စင်္ကာပူတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ကြောင့် ဝန်ကြီးချုပ်လီရှန်လွန်းက အင်္ဂါနေ့တွင် ရုပ်သံမိန့်ခွန်းမှကြေညာကာ ပါလီမန်ကို ဖျက်သိမ်းရန် သမ္မတထံ အကြောင်းကြားထားကြောင်းပြောသည်။
မဲဆန္ဒရှင်များသည် ဇူလိုင်လ ၁၀ ရက်နေ့တွင် မဲပေးရမည်ဖြစ်ကြောင်း လီ၏ မွန့်ခွန်းအပြီး မကြာမီတွင် ရွေးကောက်ပွဲဌာနက ကြေညာသည်။ နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများကို ဇွန်လ ၃၀ ရက်နေ့တွင် တရားဝင်အမည် တင်သွင်းရမည်ဖြစ်သည်။
ရွေးကောက်ပွဲခေါ်ယူရန် နောက်ဆုံးသတ်မှတ်ထားချိန်မှာ ၂၀၂၁ ခုနှစ် ဧပြီအထိဖြစ်သည်။ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု အခြေအနေသည် ဘေးကင်းသောကြောင့် ရွေးကောက်ပွဲကျင်းပရန် ရွေးချယ်လိုက်ကြောင်း လီက သူ၏ မိန့်ခွန်းတွင်ပြောသည်။ “ကျနော်တို့ အနေအထားက အခုတည်ငြိမ်နေပြီ” ဟု သူပြောသည်။
စင်္ကာပူတွင် လူ ၄၂၀၀၀ ကျော် ကူးစက်ခဲ့သော ကိုဗစ်-၁၉ ကို အနိုင်ရသည်ကို အစိုးရက ယုံမှားသံသယမရှိကြောင်း သူ အလေးထားပြောဆိုသည်။ “ကိုဗစ်-၁၉ ကို ကိုင်တွယ်ဖို့ အထူးအစီအစဉ်တွေသာမက အခြေအနေရဲ့လေးနက်မှုကြောင့်ပါ ဒီအထွေထွေရွေးကောက်ပွဲဟာ ကျနော်တို့တခါမှ မကြုံဘူးတဲ့ အတွေ့အကြုံမျိုးဖြစ်လိမ့်မယ်” ဟုလည်း သူပြောသည်။
ကျန်ရှိနေသော ကိုဗစ်-၁၉ ကန့်သတ်ချက်များကို စင်္ကာပူတွင် ရုတ်သိမ်းလိုက်ပြီး စီးပွားရေးလုပ်ငန်းအများစု ပြန်လည်ဖွင့်လှစ်ထားသည့် ရက်အတန်ကြာတွင် သူ၏ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် လူထုစည်းဝေးပွဲကျင်းပခြင်းကို ပိတ်ပင်မှု အပါအဝင် မဲဆွယ်ရမည့် လမ်းညွှန်ချက်များကို ရွေးကောက်ပွဲဌာနက ယခင်က ထုတ်ပြန်ထားခဲ့သည်။ မဲဆွယ်ပွဲလမ်းညွှန်များသည် ၎င်းတို့ကို ထိခိုက်စေသောကြောင့် စိုးရိမ်ကြောင်း အတိုက်အခံပါတီများနှင့် လူ့အခွင့်အရေးအဖွဲ့များက လွန်ခဲ့သောအပတ်ကပြောသည်။
အာဏာရ ပြည်သူ့အရေးတော်ပုံပါတီ People’s Action Party သည် လီ၏လက်အောက်တွင် နောက်ဆုံးကျင်းပသည့် ရွေးကောက်ပွဲဖြစ်ဖွယ်ရှိသော ယခုရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ စုစုပေါင်း ၉၃ နေရာအနက် အများအပြားကို ရရှိပြီး အလွယ်တကူ အနိုင်ရမည်ဖြစ်ကြောင်း သုတေသီများက ခန့်မှန်းထားသည်။ လီသည် နောက်ရာထူးသက်တမ်းအတွက် နုတ်ထွက်မည်ဟု ၎င်း၏ ရည်ရွယ်ချက်ကို ထုတ်ဖေါ်ပြောဆိုထားသည်။ သူ့ကိုဆက်ခံမည့်သူ ဖြစ်ဖွယ်ရှိသူမှာ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဟန်ဆွေကိ ဖြစ်ပြီး သူသည် ယခင်ကလည်း ခေတ္တဝန်ကြီးချုပ်အဖြစ် တာဝန်ယူဖူးသည်။
အခြေအနေကို ရှင်းရှင်းလင်းလင်းဖြစ်စေရန်နှင့် လာမည့် အစိုးရအနေဖြင့် ဖြစ်ပေါ်နေသော အကျပ်အတည်းကို အာရုံစိုက်ကိုင်တွယ်နိုင်ရန် ရွေးကောက်ပွဲခေါ်ယူခြင်းဖြစ်ကြောင်း လီပြောသည်။
၁၉၆၅ ခုနှစ်တွင် စင်္ကာပူသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာပြီးနောက်မှ စပြီး PAP ကို မည်သည့်ပါတီမျှ အနိုင်မရသေးပေ။ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ကျင်းပသည့် နောက်ဆုံးရွေးကောက်ပွဲတွင် အာဏာရပါတီသည် နေရာစုစုပေါင်း ၈၉ နေရာအနက် ၈၃ နေရာတွင် အနိုင်ရသည်။
လူငယ်နိုင်ငံရေးသမား မျိုးဆက်များက ၎င်းတို့သည် ကိုရိုဗိုင်းရပ်နှင့် အခြား စိန်ခေါ်မှုများအကြားမှ စီးပွားရေးကို လမ်းညွှန်ပေးနိုင်ကြောင်း မဲဆန္ဒရှင်များကို ပြသရန်ကြိုးစားမည်ဖြစ်သောကြောင့် PAP ၏ သြဇာလွှမ်းမိုးမှုရှိသော်လည်း ယခုရွေးကောက်ပွဲသည် အရေးပါသော ရွေးကောက်ပွဲဖြစ်သည်ဟု သတ်မှတ်ထားသည်။ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုသည် ယခုနှစ်အတွင်း ၄ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ကြောင်း မျှော်လင့်နေကြပြီး ကူးစက်ရောဂါကြောင့် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရသည်။
စင်္ကာပူတွင် အသက် ၂၁ နှစ်နှင့်အထက်လူများသည် မဲမပေးမနေရဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၂.၆၅ သန်းမဲပေးခွင့်ရှိသည်။
ကိုးကား ။ ။ Nikkei Asian Review, CNA
You may also like these stories:
စင်ကာပူ ရွေးကောက်ပွဲ မဲဆွယ်မှု လူ ၅ ဦးထက် မပိုရ