ်းထားခြင်း မရှိသကဲ့သို့ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ဟု သိထားရကြောင်း DKBA ဌာနချုပ်မှ ဗိုလ်မှူး စောဖားဘလဲ့(စစ်ရုံး)က ရှင်းပြသည်။
ဗိုလ်မှူးစောဖားဘလဲ့က “ဒါက လူကြီးတွေ ကိုင်တွယ်နေတဲ့ကိစ္စဖြစ်တော့ ကျနော်တို့ကို ဘာမှညွန်ကြားတာတော့ မရှိသေးဘူး၊ ဒီလိုစွပ်စွဲတာအတွက် သူတို့က ကျနော်တို့ကို ဘယ်လိုသဘောထားလဲတော့ မသိဘူးပေါ့၊ ကျနော်တို့က NCA ထိုးထားတဲ့အတွက် လူကြီးတွေကတော့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်၊ အဖွဲ့အစည်းအနေနဲ့လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသည့် ၂၅ နှစ်မြောက် DKBA တပ်မွေးနေ့အခမ်းအနားတွင် မိမိအကျိုးစီးပွားအတွက် တမျိုးသားလုံးထိခိုက်နိုင်သည့် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှု မလုပ်ကြရန်နှင့် လုပ်ကိုင်နေသူများရှိပါကလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များထံ သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းဆောင်ရွက် ကြရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက တိုက်တွန်းပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး စောမိုရှေးက “ဖွံ့ဖြိုးရေးတွေလုပ်ဆောင်ရင်းနဲ့ တဆက်တည်းမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို တ ပြိုင်တည်းလုပ်ဆောင်ဖို့ လိုပါတယ်” ဟု ပြောသည်။
ကလိုထူးဘောတပ်ဖွဲ့-KKO (ယခင် DKBA) သည် တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာ ချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး ယခုဖြစ်စဉ်သည် မူးယစ်ဆေးဝါး တားဆီးနိမ်နှင်းရေး ရဲတပ် ဖွဲ့မှ ဖမ်းမိထားသူများ စစ်ဆေးပေါ်ပေါက်ချက်အရ စောအေဝမ်းအနေဖြင့် ပါဝင်ပတ်သက်နေကြောင်း သံသယရှိ သည့်အတွက် ဥပဒေအရ စစ်ဆေးနိုင်ရန် DKBA တပ်ဖွဲ့ထံသို့ အကြောင်းထားခြင်းဖြစ်ပြီး တပ်မတော်နှင့် တိုက် ရိုက်ပတ်သက်မှုမရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူချုပ် ဇော်မင်းထွန်းက ပြောထား သည်။