မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားများ နေရပ် ပြန်နိုင်ရေးအတွက် နိုင်ငံသားစိစစ်မှု ပြုလုပ်ရမည်ဖြစ်ရာ လျှောက်လွှာဖြည့်စွက်ပြီး သံရုံးသို့ ပေးပို့ကြရန် ကွာလာလမ်ပူမြို့ရှိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်ကြေညာသည်။
“တရားမဝင်တဲ့သူတွေကိုလည်း ပြန်ခေါ်မယ်ဆိုတော့ ပြန်ခေါ်ဖို့အတွက်က ကျနော်တို့ဘက်ကနေ CI ထုတ်ပေးရမှာပေါ့။ မြန်မာနိုင်ငံလာဖို့အတွက် မလေးရှား Immigration ကနေဖြတ်ရမှာပေါ့။ ဖြတ်ရမယ်ဆိုရင် Certificate of Identity Travel Document တခုခု ထုတ်ပေးရမှာ။ အဲဒါကြောင့် ကျနော်တို့က အဲဒီလူတွေကို Certificate of Identity ထုတ်ပေး မယ် ဆိုပြီးပြောတာ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးအောင်မြင့်က ပြောသည်။
ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Datuk Zahairi Bin Baharim နှင့် ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်တို့သည် မလေးရောက် မြန်မာလုပ်သားများအရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
“သံအမတ်ကြီး ၁ ယောက် အနေနဲ့ကတော့ ဒီမှာရောက်နေတဲ့ သူကတော့ အစိုးရလုပ်တာကို တခါတည်း ဆုံးဖြတ်လို့ မရဘူးလေ။ သူ့ Immigration က သဘောထားကို နောက်မှ သိရမှာပေါ့။ သူတို့ ဘယ်လိုဆုံးဖြတ်လဲ ဆိုတာကို။ မနေ့ကတော့ သူတင်ပြပေးမယ်ပေါ့ အဲဒီလိုပြောတယ်”ဟု ဦးအောင်မြင့်က ပြောသည်။
ထို့ပြင် မလေးရှားအစိုးရ အနေဖြင့်လည်း တရားမဝင် ရောက်ရှိနေသူများကို ကိုဗစ်ကြုံတွေ့နေရသည့် ကာလအတွင်း ဒဏ်ကြေးများ မကောက်ခံဘဲ ပလပ်ပေးရန်လည်း တောင်းဆိုထားကြောင်း သိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် တရားဝင်သာမက တရားမဝင် အလုပ်သမားများကိုပါ နေရပ်ပြန်လာပါက ပြန်လည်လက်ခံ နေသော်လည်း မလေးရှားရောက် တရားမဝင် အလုပ်သမားများအနေဖြင့် မလေးရှားအစိုးရက ခွင့်ပြုမှသာ ပြန်ရနိုင်သည့် အခြေအနေတွင်ရှိကြောင်း၊ ယင်းသို့ တရားမဝင် အလုပ်သမားများ နေရပ်ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်က မလေးရှားအစိုးရကို တင်ပြမည်ဖြစ်ကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။
ထို့ကြောင့် မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား များအား နေရပ် ပြန်လည်ပို့ဆောင်ရန် အစီအစဉ် စတင်ဆောင်ရွက်သည့်အခါ အဆင်သင့်ရှိနေစေရန် အတွက် နိုင်ငံသားစိစစ်မှု ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ မြန်မာအစိုးရသည် မလေးရှား အစိုးရနှင့် ညှိနှိုင်းလျက်ရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။
မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများအနေဖြင့် အလုပ်လက်မဲ့ ပြဿနာအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရပြီး သေကြောင်းကြံစည်မှုများပင် ကြုံတွေ့နေရပြီး ၂ လအတွင်း အဆုံးစီရင်သူ ၈ ဦးခန့် ရှိနေပြီဟု မလေးရှားရောက် မြန်မာအလုပ်သမားများထံမှ သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကပုန်း ၇ ရက်သားသမီး နားရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက “အခုက မလေးရှားမှာ ရွှေ့ပြောင်းအလုပ်သမားတွေပဲ ဆက်တိုက်သေတယ်။ အလုပ်အကိုင်မရှိကြဘူး။ လူတွေ အလုပ်လျှော့ ဆင်းခိုင်းတယ်၊ တချို့ကုမ္ပဏီကြီးတွေဆို ဒေဝါလီခံတယ်။ အလုပ်သမားတွေအတွက်က အလုပ်အကိုင်အတွက် အခက်အခဲ ရှိနေတယ်” ဟုပြောသည်။
မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မြင့်ကလည်း “အလုပ်အကိုင်က မရှိကြတော့ဘူး။ နေစရာ လည်း မထားတော့ဘူး။ သူတို့ကိုယ်တိုင်က အိမ်လခ မပေးနိုင်တာတွေ အလုပ်အကိုင်မရှိတာတွေ နောက်တခုက ကျန်ရစ် ခဲ့တဲ့ မိသားစုရဲ့ စားဝတ်နေရးတွေ ပါမှာပေါ့။ လူမှုရေး ကိစ္စတွေလည်း ပါလိမ့်မယ် အားလုံးက အဆင်မပြေ အခက်အခဲ ဖြစ်နေတဲ့ အခါမှာ သူတို့ဒီလမ်းကိုရွေးလိုက်တဲ့ သဘောဖြစ်သွားတာပေါ့”ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရားဝင် အလုပ်သမား နှင့် တရားမဝင် အလုပ် သမား စုစုပေါင်း ၇ သိန်းခန့်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားပြီး အားလုံးနီးပါးမှာ အလုပ်လက်မဲ့ ပြဿနာကို ကြုံတွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်လင့်-
မလေးရှားရောက် မြန်မာလုပ်သားအဆုံးစီရင်မှု ၈ ဦး အထိ ရှိလာ
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ
မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုလည်း ကူညီပါ
အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀၀ ခန့် မလေးရှား ပြန်ပို့