မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ စခန်းကြီးရွာအနီး တွင် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဘုန်းကြီးအား ဖမ်းဆီးထားပြီး ရွှေပန်းတောနယ်မြေရဲစခန်းမှ ပ ၂၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် အရေးယူထားပြီဟု သိရသည်။
“အထိုးခံရတဲ့သူက သေသွားတယ်။ ကာယကံရှင်တွေက လာပြီးတိုင်တာပေါ့။ လူသတ်မှုနဲ့ အမှုဖွင့် အရေးယူတယ်။ အဲဒီလူကိုလည်း ကျနော်တို့ ဖမ်းဆီးပြီး သရက်အကျဉ်းထောင်မှာ ပို့ထားပါတယ်” ဟု အောင်လံမြို့နယ် ရဲမှူးခင်စိုးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက် နံနက်ပိုင်းက စခန်းကြီးရွာအနီး သဲချောင်းတွင် ကား ၁ စီး ကျွံနေသည်ကို ဝိုင်းကူတွန်းရင်းမှ စကားများကြကြောင်း၊ ထိုကိစ္စပေါ်မူတည်ပြီး အသက် ၄၀ ကျော်အရွယ် အဆိုပါ ဘုန်းကြီးက အသက် ၁၉ နှစ်အရွယ် အမျိုးသားကို ဓားဖြင့် ရုတ်တရက် ထိုးသဖြင့် လည်ပင်းဝဲဘက်ခြမ်း၌ ထိုးသွင်းဒဏ်ရာ တချက်၊ နောက်ကျောခါး အပေါ်နား၌ ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိသွားကြောင်း၊ ၎င်းမှာ အောင်လံဆေးရုံ သို့ ရောက်ချိန် ထိုနေ့ နံနက် ၁၁ နာရီခွဲ အချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
“ပထမ သူက အဲဒီမှာ ဓားကိုင်ပြီးတော့ ရမ်းနေတာပေါ့။ ကားတစီး သဲချောင်းထဲမှာ ကျွံနေတော့ ဝိုင်းကူနေကြတယ်။ အဲဒီ မှာ ဘေးကသူတွေလည်း ဝင်လုပ်ဘာညာဆိုပြီး နည်းနည်းပြောတာဆိုတာ ကြမ်းမှာပေါ့။ အဲဒီမှာ အဲဒီကလေးလေးက လည်း သူနဲ့မဆိုင်ဘူးဆိုပြီး ရပ်နေတဲ့သဘောဖြစ်မှာပါ။ ဒါပေမယ့် အဲဒီကလေးလေးလည်း ဝင်လုပ်ပေးနေတယ်လို့ သိရ ပါတယ်။ အဲဒီမှာ ဘာမပြော ညာမပြောနဲ့ ကလေးကို ဓားနဲ့ထိုးလိုက်တာတဲ့” ဟု ရဲမှူးခင်စိုးက ဖြစ်စဉ်ကို ရှင်းပြသည်။
သေဆုံးသွားသူမှာ အစ္စလာမ်ဘာသာဝင် ၁ ဦးဖြစ်ပြီး အသက် ၁၉ နှစ်ခန့် ရှိပြီဖြစ်ကာ အောင်လံမြို့ပေါ်တွင် နေထိုင်သူ ဖြစ်ကြောင်း၊ ဓားဖြင့်ထိုးခဲ့သည့် ဘုန်းကြီးသည် အောင်မြေကုန်းရွာ ဘုန်းကြီးကျောင်းမှဖြစ်ပြီး ဝါအားဖြင့် ၆ ဝါရှိပြီ ဖြစ် ကြောင်း၊ ၎င်းသည် အရက်သေစာ သောက်စားထားခြင်း မရှိသကဲ့သို့ လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နေသလို စိတ်မနှံ့သူ ဆိုသည်မှာလည်း မမှန်ကြောင်း သိရသည်။
ထို့ပြင် ကျူးလွန်သူသည် ကိုးကွယ်သည့်ဘာသာ ကို မေးပြီးနောက်မှ သတ်ခဲ့သည် ဆိုခြင်းမှာလည်း မဟုတ်ကြောင်း၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များနှင့်လည်း အတူလက်တွဲကာ ကိုဗစ်ကိစ္စများ လုပ်ဆောင်လျက်ရှိကြောင်း၊ အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည်မှာ ကောလာဟလများဖြစ်ရာ ဖြစ်စဉ်အမှန်ကို သိရန် တာဝန်ရှိသူများကို မေးမြန်း စေချင်ကြောင်း ၎င်းက ဆိုသည်။
“ရဲကတော့ တရားစွဲ အဖွဲ့အစည်း ဖြစ်တဲ့အတွက် အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်မယ်။ သူ့ရဲ့ထိုက်သင့်တဲ့ ပြစ်ဒဏ်ရဖို့ လည်း လုပ်ရမယ့် တာဝန်ရှိတယ်။ အဲဒါကို ကျနော်တို့ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။
အောင်လံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂) ဦးအေးကျော်ကလည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးအရေးယူထားပြီဟု သိရှိရကြောင်း၊ အစ္စလာမ်ဘာသာဝင်များနှင့် ဆရာတော်များအကြား ယခုလို ဖြစ်ရပ်မျိုး မရှိခဲ့ဖူးပါကြောင်း ပြောဆိုသည်။
“လူသတ်မှုကတော့ ထင်ရှားတယ်။ အသတ်ခံရတဲ့သူက ဘာသာခြားဖြစ်တယ်။ သတ်တဲ့သူကလည်း သင်္ကန်းဝတ်နဲ့ ဖြစ် တယ်။ ဘာရန်ငြိုးရန်စမှလည်းမရှိဘဲ သတ်တော့ နောက်ဆက်တွဲ နောက်ကွယ်က ဘာတွေများ ဖြစ်နိုင်မလဲလို့ စိတ် ထင့်မိတယ်။ ၂၀၂၀ ရွေးကောက်ပွဲလည်း နီးလာတဲ့အခါကျတော့လေ” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ အရ မည်သူမဆို လူသတ်မှု ကျူးလွန်လျှင် ထိုသူကို တသက်တကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ် ထိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်လင့်
မလေးရှားရောက် မြန်မာလုပ်သားအဆုံးစီရင်မှု ၈ ဦး အထိ ရှိလာ
စစ်တွေ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရ