တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ သွားရောက်သည့် တပတ်ကြာ ခရီး စဉ်ကြောင့် ၂ နိုင်ငံကြား စစ်ဘက်ဆက်ဆံရေး ပိုကောင်းလာမည် ဖြစ်ကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နေပြည်တော်လေဆိပ်မှာ ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုတော့ ကာကွယ်ရေးဝန်ကြီးကနေ ဖိတ်ကြားတာ ဖြစ် ပါတယ်။ အလည်အပတ် သွားရောက်မယ့် နေရာလေးတွေလည်း စီစဉ်ပေးထားတာ ရှိတယ်။ အခုလို ဖိတ်ကြားတဲ့အတွက် ရုရှားနဲ့ မြန်မာကြား နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးက တိုးတက်နေတဲ့ အနေအထားမှာ ရှိပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
ယင်းအခမ်းအနားသို့ တက်ရောက်ရန် ရုရှားနိုင်ငံက နိုင်ငံတကာ ခေါင်းဆောင်များကို ဖိတ်ကြားထားခြင်း ဖြစ်ပြီး နိုင်ငံတ ကာမှ သမ္မတ ၁၀ ဦးခန့် တက်ရောက်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ တပ်မတော်များမှ ကာကွယ်ရေးဝန်ကြီး၊ ကာကွယ်
ရေး ဦးစီးချုပ်တို့ တက်ရောက်မည် ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
ယခုခရီးစဉ်ကြောင့် ၂ နိုင်ငံကြား တပ်မတော်ချင်း ဆက်ဆံရေး ပိုမို ခိုင်မာလာမည် ဖြစ်ပြီး တပ်မတော်ဘက်ကလည်း မသွားမီ ကိုဗစ်-19 စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးအရ စစ်ဆေးမှုများ ဆောင်ရွက်သွားသလို ပြန်လာသည့် အခါတွင်လည်း ကိုဗစ်-19 စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရုရှားသည် မြန်မာနိုင်ငံ၏ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံး မဟာမိတ်ဖြစ်သည့်အတွက် ယခုလို အခမ်းအနားကို တပ်ချုပ်ကိုယ်တိုင် တက်ရောက်ခြင်း ဖြစ်ပြီး မူလကတည်းကပင် မြန်မာစစ်ဘက်အရာရှိများ ရုရှား နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက်ရှိကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အင်စတီကျူမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။
“တပ်ချုပ်က သံတမန် ဆက်ဆံရေးအရ ရုရှားကို သွားတာရှိတယ်။ သမ္မတ ဦးသိန်းစိန် သက်တမ်းမှာ အနောက် ဥ ရောပက အပြန်ဝင်တာတွေရှိတယ်။ စစ်ရေးပိုင်းအရ ဆိုရင်လည်း ရုရှားနဲ့ မြန်မာက မဟာမိတ်ဖြစ်တဲ့အတွက် အခုလို ခရီးစဉ်တွေက တခြားနိုင်ငံတွေထက်စာရင် ပိုများပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည်မှာ ယခု တကြိမ်ပါ ထည့်တွက်လျှင် စုစုပေါင်း ၆ ကြိမ် ရှိပြီ ဖြစ်သဖြင့် အခြားနိုင်ငံများထက် အကြိမ်ရေ ပိုများခဲ့သည်။
၂၀၁၉ ခုနှစ် တနှစ်လုံးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို စသည့်နိုင်ငံများသို့ နိုင်ငံခြား ခရီးစဉ်ပေါင်း ၁၁ ခု သွားရောက်ခဲ့ပြီး နိုင်ငံခြား ခရီးစဉ် အများစုမှာ အာရှဒေသမှ နိုင်ငံများ ဖြစ်သည်။
ထိုခရီးစဉ်များအတွင်း ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် “မော်စကို နိုင်ငံတကာ လုံခြံရေးဆိုင်ရာ ညီလာခံ” တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အင်ဒို-ပစိဖိတ်ဒေသတွင်း စစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ အလားအလာ၊ နိုင်ငံတကာအခြေအနေများစသည့် အကြောင်းအရာများ ဆွေးနွေးမှုကို အခြား တက်ရောက်လာသူများက ကျေနပ်အားရမှု ရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ပြောဆိုဖူးသည်။
ယခု ရုရှားနိုင်ငံတွင် ပြုလုပ်မည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားကို ကြီးကြီး ကျယ် ကျယ် ကျင်းပရန် ပြင်ဆင်ထားခဲ့သော်လည်း ကိုဗစ်-19 ကပ်ရောဂါကြောင့် ယာယီ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယခုလို ပြန်လည် ကျင်းပခြင်း ဖြစ်သည်။
နိုင်ငံရေးသုတေသီ တပ်မတော် အရာရှိဟောင်း ဒေါက်တာ အောင်မျိုးက မြန်မာသည် ပထဝီနိုင်ငံရေးအရ အိန္ဒိယ သမုဒ္ဒရာ ကမ်းခြေ၊ ဘင်္ဂလားပင်လယ်အော်ပေါ်တွင် တည်ရှိရာ ယင်းအချက်သည် ရုရှားအတွက် အရေးပါကြောင်း၊ ထို့ပြင် ၎င်း၏ အဓိက လက်နက်ဝယ်လက်နှင့် ဆက်ဆံရေး အလေးထားသည့် သဘောဖြစ်ကြောင်း ပြောသည်။
“အနောက်အုပ်စုက တခါတခါ ကျင်သလို ဖြစ်တဲ့ မြန်မာနိုင်ငံအတွက်တော့ သူ့အတွက် စည်းရုံးရလွယ်တဲ့ နိုင်ငံ ဖြစ် တယ်။ မြန်မာမှာက သူတို့ လက်နက်တွေကို သုံးပြစရာ နေရာလည်း ရှိနေတယ်။ ရခိုင်ပြည်နယ်မှာ စစ်ဖြစ်နေတာကိုး။ အဲဒါကြောင့် အခုလို ရင်းနှီးတဲ့ ဆက်ဆံရေးထားတယ်ဆိုတာ သဘာဝ ကျပါတယ်”ဟု ဒေါက်တာ အောင်မျိုးက
ပြောသည်။
ထို့ပြင် ရုရှားက မြန်မာ့တပ်မတော်ကို Su-30 အမျိုးအစား တိုက်လေယာဉ် ၆ စင်းရောင်းချပေးမည်ဖြစ်ကြောင်း ရုရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ မြန်မာနိုင်ငံက လက်ခံရရှိခြင်းတော့ မရှိသေးပေ။
ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေးရိုင်ဂူ မြန်မာနိုင်ငံသို့ လာရောက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသဘော တူညီ ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက လေယာဉ်တန်ဖိုး (သို့မဟုတ်) တင်ပို့ရောင်းချမည့် အချိန်ကာလတို့ကိုမူ အသေး စိတ် ထည့်သွင်း ထုတ်ပြန်ခြင်း မရှိသော်လည်း ယင်းလေယာဉ်များသည် တန်ဖိုးကြီးမားသလို အလွန်အဆင့်မြင့်ပြီး နိုင်ငံ တကာတွင် တန်းဝင်သည့် တိုက်လေယာဉ် အမျိုးအစားများ ဖြစ်သည်။
မြန်မာ့ လေတပ်ရှိ ဂျက်လေယာဉ်၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များအားလုံးသည် တရုတ်နှင့် ရုရှားနိုင်ငံထုတ် များ ဖြစ်သည်။
ရုရှားနိုင်ငံသို့ ရောက်ရှိ ပညာသင်ကြားနေသည့် တပ်မတော် အရာရှိ ၄ ဦးတွင်လည်း ကိုဗစ်-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထား ရပြီး ၁ ဦးမှာ သက်သာ ပျောက်ကင်းသွားပြီး ဖြစ်ကြောင်း၊ ကျန် ၃ ဦးမှာ ပိုးမကင်းစင်သေးသော်လည်း ကျန်းမာရေး အခြေ အနေ ကောင်းမွန်ကြောင်း တပ်မတော်မှ သိရသည်။
You may also like these stories:
အကြမ်းဖက် လုပ်ရပ်များက “တိုင်းရင်းသား အခွင့်အရေးလား” ဟု တပ်ချုပ် မေးခွန်းထုတ်
ခေါင်းဆောင်များ သတ္တိရှိရှိ ဆုံးဖြတ်ချက် ချရန် ဒေါ်အောင်ဆန်းစုကြည် ပြော
အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ရဟု တပ်မတော် ပြော