ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ယနေ့ ညနေပိုင်းအထိ ရန်ကုန်- စစ်တွေ ကားလမ်း ပိုင်းပေါ်တွင် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ ပိတ်မိနေကြောင်း သတင်း ရရှိသည်။
ကျောက်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းက “တိုက်ပွဲဖြစ်တာက ကျနော်တို့ ရွာနဲ့ ပုဏ္ဍားကျွန်းကြား ကားလမ်းမ ဘေးနားမှာ ဖြစ်ကြတာ။ မနက် ၅ နာရီ လောက် ကတည်းက သေနတ်သံတွေကြားတယ်။ ကျနော်တို့ ရွာသားတွေလည်း အဲဒီကကတည်းက ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲမှာ ပုဏ္ဍားကျွန်းမြို့နှင့် ကျောက်ဆိပ်ကျေးရွာကြား ဂူဝဘုရားအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတလျှောက်ရှိ ကျောက်ဆိပ်၊ ပန်းနီလာ၊ ကြံခင်း၊ ယိုးငူ စသည့် ရွာများမှ ကျေးရွာသားများမှာ လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်မည် စိုးသရိမ်ကြသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲဖြစ်စဉ်အတွင်း ခရီးသည်တင် ကားတချို့ သေနတ်ထိမှန်ခဲ့ကာ ကားပေါ်တွင် လိုက်ပါလာသူ အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဒေသခံများမှ ပြောကြသော်လည်း ဒေသဆိုင်ရာအာဏာာပိုင်များထံမှ အတည်ပြုချက် မရရှိသေးပါ။
ပုဏ္ဍားကျွန်း မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က “ တိုက်ပွဲက မနက် ၇ နာရီကျော် လောက်မှာ ပစ်သံတွေ ငြိမ်သွားတယ်။ ကြိုကြားကြိုကြားတော့ ပစ်ခတ်သံတွေတော့ကြားတယ်။ ကားတွေကတော့ ဟိုဘက်ဒီဘက် ပိတ်မိ နေကြတယ်။ ဘယ်သူမှလည်း ဖြတ်မသွားရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းက အဆိုပါ ကျောက်ဆိပ် ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ဆန် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ ဧပြီလ ၁၉ ရက်နေ့ကလည်း တပ်မတော် စစ်ကြောင်းတခုက ဝင်ရောက်ကာ ရွာသား ၃၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်နေ့တွင် ရွာသား ၃၃ ဦးကို ပြန်လွှတ်ပေးကာ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နှိပ်စက်နေသည့်ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
ယခုလ ၁၁ ရက်နေ့ မနက်ပိုင်းကလည်း ပုဏ္ဍားကျွန်းမြို့ပေါ်တွင် တပ်မတော် အရာရှိ ၁ ဦး ဓားထိုးခံရပြီး တပ်ဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုဖြစ်စဉ်မှာ AA တပ်ဖွဲ့ဝင်များ လက်ချက်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
You may also like these stories:
ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ
မြောက်ဦး လက္ကာရွာ မီးရှို့ခံရ၊ နေအိမ် ၂၀၀ နီးပါး ပြာကျ