လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်း ၄ နှစ်ကျော်အတွင်း အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုခဲ့သော လယ်ယာမြေဧကသည် အရင်အစိုးရ လက်ထက်နှင့် နှိုင်းယှဉ်ပါက ထက်ဝက်သာ ရှိသည်ဟု မန္တလေး တိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောသည်။
၎င်းက “တိုင်း လူမှုစီးပွားကို အထောက်အကူ ဖြစ်မယ့် စီမံကိန်းတွေ၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို အထူးဦး စားပေးပြီး လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ကို ချထားပေးပါတယ်။ အဲဒီ အရေအတွက်ကလည်း ကိန်းဂဏန်း ချင်း နှိုင်းယှဉ်မယ် ဆိုရင် အရင် အစိုးရလက်ထက်က ချပေးခဲ့တာတွေရဲ့ ထက်ဝက်ပဲ ရှိပါတယ်” ဟု ဆိုသည်။
ဇွန်လ ၁၈ ရက်က ကျင်းပသော မန္တလေးတိုင်း လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မိတ္ထီလာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက လက်ရှိ အစိုးရ လက်ထက်တွင် လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့် ချထားပေးသည့် အခြေအနေနှင့် ဒေသခံများအား အမှန်တကယ် အကျိုးပြုမှုရှိ၊ မရှိ၊ မရှိပါက တင်းတင်း ကြပ်ကြပ် ဆောင်ရွက်ရန် အစီအစဉ် ရှိမရှိ မေးခွန်းအပေါ် ဝန်ကြီးက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မိုးက “စိုက် ပျိုးရေးကို အခြေခံတဲ့နိုင်ငံ ဖြစ်တဲ့အတွက် လယ်ယာမြေတွေကို အခြားနည်း အသုံးပြုခွင့်ချထားပေးခြင်းက နောင် အနာဂတ်မှာ စိုက်ပျိုးမြေ မလုံလောက်မှုတွေ ဖြစ်လာနိုင်ပါမယ်။ အဲဒီလို အချိန်ကျ လယ်ယာမြေ အသစ်တွေကို ပြန် ဖော်ထုတ်ဖို့လည်း မလွယ်ကူသလို တိုင်းပြည်အတွင်း စားနပ်ရိက္ခာ မလုံလောက်ရင် ပြည်ပကနေ တင်သွင်းရမယ့် အခြေအနေမျိုးတွေ ပိုမိုကြုံတွေ့လာနိုင်ပါတယ်” ဟု လွှတ်တော်တွင် တင်ပြခဲ့သည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးချခွင့်ပြုခဲ့ရာ မန္တလေးတိုင်းအတွင်း ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းများ လုပ်ဆောင်ရန် လယ်ယာမြေ အခြားနည်း အသုံးချခွင့်များအား စီးပွားရေး လုပ်ငန်းများ က လျှောက်ထား လုပ်ကိုင်လျက် ရှိသည်။
အဆိုပါ ဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ ခုနှစ်မှ ယနေ့အထိ မန္တလေးတိုင်းအတွင်း အခြားနည်း အသုံးပြုခွင့်ဖြင့် ခွင့်ပြုချ ထားပေးခဲ့သော လယ်ယာမြေဧကပေါင်း ၁၄၈၇၃ ရှိခဲ့ရာ ယခင်အစိုးရ လက်ထက်ဖြစ်သော၂၀၁၂ မှ ၂၀၁၅ ခုနှစ် အထိ လယ်ယာမြေ ၉၇၄၀ ဧက ခွင့်ပြုခဲ့ပြီး လက်ရှိ အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ ခွင့်ပြုချထားပေးခဲ့ သော ဧကပေါင်း ၅၁၃၃ ရှိသဖြင့် အစိုးရ သက်တမ်းနှစ်ခုအား နှိုင်းယှဉ်ကြည့်ပါက ခွင့်ပြုပေးမှု အခြေအနေသည် ထက် ဝက်ခန့်သာ ရှိသည်ဟု ဝန်ကြီး ဒေါက်တာ စိုးသန်းက တင်ပြခဲ့သည်။
