‘ဝ’ လူမျိုးများသည် လူကို သတ်ဖြတ်စားသောက်သည့် ဓလေ့ မရှိကြောင်း ‘ဝ’ အမျိုးသားပါတီ (WNP) က ပြောကြား လိုက်သည်။
ဇွန်လ ၁၄ ရက်က ကျိုင်းတုံဟစ်တိုင် ဆိုသည့် Facebook Group တခုတွင် Foe Lu ဆိုသည့် အကောင့်ပိုင် ရှင်က ကျိုင်းတုံသမိုင်း ကောက်နှုတ်ချက်ဆိုသည့် စာစုကို ရေးသားခဲ့ပြီး ယင်းစာစုတွင် ၁၂ ရာစု မတိုင်မီက မြောက်ပိုင်း ဒေသရှိ ‘ဝ’ လူမျိုးများသည် လူအချင်းချင်း သတ်ဖြတ် စားသောက်နေသော ယဉ်ကျေးမှုတွင် ရှိနေပါဦးမည်ဟု ရေး သားခဲ့သည်။
အဆိုပါ ရေးသားချက်နှင့် ပတ်သက်၍ ကျိုင်းတုံ အခြေစိုက် (WNP) ရှမ်းအရှေ့ဌာနချုပ်ခွဲမှ တာဝန်ခံ ဒေါက်တာ M ဇော် လတ်က ယင်း ရေးသားချက်သည် ‘ဝ’ လူမျိုးများကို စော်ကားသည့် အရေးအသား ဖြစ်နေသဖြင့် ကန့်ကွက်ထားကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျိုင်းတုံက ‘ဝ’ တွေနဲ့ မြောက်ပိုင်း ‘ဝ’ မတူဘူး ဆိုပြီးတော့ ရေးထားတာလေ။ လူလူချင်း သတ်ဖြတ်စားသောက်တဲ့ ယဉ် ကျေးမှု ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ဘယ်သူ့မှာမှ အဲဒီလို ယဉ်ကျေးမှု မရှိဘူး။ ဒီအရေးသားကို မကျေနပ်တာ” ဟု ၎င်းက ဆိုသည်။
ကျိုင်းတုံဟစ်တိုင်တွင် ရေးသားထားသည့် ကျိုင်းတုံ သမိုင်း ကောက်နှုတ်ချက်များနှင့် ပတ်သက်၍ WNP က ဇွန်လ ၁၅ ရက်တွင် ကန့်ကွက်စာ ထုတ်ထားသေးသည် ဟုလည်း ဒေါက်တာ M ဇော်လတ်က ပြောသည်။
အဆိုပါ ကန့်ကွက်စာတွင် ‘ဝ’ လူမျိုးများသည် လူသားစားသည့် ယဉ်ကျေးမှု မရှိသကဲ့သို့ ကျိုင်းတုံခေတ်တွင် ခေါင်းဖြတ် သော ဓလေ့များလည်း လုံးဝ မရှိဟုဆိုသည်။
ကျိုင်းတုံ ဟစ်တိုင်တွင် ဖော်ပြထားသော ရေးသားမှုများကို ဖျက်သိမ်းပြီး ရေးသားသူအနေနှင့် ပြန်လည် တောင်းပန်သင့် ကြောင်းလည်း WNP ၏ ကန့်ကွက်စာတွင် ရေးသားထားသည်။
ကျိုင်းတုံ ဟစ်တိုင်တွင် ကျိုင်းတုံ သမိုင်းကောက်နှုတ်ချက်များ စာစု ရေးသားသည့် Foe Lu ဆိုသည့် အကောင့်ပိုင်ရှင်က လည်း ၎င်း ရေးသားသည့် စာစုကို ပြန်လည် ဖြုတ်ချပြီး ဇွန်လ ၁၄ ရက်တွင် ‘ဝ’အမျိုးသားပါတီသို့ တောင်းပန်ပါကြောင်း ဆိုထားသည်။
WNP ဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးဆိုင်းပေါင်းနပ်ကမူ တောင်းပန်မှုကို WNP က ထည့်သွင်း စဉ်းစားမည်ဖြစ်ပြီး မည်သည့် အကြောင်းအရင်းကြောင့် ‘ဝ’ လူမျိုးများ လူသားစားသည်ဟု ရေးသည်ကို စာရေးသားသူကိုယ်တိုင် ရှင်းပြစေလို ကြောင်း ပြောဆိုသည်။
