ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာပေါင်း ၇၃ ခုမှ အုပ်ချုပ်ရေးမှူး ၆၀ ဦးက နုတ်ထွက်စာ တင်ခဲ့သည်ဟု မြေပုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က ဧရာဝတီသို့ ပြောကြားသည်။
ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ အကြားက ပဋိပက္ခ ရိုက်ခတ်မှု ဖိအားကြောင့် ဆက်လက်တာဝန် ထမ်းဆောင်ရန် ခက်ခဲသဖြင့် ယင်းသို့ နုတ်ထွက်စာ တင်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် အုပ်ချုပ်ရေးမှူးအချို့က ဧရာဝတီသို့အတည်ပြုသည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် မြေပုံမြို့နယ်မှ အုပ်ချုပ်ရေးမှူးတဦးက “AA ဖြစ်ဖြစ် တပ်ဖြစ်ဖြစ် ရွာထဲကို လက်နက်ကိုင်ပြီး ဝင်လာရင် သူတို့ခိုင်းတာ ကျနော်တို့က လုပ်ပေးရမှာလေ။ နီးရာဓါးကြောက်ရတာကိုး။ ဒါကို အစိုးရ နားလည်မပေး ကိုယ်ချင်းစာမပေးပဲ အကြမ်းဖက်နဲ့ ဖမ်းဆီးတယ်ဆိုတော့ ဘယ်လိုလုပ်နေရဲတော့မလဲ။ တနေ့ဘယ်သူ့ဖမ်းဦးမလဲလို့ တွေးကြောက်နေရတာ။ မြို့ပေါ်တက်နေရတယ်။ နောက် မိခင်ဌာနကနေ တာဝန် ယူမှု၊ တာဝန်ခံမှု ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းတယ်ဆိုရင် သက်ဆိုင်ရာဌာနကြီးတွေက ရှင်းပေး ရမှာပေါ့”ဟု ပြောသည်။
ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က မြေပုံမြို့ရှိ အုပ်ချုပ်ရေးမှူး ၃ ဦးကို အစိုးရက ရက္ခိုင်စစ်တပ် (AA)နှင့် ဆက်သွယ်ကာ ရိက္ခာထောက်ပံ့ပေးခြင်း၊ လူသစ်စုဆောင်း ပေးခြင်းများ ပြုလုပ်သည်ဆိုသော စွပ်စွဲချက် ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးသွားခဲ့သည်။
အစိုးရဝန်ထမ်းများဖြစ်သည့် အုပ်ချုပ်ရေးမှူးများသည် လက်နက်ကိုင်တပ်ဖွဲ့ ၂ ခုကြားတွင် ညှပ်နေပြီး AA ကို ကြောက်ရသလို အစိုးရ၏ ဥပဒေကို ကြောက်နေရသဖြင့် အကြောက်တရား၊ စိုးရိမ်မှုများနှင့် မနေထိုင်လိုသဖြင့် ဇွန်လပထမအပတ်က နုတ်ထွက်စာတင်ခဲ့သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများ က ဆိုသည်။
မြေပုံမြို့နယ်တွင် ရပ်ကွက် ၁၄ ခု၊ ကျေးရွာပေါင်း ၅၉ ရွာတွင် ရပ်၊ကျေးအုပ်ချုပ်ရေးမှူးပေါင်း ၇၃ ဦးရှိသည့်အနက် ၆၀ ဦးက နုတ်ထွက်စာတင်ခဲ့ပြီး ၁၃ ဦးကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ၁၃ ဦးတွင် ၃ ဦးက အဖမ်းခံထားရပြီး ၁ ဦးက အုပ်ချုပ်ရေးမှူးရာထူးမှ နုတ်ထွက်၍ နယ်ပြောင်းရွှေ့သွားသည်မှာ ၁ နှစ်ခန့်ရှိပြီဟု မြေပုံမြို့နယ်ရှိ ထွေအုပ်ရုံးမှ သိရသည်။
မြန်မာအင်စတီကျူ (MIPS )မှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက “AA အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ အစားထိုးဖို့ ကြိုးစားလာတယ်။ သူတု့ိက ရွာတွေကို ဝင်ပြီးတော့ စားသောက် ဖို့ခိုင်းစေတာ၊ တချို့နေရာတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေ ခေါ်ပြီးတော့ လက်နက်ငယ် သင်တန်းတွေ တက်ခိုင်းတာတွေ ကျနော်တို့ ကြားရတယ်” ဟု ပြောသည်။
မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ဒေသခံများ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခန့်အပ် ထားသည့် အုပ်ချုပ်ရေးမှူးများသည် ရပ်ကျေးဖွံ့ဖြိုးရေးကအစ ကျေးရွာအတွင်းဖြစ်ပွားသည့် အမှုအခင်းများပါ မကျန် လိုက်လံဆောင်ရွက်ပေးရသော အောက်ခြေလုပ်ငန်း လုပ်ကိုင်ရသူများ ဖြစ်သည်ဟု ရှင်းပြသည်။
