ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝ ကျေးရွာတွင် ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် ဦးအေးကျော်နှင့် ဒေါ်အေးခင်နု တို့ ၂ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဒဏ်ရာရရှိသူ ဦးအေးကျော်က “ကျနော်တို့ ရွာအနီး မီးရထား လမ်းဖက်က ဂျိမ်း ဆိုပြီး အသံတွေကြားပြီး ပစ်ခတ်သံ တွေကြားတယ်။ အသံတွေလည်း ဆူညံနေတာပဲ။ ကျနော်တို့ အိမ်အောက်မှာဝပ် နေကြတဲ့အခါ လက်နက်ကြီးအစ လာမှန်တာ။ လက်နက်ကြီး က ဘယ်နေရာကို ကျပြီး ဘယ်လိုမှန်တယ်ဆိုတာ ကျနော်လည်း မသိခဲ့ဘူး။ ကျောကုန်းက နာလာမှ သိတာ” ဟု ဧရာဝ တီသို့ ပြောသည်။
အလားတူ ဒေါ်အေးခင်နုမှာလည်း လက်နက်ကြီး ပစ်ခတ်သံများကို ကြား၍ အိမ်အောက်တွင် ဝပ်နေစဉ် ထိုသို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကာ ၎င်းမှာ မွေးရာပါ စကား မပြောတတ်သဖြင့် ဒဏ်ရာရရှိခဲ့သည့် အခြေနေကိုတော့ ပြန်မပြောပြနိုင်ပေ။
ဒေါ်အေးခင်နု၏ မောင်ဖြစ်သူ ဦးအောင်သိန်းထွန်း က “ကျနော် အစ်မကလည်း မွေးရာပါ စကား မပြောတတ်တော့ သေချာ မပြောပြနိုင်ဘူး။ ဘေးနားက လူတွေပြောတာတော့ သေနတ် သံကြားလို့ ရွာသားတွေ ဟို ပြေး ပုန်း၊ ဒီပြေးပုန်း၊ သူလည်း အိပ်အောက်မှာ ခေါင်းငုံ့ပြီး ဝပ်နေတဲ့ အချိန် လာမှန်တာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဒေသခံကျေးရွာသားများကတော့ ယမန်နေ့ မနက်ပိုင်းက တပ်မတော် စစ်ကြောင်း တခုက ကျေးရွာအနီးရှိ မီးရထား လမ်းဘက်မှ ကန်စောက်တောင်ခြေဘက်သို့ ပြန်သွားစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ လာခြင်း ဖြစ်ကြောင်း ပြောသည်။

လက်ရှိအချိန်တွင် ကျောကုန်းနှင့် ညာဘက် လက်မောင်း တို့တွင် ဒဏ်ရာ ရရှိခဲ့ သူဦးအေးကျော်နှင့် ညာဘက်ဒူးတွင် ဒဏ်ရာ ရရှိခဲ့သူ ဒေါ်အေးခင်နုတို့ကို အပေါက်ဝ တိုက်နယ်ဆေးရုံမှ တဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေလျှက်ရှိသည်။
ကျောက်တော်မြို့နယ်အတွင်းက အိမ်ခြေ ၁၅၀၀ နီးပါးရှိသည့် အပေါက်ဝ စံပြ ကျေးရွာတွင် ရန်ကုန်- စစ်တွေ ကားလမ်းပေါ်နှင့် ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိသော ကျေးရွာတရွာ ဖြစ်သည်။
ယခုလဆန်းပိုင်းကလည်း အဆိုပါ အပေါက်ဝ စံပြကျေးရွာအတွင်း ပစ်ခတ်မှုဖြစ် ပွားခဲ့သည့်အတွက် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော် နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်း ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန် စွာဖြစ် ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့် လာမှုနှင့်အတူ စစ်ဘေးရှောင် အရေ အတွက်မှာ ၂ သိန်းနီးပါးရှိကာ ဒေသခံပြည် သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး၊ ဒဏ်ရာ ရရှိနေမှုနှင့် အတူ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံရမှုများ လည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်း ထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ်သည်။