မန္တလေးတိုင်း အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေကြမ်းသည် တပိုင်တနိုင် ကျောက်မျက် တူးဖော်လိုသူ ဒေသခံများအတွက် လုပ်စားခွင့် ပိုနည်းသွားနိုင်မည် ဟု မိုးကုတ် ဒေသခံများက ဧရာဝတီကို ပြော သည်။
တိုင်းအတွင်း ပတ္တမြား၊ နီလာ စသည့်ကျောက်မျက် ရတနာများ အဓိက ထွက်ရှိရာ မိုးကုတ်မြို့အတွက် ရည်ရွယ် ရေး ဆွဲသည့် တိုင်း အသေးစားနှင့် လက်လုပ်လက်စား ကျောက်မျက်ရတနာ ဥပဒေ မူကြမ်းနှင့် ပတ်သက်ပြီး ဇွန်လ၂၁၊ ၂၂ ရက်တွင် တိုင်းလွှတ်တော် ဥပဒေပြုရေး ကော်မတီက မိုးကုတ်ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဒေသခံ အများစုက ဥပဒေမူကြမ်းတွင် ရေးဆွဲထားသည့် လက်လုပ်လက်စား တူးဖော်ခွင့် အတွက် ၁ ဧကထက် မပိုသော လုပ်ကွက်အား ၁ နှစ် သက်တမ်းဖြင့် ချထားပေးမည် ဖြစ်သော်လည်း ယင်းလုပ်ကွက် တူးဖော်ခွင့်အတွက် ကုမ္ပဏီ (သို့မဟုတ်) အသင်းအဖွဲ့များနှင့် ယှဉ်ပြိုင် လေလံဆွဲရမည် ဆိုသော အချက်အပေါ် အဓိ ကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးကုတ်မြို့နယ် ထာပွဲကျောက်ကုန်သည် ပွဲစားများအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်း က “ကုမ္ပဏီတွေလို ငွေအင်အား မတောင့်လို့ လက်လုပ်လက်စား လုပ်ပါတယ်ဆိုမှ သူတို့နဲ့ ပြိုင် လေလံဆွဲခိုင်းမှတော့ ဒါက ပိုဆိုးသွားပြီပေါ့။ ဥပဒေ ပြင်ဆင်ဖို့ကလည်း ပြည်ထောင်စုကို ကျော်ပြီး ပြင်ဆင်လို့ မရတော့ ပြင်နိုင်ဖို့ အခွင့်အရေးက နည်းတယ်။ ဥပဒေက ဒီပုံစံအတိုင်း ထွက်လာရင်တော့ ဒေသခံအတွက် ဘာအခွင့်အရေးမှ ရမှာ မဟုတ်တော့ဘူး” ဟု ဧရာဝတီကို ပြော သည်။
လက်ရှိတွင် တနိုင်တပိုင်ကျောက်တူးဖော်သူများအတွက် လုပ်ကွက် ချထားပေးခြင်း မရှိကြောင်း ထို့ကြောင့် နားလည် မှုဖြင့်သာ လုပ်ကိုင်နေကြရကြောင်း ဒေသခံများထံက သိရသည်။
တိုင်းလွှတ်တော်က ပြဋ္ဌာန်းမည့် အဆိုပါ ကျောက်မျက် ဥပဒေကြမ်းသည် ပြည်ထောင်စု ကျောက်မျက်ရတနာ ဥပဒေ ကို မှီငြမ်းကာ ရေးဆွဲခြင်း ဖြစ်သည့်အတွက် ဥပဒေပါ ဝေါဟာရနှင့် စကားရပ်အချို့ မသဲကွဲခြင်း၊ လုပ်ကွက်ချထားမှု ပုံစံတွင် အချို့အချက်များသည် ဒေသအခြေအနေများနှင့် မကိုက်ညီသည့်အတွက် ပြည်ထောင်စု အဆင့်ကို မကျော် လွန်ဘဲ ပြင်ဆင်နိုင်သည့် အနေအထား တရပ်ရှိပါက ပြင်ဆင်ပေးနိုင်လျှင် (သို့) တိုင်းအစိုးရက ရေးဆွဲမည့် နည်း ဥပ ဒေ၊ အမိန့်ညွှန်ကြားချက်များတွင် ဒေသနှင့် ကိုက်ညီအောင် ပြဋ္ဌာန်းပေးနိုင်ပါက ပိုအကျိုးရှိနိုင်မည်ဟု ကျောက်မျက် ဥပဒေ အကြံပြု ကော်မတီ (မိုးကုတ်မြို့နယ်) အဖွဲ့ဝင် ဖြစ်သော ဦးရဲအောင်က ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “ဥပဒေ မရှိသေးတော့ တပိုင်တနိုင် တူးနေကြတဲ့ အပိုင်းမှာ တချို့က နားလည်မှုနဲ့ လုပ်ရတဲ့ အပိုင်းလေးတွေ ရှိတယ်။ ဥပဒေ ထွက်လာရင်တော့ ဒါကို အကောင်အထည် ဖော်မယ့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက အဂတိတရား ကင်းကင်းနဲ့ ဒေသအပေါ် စေတနာထားရင်တော့ အကျိုးတခုခု တော့ ခံစားရမှာပါ” ဟု ဆိုသည်။
