ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်း(နဝရတ် စတူဒီယို) တို့အား စွဲချက် တင်/ မတင် ဆုံးဖြတ်ရန် နှစ်ဖက် လျှောက်လဲကြားနာမှုကို ဇွန် ၃၀ ရက်တွင် ပြုလုပ်မည်ဟု မရမ်းကုန်းမြို့နယ် တရားရုံး၊ သတင်းနှင့် ပြန်ကြားရေး အရာရှိ၊ တရားသူကြီး ဦးမိုးဆွေက ပြောသည်။
၎င်းတို့အား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့ရုံးချိန်းတွင် အဆိုတော် မျိုးကြီး(ခ) ဦးမျိုးမင်းဌေးနှင့် အမှုစစ် ဒုရဲမှူး စိုးနိုင်တို့အား စစ်ဆေးခဲ့ပြီးနောက် တရားလိုပြ သက်သေများ စစ် ဆေးပြီးစီးပြီ ဖြစ်သည်။
အမှုတွင် တရားလိုပြသက်သေ ၁၄ ဦး တင်ပြထားခဲ့သော်လည်း အဆိုတော် မျိုးကြီး၏ ဇနီးဖြစ်သူ မဇင်မာလွင်နှင့် အခြားသူ တဦးအား သက်သေစာရင်းက ပယ်ဖျက်ခဲ့သည့်အတွက် စုစုပေါင်း တရားလိုပြ သက်သေ ၁၂ ဦးအား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
တရားသူကြီး ဦးမိုးဆွေက “ယနေ့ ရုံးချိန်းမှာ မဇင်မာလွင်အား အမှုလိုက် ဥပဒေအရာရှိက တရားလိုပြသက်သေ အဖြစ်မှ ပယ်ခဲ့သဖြင့် စစ်ဆေးခဲ့ခြင်း မရှိပါဘူး။ တရားလိုပြ သက်သေများ စစ်ဆေးပြီးစီးပြီ ဖြစ်တဲ့အတွက် စွပ်စွဲခံရသူများကို စွဲ ချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက် ကြားနားရန် ဇွန်လ ၃၀ ရက် ပြန်ချိန်းထားပါတယ်” ဟု ပြောသည်။
COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လူစုလူဝေးဖြင့် အခမ်းအနားများ မလုပ်ရန် တားမြစ်ထားသည့် ဧပြီလ ပထမပတ်အတွင်း၌ စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့သည် မရမ်းကုန်းမြို့နယ် အမှတ် ၇ ရပ်ကွက်၊ ကမာ္ဘအေး ဘုရားလမ်းပေါ်ရှိ ညီအစ်ကိုများ အသင်းတော်ဝင်း အတွင်းရှိ အခန်းတခုတွင် လူစုဖြင့် အင်တာနက်တွင် တိုက်ရိုက်ထုတ် လွှင့်(Live)ခြင်း ပြုလုပ်ခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းအောင်က တရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
တရားလို ဖြစ်သူ ဦးရဲဝင်းအောင်က “သက်သေခံ အနေနဲ့က အခွေ ၄ ခွေ၊ အထဲမှာ သူတို့ ကိုဗစ်ကာလမှာ Live လွှင့် ထားတဲ့ ဖိုင်တွေ ပါတယ်။ ဖိုင်တွေမှာလဲ လွှင့်တဲ့ ရက်စွဲတွေ ပါနေတာပဲ။ အဲဒီဖိုင်တွေမှာ အဆိုတော် မျိုးကြီးတို့ ပါနေ တာကိုလည်း တွေ့ရတယ်” ဟု ပြောသည်။
အင်တာနက်တွင် တိုက်ရိုက်လွှင့်တင် ဟောပြောမှု အခမ်းအနားနှင့် ပတ်သက်ပြီး စောဒေးဗစ်လား၊ ဦးဝေထွန်း၊ တရား လိုပြသက်သေ အဆိုတော် မျိုးကြီးနှင့် ဇနီးဖြစ်သူတို့ ကိုယ်တိုင် COVID-19 ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီး အခမ်းအနား တက်ရောက်ခဲ့သူများနှင့် ဆက်စပ်၍လည်း ရောဂါကူးစက်ခံရသူ ၈၀ ဦးခန့် ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်များ အရ သိရသည်။
ထို့ပြင် COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလဖြစ်သည့် မတ်လ ၂၂ ရက်က အင်းစိန် မြို့နယ်၊ ကြို့ ကုန်းအရှေ့ရပ်ကွက်၊ ကျမ်းစားသင်ကျောင်းလမ်းရှိ ဘုရားကျောင်းတွင် လူစုဖြင့် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည့် သင်းအုပ်ဆရာ စောကွယ်ဝါးနှင့် အမှုတော်ဆောင် စောရေဂန်ဒီ တို့ကိုလည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် အင်းစိန်မြို့နယ် တရားရုံးတွင် တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
၎င်းတို့အား စွဲဆိုထားသည့် ၂၀၁၃ ခုနှစ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “မည်သူဆို ဆန်း စစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာ ကျရောက်နိုင်သည်ကို သိ လျက်နှင့် တမင် ပြုလုပ်မှုကြောင့် ဖြစ်စေ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် (သို့) ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထို သူကို ၃ နှစ် ထက်မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ယနေ့ ဇွန်လ မနက်ပိုင်းအထိ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားသူ ၂၉၁ ဦး ရှိပြီး ၎င်းတို့အနက် ပြန်လည် သက်သာကောင်းမွန်လာသူ ၂၀၀ ဦး ရှိပြီး သေဆုံးသူ ၆ ဦး ရှိပြီ ဖြစ်သည်။