ဒေါက်တာ စိုးသန်းက “နိုင်ငံ တနိုင်ငံကို စီမံခန့်ခွဲတဲ့ နေရာမှာ ကဏ္ဍတခုတည်းကိုပဲ ကြည့်လို့ မရပါဘူး။ ပွင့်ပွင့်လင်း လင်း ပြောရရင်တော့ အမြင်ကျယ်ဖို့ လိုပါမယ်” ဟုလည်း ထည့်သွင်း ဖြေကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးက လွှတ်တော် ကိုယ်စားလှယ်ဦးအောင်ကျော်မိုး၏ လက်ရှိ အစိုးရလက်ထက်တွင် အခြားနည်း သုံးစွဲခွင့်ဖြင့် ခွင့်ပြုချထားပေးသော လယ်ယာမြေများအား တင်းတင်းကြပ်ကြပ် ဆောင်ရွက်မှု ရှိ၊ မရှိ မေးမြန်းချက် အပေါ် ယခုလို ဆက်လက် ဖြေကြားခဲ့သည်။
“ခွင့်ပြုပြီး မြေတွေကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်မှု ရှိ၊မရှိ ဆိုတဲ့ အချက်ကို သတ်မှတ်ကာလအတွင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ရှိ၊ မရှိနဲ့ စိစစ် တိုင်းတာပါတယ်။ အဲဒါကြောင့် ဒီကိစ္စအပေါ် သီးခြား အစီအစဉ် အနေနဲ့ ချမှတ် ဆောင်ရွက်ဖို့ မရှိသေးပါဘူး” ဟု ပြောကြားသွားသည်။
၂၀၁၂ ခုနှစ်မှ ယနေ့အထိ မန္တလေးတိုင်းအတွင်း အခြားနည်း သုံးစွဲခွင့် ချထားပေးသည့် လယ်ယာမြေများအနက် ယခု အစိုးရ လက်ထက်အတွင်း ချထားပေးသော လယ်ယာမြေ ဧက ၅၀၀၀ ကျော်တွင် သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးသော ဧက ၃၁၀၀၊ ဆောင်ရွက်ဆဲ ၅၂၂ ဧက၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသော လယ်ယာမြေ ဧက ၇၂၄ ဧကရှိကြောင်း တိုင်း စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက သိရ သည်။
ထို့အတူ ယခင် အစိုးရ လက်ထက်က ချထားပေးသော လယ်ယာမြေ ဧက ၉၇၀၀ ကျော်အနက် သတ်မှတ် ကာလ အတွင်း အကောင်အထည် ဖော်ပြီးသော ဧက ၃၈၇၀ ၊ ဆောင်ရွက်ဆဲ ဧက ၃၁၂၉၊ ဆောင်ရွက်ခြင်း မရှိသော ဧက ၂၇၃၉ ရှိကြောင်း သိရသည်။
ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးနေလင်းအောင်က “လက်ရှိ အစိုးရ လက် ထက်မှာတော့ လယ်ယာမြေကို အခြားနည်း သုံးခွင့်ချပေးတဲ့ အရင် အစိုးရလိုပဲ ချတော့ချထား ပေးတယ်။ ဒါပေမယ့် ဧရိယာ ကြီးကြီးမားမား ချထားပေးလိုက်တာ သိပ်မတွေ့ရဘူး။ လက်ရှိ မန္တလေးရဲ့ မြို့ပြဖွံ့ဖြိုးမှု ပုံစံအရ ဒီမြေတွေကို အခြားနည်းနဲ့ ပြောင်း မလုပ်သင့်သေးဘူး။ မြို့မြေပေါ်မှာ အထပ်မြင့်တွေ ပြောင်းဆောက်လို့ရတဲ့ အနေအထားတွေ ရှိနေသေးတယ်” ဟု ဧရာဝတီကို ပြောသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၁ အရ အခြားနည်း အသုံးပြုရန် ခွင့်ပြုချက် ရရှိပြီးသည့်နေ့မှ ၆ လ အတွင်း လယ်ယာမြေအား သတ်မှတ်နည်းလမ်းများအတိုင်း စတင် အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလအ တွင်း လုပ်ငန်း ပြီးစီးခြင်း မရှိလျှင် သော်လည်းကောင်း ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ယင်းလယ်ယာမြေအား ပြန်လည် သိမ်းယူနိုင်သည် ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
COVID 19 ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို
မန္တလေးအိမ်ခြံမြေ ဈေးကွက် သိန်း၃၀၀ အောက် အကွက်ရိုက်မြေများ အရောင်းအဝယ်ဖြစ်
ရန်ကုန်တိုင်းအစိုးရက မြေဧကကွက်များ ထပ်မံ ရောင်းချမည်
စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးရန် အစိုးရက ကျပ် ဘီလီယံ ၉၀ ကျော်သုံးမည်