၎င်းက “သူတို့က တောင်းပန်လာတယ်ဆိုရင်လည်း ဒီအထောက်အထားကို ဘာလို့ ရေးတာလဲ။ ကျနော်လည်း သိချင်တယ်။ ကျနော်တို့ဆီကို ရောက်အောင်ယူလာခဲ့၊ ကျနော်တို့ ကျိုင်းတုံဇုန်ရဲ့ တာဝန်ခံကို ကျနော်ပြောထားတယ်” ဟု ဆို သည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ‘ဝ’ လူမျိုးများသည် ယခင်က လူကို ခေါင်းဖြတ်ကာ နတ်ပူဇော်လေ့ ရှိသော် လည်း လူအချင်းချင်း သတ်ဖြတ်စားသောက်မှု ပြုလုပ်လေ့ မရှိဟု ဆိုသည်။
စိုက်ပျိုးမည့် မျိုးစေ့များအား လူသွေးဖြန်းကာ ပျိုးကြဲပါက ကောက်ပဲသီးနှံများ ပိုမိုအထွက်တိုးသည်ဟု အယူအဆရှိသော ရှေးရိုးစွဲသည့် ဝ လူမျိုး အချို့သည် ကောက်စိုက်သည့် ရာသီတွင် လူခေါင်းဖြတ်ရန် လုပ်ဆောင်လေ့ရှိကြောင်း ၎င်းက ပြော သည်။
“အဲဒါကလည်း အလွန်ကို ခေတ်နောက်ကျတဲ့ တရုတ်နယ်စပ်နဲ့ ကပ်နေတဲ့ ‘ဝ’ နယ်၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းကြားမှာရှိတဲ့ ဒေသ သုံးခုလေးခုလောက်မှာ ရှိတာပေါ့။ ကျနော်တော့ အဲဒါတွေ တွေ့ခဲ့ဖူးပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောပြသည်။
ဦးသန်းစိုးနိုင်သည် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်သည့် အရှေ့မြောက်စစ်ဒေသ (ယခု ‘ဝ’ ဒေသ) တွင် တာဝန်ထမ်း ဆောင်ဖူးသည့် ကွန်မြူနစ်ဟောင်းတဦးလည်း ဖြစ်သည်။
လူအချင်းချင်း သတ်စားလေ့ မရှိသဖြင့် ယင်းသို့ လုပ်ဆောင်သည်ဆိုသည့် ပြောဆိုချက်အပေါ် WNP က ကန့်ကွက်ခြင်း သည် ကျိုးကြောင်း ဆီလျော်မှု ရှိသည် ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။
“အချင်းချင်း သတ်ဖြတ်စားသောက်တယ် ဆိုတဲ့ အဆင့်အထိ စွဲချက်ကတော့ နည်းနည်း ပြင်းထန်လွန်းပါတယ်။ အခုလို ခြုံပြီးပြောတဲ့အခါကျတော့ အမျိုးသားရေး စော်ကားခံရမှုနဲ့ အမျိုးသားရေး နာကျင်မှု ဖြစ်တာပေါ့။ အဲဒါတော့ မသင့်လျော် ပါဘူး” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း ‘ဝ’ လူမျိုးများသည် ဒုတိယ ကမ္ဘာစစ်မတိုင်မီ အစော ပိုင်းကာလတုန်းက ခေါင်းဖြတ် နတ်ပူဇော်သည့် အလေ့အထရှိသော်လည်း လူသတ်စားသည့် ဓလေ့မရှိဟု ဆိုသည်။
