ဧရာဝတီတိုင်း ဒေသကြီးတွင် ကူးစက်မြန် COVID – 19 ရောဂါ ထိန်းချုပ်ရေးအတွက် ညမထွက်ရ အမိန့်ကို ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဇွန်လ ၁၇ ရက်မှ စတင်၍ အချိန် ၂ လ သက်တမ်း ထပ်မံ တိုးမြှင့်ခဲ့ကြောင်း သတင်း ရရှိသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း COVID – 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ တိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက ဧပြီလ ၁၈ ရက်တွင် ညမထွက်ရသော ဒေသန္တရ အမိန့်များ ထုတ်ပြန်ခဲ့သည်။
အဆိုပါ အမိန့်သက်တမ်းမှာ ဇွန်လ ၁၇ ရက်တွင် ကုန်ဆုံးခဲ့ပြီ ဖြစ်၍ ဧရာဝတီတိုင်းရှိ မြို့နယ်၂၆ ခု၌ မြို့နယ် အုပ်ချုပ်ရေး မှူးများက ဒေသန္တရအမိန့် (၄/၂၀၂၀) ဖြင့် ညမထွက်ရ အမိန့်သက်တမ်းကို ၂ လတိုးမြှင့်ကြောင်း ထုတ်ပြန် ကြေညာထား သည်။
ဧရာဝတီတိုင်း COVID – 19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက“ညမထွက်ရ အမိန့်ကို ၄ လပိုင်း ၁၈ ရက်က စတင် ထုတ် ပြန်ပါတယ်။ ဥပဒေအရ ဆိုရင် ညမထွက်ရ အမိန့် သက်တမ်းက ၂ လ ဖြစ်တယ်။ ကော်မတီအနေနဲ့ ဒေသ လိုအပ်ချက် အရ အမိန့်ကို ၂ လ သက်တမ်း တိုးခဲ့တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အမိန့်အရ ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်သက်တမ်းမှာ ဧရာဝတီတိုင်း၌ သြဂုတ်လ ၁၇ ရက် အထိ တည်မြဲနေမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ ညမထွက်ရ အမိန့် စတင်ထုတ်ပြန်သည့် ဧပြီလ ၁၈ ရက် ညပိုင်းမှ စတင်ကာ ရဲတပ်ဖွဲ့ဝင်များက မြို့နယ် ၂၆ ခုတွင် လှည့်ကင်း၊ ရပ်ကင်းများ ဆောင်ရွက်၍ အမိန့် မလိုက်နာသူများအား ဖမ်းဆီးခဲ့ပြီး နောက်တနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးများက တရားလိုပြုလုပ်၍ ရာဇသတ်ကြီး ပုဒ်မ ၁၈၈ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ် တရားသူကြီးများက ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ရရှိသည့် စာရင်းအရ ဧပြီလ ၁၈ ရက်မှ ဇွန်လ ၂ ရက်အထိ ဒေသန္တရ အမိန့် ချိုးဖောက်သည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးထောင်ချခံရသူ အရေအတွက်မှာ အမျိုးသား ၄၉၂ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၅၀၅ ဦး ရှိပြီး ၎င်းတို့အား တာဝန်ရှိသူများက ပုသိမ်ထောင်၊ ဟင်္သာတထောင်၊ မအူပင် ထောင်၊ မြောင်းမြထောင် နှင့် ဖျာပုံအကျဉ်းထောင်များသို့ ပို့ဆောင်၍ အကျဉ်းချခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း၌ ညမထွက်ရ အမိန့်ကို ဧပြီလ ၁၈ ရက်က စတင်ထုတ်ပြန်ခဲ့ရာတွင် ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း ပြည်သူများအပြင်မထွက်ရန် တားမြစ်ထားခဲ့သော်လည်း မေလ ၁၅ ရက်တွင် ဧရာဝတီတိုင်း COVID – 19 ရောဂါ ထိန်းချုပ်ရေး ကော်မတီ၏ညွှန်ကြားချက်အရ ည ၁၀ နာရီမှ နောက်တနေ့နံနက် ၄ နာရီအစား ည ၁၂ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအချိန်သို့ ပြောင်းလဲ ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့တွင် တာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိ တဦးက “ညမထွက်ရ အမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီကို ဖြေလျော့ပြီးတဲ့နောက်ပိုင်းမှာ ပုသိမ်မှာ ဖမ်းဆီးရမိသူ မရှိသလောက် နည်းပါးသွားပါတယ်။ များသောအားဖြင့် ည ၁၂ နာရီ မထိုးခင် ခပ်သုတ်သုတ် အိမ်ပြန်ကြတာ တွေ့ရတယ်။ ရဲတပ်ဖွဲ့ကတော့ ညတိုင်း ၁၂ နာရီကနေ မနက် ၄ နာရီ အထိ နယ်ထိန်းအဖွဲ့တွေနဲ့ ရပ်ကင်း၊ ဝပ်ကင်းတွေနဲ့ ညတိုင်း လုံခြုံရေး ဆောင်ရွက်နေတယ်” ဟု ပြောသည်။
ရာဇသတ်ကြီး ပုဒ်မ ၁၈၈ မှာ မည်သူမဆို ပြည်သူ့ဝန်ထမ်းမှ ထုတ်ပြန်သော အမိန့်ကို သိလျက်နှင့် ဖီဆန်ပါက ထိုသူအား အလုပ်မဲ့ထောင်ဒဏ် ၁ လ အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်၂ ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ညမထွက်ရ အမိန့်အရ ဌာနဆိုင်ရာ တာဝန်ဖြင့် သွားလာသူများ၊ ကျန်းမာရေးကိစ္စ ဆောင်ရွက်သူများနှင့် နာရေးကိစ္စ ဆောင်ရွက်သူများမှအပ အခြားမည်သူမဆို ည ၁၂ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင်မထွက်ရန် တားမြစ်ကြောင်းနှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဧရာဝတီတိုင်း ဒေသကြီး၌ မေလ ၁၉ ရက်တွင် မလေးရှားနိုင်ငံမှ ပြန်ရောက်လာသူ အသက် ၂၀ နှစ်အရွယ် လူငယ်ထံတွင် COVID – 19 ရောဂါပိုး ပထမဆုံး တွေ့ရှိခဲ့ပြီး မေလ ၂၉ ရက်တွင် မလေးရှားမှ ပြန်လာသူ အသက် ၄၄ နှစ် အရွယ် အမျိုး သားထံတွင် COVID – 19 ရောဂါပိုး ဒုတိယမြောက်တွေ့ရှိခဲ့ကာ စုစုပေါင်း ပိုးတွေ့လူနာ ၂ ဦး ရှိလာပြီ ဖြစ်သည်။
ဧရာဝတီတိုင်း၏ ပထမဆုံး ပိုးတွေ့သူဖြစ်သော လူနာအမှတ် ၁၉၁ မှာ ပုသိမ်ဆေးရုံကြီးတွင် ကုသမှုခံယူပြီးနောက် ရောဂါပိုးကင်းစင်သည့် အတွက် ဇွန်လ ၈ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဧရာဝတီတိုင်း၏ ဒုတိယမြောက် ပိုးတွေ့ လူနာဖြစ်သော လူနာအမှတ် ၂၀၇ မှာ လက်ရှိတွင် ပုသိမ်ဆေးရုံကြီး၌ ကုသမှုခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
You may also like theses stories:
ပုသိမ် ကွာရန်တင်းစင်တာ၌ မူးယစ်ရမ်းကားသူ ၃ ဦး ထောင်ဒဏ် ၃ လစီ ချမှတ်
ဧရာဝတီတိုင်း၏ ပထမဆုံး COVID – 19 ပိုးတွေ့ လူနာ ဆေးရုံမှဆင်း
ဧရာဝတီတိုင်းအတွင်း ဒေသန္တရအမိန့် ချိုးဖောက်သူ ၆၀၀ ခန့်ကို ထောင်ချ