မန္တလေးတိုင်း လွှတ်တော် ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်က “သူတို့ တင်ပြတဲ့ အချက်အများစုက ဒီ ဥပဒေက ဒေသနဲ့ သဟဇာတ မဖြစ်ဘူးဆိုတဲ့ အချက်ကို ပြောကြတယ်။ ဒါပေမယ့် မလုပ်ဘဲ ဒီတိုင်းပစ်ထားမယ့် အစား တိုင်းအနေနဲ့ လုပ်ပိုင်ခွင့် နည်းနည်းရအောင် ကိုယ့်ဘက်က ကြိုးစားနေရတဲ့ အနေအထားပါပဲ” ဟု ဧရာဝတီကို ရှင်းပြသည်။
ဥပဒေ ပြဋ္ဌာန်းသည့်အတွက် ရရှိမည့် အဓိက အကျိုးကျေးဇူးမှာ တိုင်းလွှတ်တော်က ပြဋ္ဌာန်းမည့် ဥပဒေ တရပ်ဖြစ် သည့်အတွက် တိုင်းအစိုးရက နည်းဥပဒေနှင့် အမိန့်ကြေညာချက်များ ထုတ်ပြန်ခွင့် ရရှိခြင်း၊ ဥပဒေကြမ်းအပေါ် သက် ဆိုင်ရာ မဲဆန္ဒနယ် အလိုက် ကိုယ်စားလှယ်များက ဝိုင်းဝန်း ဆွေးနွေးကြမည် ဖြစ်ရာ ဆွေးနွေးချက်များသည် ပြည် ထောင်စု လွှတ်တော်အထိ ရောက်ရှိနိုင်မည် ဖြစ်၍ တိုင်းအတွင်း အခြေအနေနှင့် ဒေသခံများ၏ အသံကို ပြည်ထောင် စုက သိရှိနိုင်မည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ဥပဒေ မူကြမ်းအား ဇူလိုင် (သို့) သြဂုတ်လတွင် ကျင်းပမည့် ဒုတိယအကြိမ် မန္တလေးတိုင်း လွှတ်တော် ၁၉ ကြိမ်မြောက် အစည်းအဝေးတွင် ဆွေးနွေးပြီး ပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။
မိုးကုတ်ဒေသတွင် လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်များ ချထားပေးရန် ဧရိယာ ၃ ခု သတ်မှတ်ထား၍ ၂၀၁၉ ခုနှစ် မတ်လအတွင်းက တိုင်းတာရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ရာ ဧက ၈ သောင်းကျော် ရှိကြောင်း၊ မိုးကုတ်ဒေသရှိ ဒေသခံများ အလုပ်အကိုင် ရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင် တူးဖော်မှုများ မရှိစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်များ ချထားပေးရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း သတ္ထုတွင်း ဦးစီးဌာနက သိရသည်။
လက်လုပ်လက်စား လုပ်ကွက်များအဖြစ် ချထားပေးရန် လျာထားသည့် မြေများမှာ လောင်းစင်၊ ရေဝေ၊ ပင်သပြေ၊ ပိန်းမြစ် စသည့် နေရာများရှိ မြေဧကများဖြစ်ပြီး ဇုန် ၁ တွင် ၆၅၆၂၈ ဧက၊ ဇုန်၂ တွင် ၁၀၁၅၃ ဧက၊ ဇုန် ၃ တွင် ၆၄၃၈ ဧက ပါဝင်မည် ဖြစ်ကြောင်း သတ္ထုတွင်း ဦးစီးဌာနမှ ထုတ်ပြန်ပေးထားသည့် မြေပုံများတွင် ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
အခြားနည်းဖြင့် သုံးစွဲခွင့်ပေးသော လယ်မြေများမှာ ယခင်အစိုးရ၏ ထက်ဝက်သာရှိ
မန္တလေးကို နိုင်ငံ၏ အဓိက ကျောက်စိမ်းဈေးကွက်ဖြစ်ရေး ဝန်ကြီးချုပ် တိုက်တွန်း