၎င်းက “အဲဒီ အချင်းအရာတွေက ၁၉၇၀ ဝန်းကျင် ဗ.က.ပ ဝင်လာပြီးနောက်ပိုင်းမှာ အမိန့်ထုတ်ပြီး တားတာရော။ ဝ တွေ ကိုယ် တိုင်လည်း အမြင်ကျယ်လာတဲ့ အခါမှာရော ကျနော် သိသလောက်တော့ မရှိတော့ပါဘူး” ဟု ဆိုသည်။
‘ဝ’လူမျိုးများ ပြုစု ရေးသားထားသည့် ‘ဝ’သမိုင်း စာအုပ်တွင်လည်း ‘ဝ’ များသည် လူအချင်းအချင်းသတ်ဖြတ် စားသောက် သည်ဟူ၍ မပါဘဲ ခေါင်းဖြတ် နတ်ပူဇော်သည့် ဓလေ့ ရှိဖူးကြောင်းသာ ရေးသားထားသည်။
‘ဝ’ သမိုင်းစာအုပ်၏ အခန်း ၈ တောရိုင်းနယ်စိမ်း (၁၂၄၅ – ၁၈၈၅) ဆိုသည့် အခန်းတွင်မူ ‘ဝ’ လူမျိုးအုပ်စုများသည် အတည်တကျနေထိုင်ကာ စိုက်ပျိုးစားသောက်ရန် ကြိုးပမ်းလာသည့် အချိန်တွင် စိုက်ပျိုးမည့် မျိုးစေ့များ လိုအပ်လာ ကြောင်း ရေးသားထားသည်။
ယင်းသို့ လိုအပ်လာချိန်တွင် အရှေ့အရပ်ရှိ တောင်ယာ စိုက်ပျိုးသော အခြားလူမျိုးများထံ ချဉ်းကပ်၍ မျိုးစေ့များတောင်း သောအခါ အဆိုပါ လူမျိုးများက ‘ဝ’များ စည်းလုံးလာပါက ၎င်းတို့ကို ရန်ပြုမည်ကို စိုးရိမ်သဖြင့် ပထမအကြိမ်တွင် အပင် မပေါက်နိုင်သော မျိုးစေ့များသာ ပေးခဲ့ကြောင်း ‘ဝ’ သမိုင်းစာအုပ်တွင် ဖော်ပြထားသည်။
‘ဝ’ လူမျိုးများက မျိုးစေ့ ထံမံတောင်းသော အခါ အပင်ပေါက်နိုင်သော မျိုးစေ့များကို ပေး၍ ယင်းမျိုးစေ့များကို လူခေါင်း ဖြတ်ရာမှ ရလာသော သွေးဖြင့် ဖြန်း၍ စိုက်ပျိုးပါက အပင်ပေါက်လိမ့်မည်ဟု လူမျိုးခြားများက ပြောဆိုကြသည်။၏
‘ဝ’ လူမျိုးများက ထိုနည်းလမ်းအတိုင်း လိုက်လံစိုက်ပျိုးသောအခါ မျိုးစေ့များသည် အောင်မြင် ဖြစ်ထွန်းလာသည်ဟုဆိုသည်။
ထိုအခါ ‘ဝ’ လူမျိုးအချို့သည် နတ်ပူဇော်သဖြင့် အပင်များပေါက်လာခြင်းဖြစ်သည်ဟု ယုံကြည်လာပြီး လူခေါင်းဖြတ်၍ နတ်ပူဇော်လာကြကြောင်း ‘ဝ’ သမိုင်းစာအုပ်တွင် ရေးသားထားသည်။
လူခေါင်းဖြတ် နတ်ပူဇော်သည့် အလေ့ကို ‘ဝ’ ဒေသ ရှိ ကုန်းမင်တောင် (ဂေါင်မွတ်နူ) ၏ တောင်ဘက်နှင့် အနောက်ဘက်ရှိ ရွာအချို့၊ နမ့်ခါချောင်း အထက်ပိုင်း အနောက်ဘက်ရှိ ရွာအချို့တွင် ကျင့်သုံးခဲ့ပြီး အခြား ကျေးရွာများတွင် မကျင့်သုံးကြ ကြောင်း ‘ဝ’ သမိုင်း စာအုပ်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
UWSA ကို အခြား လက်နက်ကိုင် အဖွဲ့များ အားကျနေ
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်