ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဆေးရုံကြီးတွင် ၂၁ ရက် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှု ခံယူနေ ရသည့် တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသား ၁ ဦးမှာ ဇွန်လ ၁၇ ရက်နေ့ညပိုင်းက ဆေးရုံ သီးသန့်ဆောင်ရှိ အိမ်သာထဲတွင် မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “ည ၆ နာရီလောက်မှာ သူဗိုက်နာတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်တို့ ဆေးတိုက်ပြီး ကုသပေးတယ်။ ည ၇ နာရီထိုးဖို့ ၅ မိနစ်လောက် အလိုကျတော့ အိမ်သာ တက်ချင်တယ်လို့ ပြောတယ်။ ကျနော်တို့ CCTV ကနေ စောင့်ကြည့်တော့ သူအိမ်သာထဲဝင်သွားတာ တွေ့တယ်။ ၁၀ မိနစ်ကျော်ကြာတဲ့အထိ အိမ်သာထဲက ထွက်မလာတော့ နည်းနည်း သံသယ ရှိလာတယ်။ အဲဒါနဲ့ အလုပ်သမား ၁ ယောက်ကို PPE ဝတ်ခိုင်းပြီးတော့ အိမ်သာတံခါး ဆွဲဖွင့်တော့ အိမ်သာထဲမှာပဲ သူ့အကျီ လက်ရှည်ကို လည်ပင်းမှာပတ်ပြီးတော့ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါအမျိုးသားမှာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှ အသက် ၂၈ နှစ်ရှိ ကိုချစ်သောင်း (ခ) ကိုချစ်လှ ဖြစ်ပြီး ၎င်းမှာ တရုတ်ပြည်မှ ပြန်လာပြီးနောက် ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏ အမျိုးသမီး မိတ်ဆွေရှိရာ ပုသိမ်မြို့သို့လာရောက်ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများကို ပြောပြသည့်အတွက် ပုသိမ်မြို့ ကွာရန်တင်းစင်တာသို့ ပို့ပေးခဲ့ကြောင်း၊ အမျိုးသမီးမိတ်ဆွေမှ ၎င်းအား လက်မခံသည့်အတွက် ကားပေါ်တွင်လည်း ကားအင်ဂျင်ဝိုင်များ သောက်၍ မိမိကိုယ်ကို သေကြောင်းကြံစည်မှု ပြုလုပ်ခဲ့သေးကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်မြို့၊ ဘက်စုံပရဟိတ လူမှုကူညီရေးအဖွဲ့မှ ကိုဝေယံအောင်က “အဲဒီလူက တရုတ်က ပြန်လာသူ ဖြစ်တဲ့အတွက် ကွာရန်တင်းစင်တာကိုပို့ဖို့ ထွေအုပ်က အကူအညီတောင်းတယ်။ အဲဒါနဲ့ ကျနော်တို့အဖွဲ့က လူနာတင်ကားနဲ့ ပို့ပေးတဲ့အချိန် ကားပေါ်မှာပါတဲ့ အင်ဂျင်ဝိုင်ဘူးကို ယူသောက်ပြီး သေကြောင်းကြံတာ လုပ်တယ်။ အဲဒါနဲ့ ချက်ခြင်းပဲ ပုသိမ်ဆေးရုံကြီးကို တန်းမောင်းပို့ခဲ့ရတာ”ဟု ပြောသည်။
အဆိုပါ လူနာမှာ ပုသိမ်ဆေးရုံ၌ နေထိုင်စဉ်ကာလအတွင်း ၎င်း၏ပုဆိုးများကို ကြိုးကဲ့သို့ကျစ်ပြီး သေကြောင်း ကြံစည်ရန် ပြင်ဆင်နေသည့်အတွက် ဆေးရုံတာဝန်ရှိသူများက လူနာ၏ပုဆိုးများကို သိမ်းဆည်းခဲ့ပြီး ၎င်းဝတ် ဆင်ရန် ဘောင်းဘီတိုများ ဝယ်ယူပေးခဲ့ကာ ဘောင်းဘီတိုဖြင့်သာ ဝတ်ဆင်နေထိုင်ရန် စီစဉ်ညွှန်ကြားခဲ့ကြောင်း သိရသည်။
ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က “သူက ဆေးရုံသီးသန့်ဆောင်ထဲမှာ အော်ဟစ် သောင်းကျန်း တယ်။ မှန်တွေထုတယ်။ ရိုက်ခွဲဖို့လုပ်တယ်။ ဆရာမတွေက မှန်တဖက်မှာရှိတော့ မြင်နေရတယ်။ အဲဒီတော့ စိတ်ငြိမ်ဆေး တိုက်တယ်။ ဒါပေမယ့် ဆေးတိုက်လည်း ခဏပဲငြိမ်တယ်။ ပြီးတော့လည်း ပြန်ပြီး သောင်းကျန်း တာတွေ လုပ်တာပါပဲ”ဟု ပြောသည်။
ပုသိမ်ဆေးရုံ၊ သီးသန့်ဆောင်၏ အိမ်သာအတွင်း၌ သေဆုံးခဲ့သည့် ကိုချစ်သောင်း (ခ) ကိုချစ်လှ၏ ရုပ်အ လောင်းကို ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်မြို့၊ မနောဖြူလူမှုကူညီရေးအသင်းက တာဝန်ယူ၍ သရောင်းချောင်းသုဿာန်တွင် သဂြိုလ်ကာ ဆွမ်းသွပ်အမျှဝေခဲ့ကြောင်း သိရသည်။
အမှုကို ပုသိမ်မြို့၊ နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
You may also like these stories:
အခြားနည်းဖြင့် သုံးစွဲခွင့်ပေးသော လယ်မြေများမှာ ယခင်အစိုးရ၏ ထက်ဝက်သာရှိ
စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်မှု လူ ၅ ဦးထက် မပိုရ
ရန်ကုန်တိုင်းအစိုးရ အသုံးစရိတ် ကျပ်ငွေ ၄၁ ဘီလျံ ဘာကြောင့်ဖြတ်တောက်ခံရသလဲ