“နစ်နာတာကတော့ ပြည်သူတွေ နစ်နာပါတယ်။ အုပ်ချုပ်ရေးမရှိတော့ ရာဇဝတ်မှုတွေ အကြောင်း ကြားမယ့်သူ မရှိတော့ဘူး။ သူတို့မရှိရင် ရာဇဝတ်သားတွေကလည်း လုပ်ရဲကိုင်ရဲရှိလာမယ်။ နောက်ဒေသဖွံ့ဖြိုးရေးတွေမှာ အားနည်းသွားမယ်။ အုပ်ချုပ်ရေးအပိုင်းမှာလည်း မြို့ နဲ့ နယ် ကွင်းဆက်ပြတ်သွားတဲ့အခါမှာ တရားဥပဒေ စိုးမိုးရေးအပိုင်းတွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေလည်း တဖြည်းဖြည်း ပျက်စီးလာနိုင်တယ်”ဟု ဦးဖေသန်းက ဆိုသည်။
လက်ရှိတွင် နုတ်ထွက်စာတင်ခဲ့ကြသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့၏ ဖမ်း ဆီးခြင်းကို ခံရမည် စိုးသဖြင့် နယ်များသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်ဟု သိရသည်။
ထိုအတွက် သက်ဆိုင်ရာအစိုးရက ၎င်းတို့ကို စာနာနားလည်ပေးပြီး စောင့်ရှောက်ပေးပါရန်နှင့် ဖမ်းထားသည့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို အထောက်အထားမခိုင်လုံပါက အမြန်ုဆုံးပြန်လွှတ်ပေးရန် ရပ်ကျေး အုပ်ချုပ် ရေးမှူးများက တောင်းဆိုနေကြသည်။
ဒေါက်တာမင်းဇော်ဦးက “တဖက်ကလည်းအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားခြင်းအားဖြင့် ဒီနေရာမှာ ကွက်လပ် ဖြစ်သွားမယ်။ အဲဒီကွက်လပ်နေရာကို AA အနေနဲ့က သူတို့လူတွေကို အစားထိုးလိုက်တာမျိုးလည်း ဖြစ်လာနိုင်တယ်” ဟုဆိုသည်။
လက်ရှိမြေပုံမြို့နယ်မှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆၀ ဦးအပြင် ကျောက်တော်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၀ ဦးသည်လည်း လွန်ခဲ့သည့် မေလက နုတ်ထွက်စာတင်လိုက်သည်ဟု သိရသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးတချို့လည်း နုတ်ထွက်ခွင့် တောင်းခံ မှုရှိခဲ့ကြောင်း သို့သော်လည်း အဆိုပါနေရာများတွင် အစားထိုး တာဝန်ထမ်းဆောင်သူများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
ဒေါက်တာ မင်းဇော်ဦးက “လောက်ကိုင်တုန်းကဆိုရင် တပ်မတော်အုပ်ချုပ်ရေးကို ယာယီပေးပြီးတော့ လုံခြုံရေး ကိစ္စတွေ လုပ်ခဲ့တာရှိခဲ့ဖူးတယ်။ ဆိုတော့ အဲဒီပုံစံမျိုး တပ်မတော်က တောင်းနေပုံရတယ်။ အကယ်၍ ဒီလို အုပ်ချုပ်ရေးယန္တရား လုံးဝပျက်ရမယ့်အနေအထားဖြစ်မယ်ဆိုရင် အစိုးရဘက်ကလည်း တပ်မတော်အုပ်ချုပ်ရေးတို့ ဘာတို့ သူတို့အနေနဲ့လည်း ဒီလိုမျိုးတွေ စဉ်းစားတာဖြစ်ကောင်းဖြစ်နိုင်တယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “ကျနော်တို့ သိသလောက်က တပ်မတော်ဘက်က ဒါကို ဖြစ်ချင်တယ်။ အစိုးရဘက်က ဒါကို သဘောမတူသေးတဲ့အတွက် ဒီကိစ္စကတော့ မဖြစ်လာဘူး။ ဒါပေမယ့် ရေရှည်မှာဆိုလု့ိရှိရင်တော့လည်း အဲဒီလမ်းကြောင်းဘက်ကို ဦးလည်တာမျိုးလည်း ဖြစ်နိုင်တယ်” ဟုလည်း မှတ်ချက်ပြုသည်။
မြေပုံမြို့နယ်ရှိ ရပ်ကျေးများတွင် လစ်လပ်သွားသည့် အုပ်ချုပ်ရေးမှူးနေရာများတွင် ရပ်ကျေးဥပဒေအတိုင်း မဲပေးစဉ်က ဒုတိယမဲအများဆုံးရသည့်သူကို အစားထိုးခန့်အပ်ရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လစ်လပ်သွားသည့် ရပ်ကျေးအုပ်ချုပ်ရေး မှူးနေရာများတွင် လုပ်ဆောင်ရန် မည်သူမှ ဆန္ဒမရှိဟု ကြားသိနေရကြောင်းလည်း ဧရာဝတီသို့ပြောသည်။
ဆက်စပ်ဖတ်ရှူရန် –
ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်
ရွာလူကြီး ၂ ဦး အသတ်ခံရမှု အရေးယူပေးရန် မင်းပြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တောင်းဆို
စစ်တွေမြို့လယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး ဓားထိုးခံရ၊ တရားခံကို ရှာဖွေနေ
AA ကြောင့် ရခိုင်၏ အုပ်ချုပ်ရေး ယန္တရား မပျက်စီးနိုင်ဟု အစိုးရ အဖွဲ့ ရုံး ပြော