လာမည့် နိုဝင်ဘာလတွင် ကျင်းပရန်ရှိသည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်သားများကို လွတ်လပ်စွာ မဲပေးခွင့်ပြုထားရာ ၎င်းတို့၏ စိတ်သဘောထားအရ မည့်သည်ပါတီကိုမဆို လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ယနေ့ နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်တွင် ကျင်းပသည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ ပြောနိုင်တာကတော့ တပ်မတော်သားများကို ဘယ်ပါတီကို မဲပေးပါ။ ဘယ်ပါတီကို မပေးပါနဲ့။ ဘယ်ဟာကို လုပ်ပါဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ သူ့ရဲ့ စိတ်ဆန္ဒ၊ သူ့ရဲ့ စိတ်သဘောထားအရ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိ ပြီးသား ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ မည်သူ့ကို ထောက်ပံ့ပေးရမည်၊ မည်သူ့ကို ဘာလုပ်ပေးရမည် ဆိုသည့် သီးခြား မူဝါဒ မရှိကြောင်း၊ ပါတီများ အားလုံးအပေါ်တွင် တသဘောတည်း ထားရှိကြောင်း တပ်မတော်က ပြော သည်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်။ ပြည်သူလူထုတွေအားလုံး မဲပေးနိုင်ဖို့ အရေးကြီးတယ်။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ တပ်မတော်အနေနဲ့ ကူညီဆောင်ရွက်နိုင်တာမှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းခါစ ကာလက အယူဝါဒများ တပ်မတော်အတွင်း ကွဲပြားခဲ့သဖြင့် တပ်မတော် တပ် ရင်းတပ်ဖွဲ့ တချို့ တောခိုခြင်းများ ရှိခဲ့၍ တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့ များ၏ အဝန်းအဝိုင်းအတွင်း၌မူ မဲဆွဲ စည်းရုံး ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
“ဒါယခင်ကတည်းကတိုင် ရှိခဲ့ပါတယ်။ ဝင်ရောက်စည်းရုံးတာတော့ မဟုတ်ပါဘူး။ ကွန်မြူနစ်အဖွဲ့ တွေ တောခိုသွားတာ ရှိပါတယ်။ ဒါကြောင့် ဒီနိုင်ငံရေးနဲ့ ပတ်သက်လာရင် နိုင်ငံရေးပါတီများနဲ့ ပတ်သက်လာပြီးတော့ တပ်တွင်းမှာ မဲဆွယ် စည်းရုံးတာတော့ မဖြစ်နိုင်ဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းတို့ NLD ပါတီက တပ်တွင်းမဲရုံတချို့ကို ဝင်ရောက်ခွင့်မရခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီက တပ်တွင်းသို့ ဝင်ရောက် ဟောပြောပွဲ လုပ်ခဲ့သည်ကို တွေ့ ခဲ့ရဖူးကြောင်း၊ ယင်းရွေးကောက်ပွဲတွင် တပ်မတော်မဲ အများစု ကို ကြံ့ခိုင်ရေးပါတီက ရရှိခဲ့ကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
“ကျနေ်ာတို့ တပ်မဲရုံတရုံမှာ ၅ မဲ ၆ မဲထက် လုံးဝ မပိုဘူး။ ကျန်တဲ့မဲတွေက USDP ပဲ ရသွားတာ။ ဒါပေမယ့် အခု မဲရုံတွေ အပြင် ထုတ်လိုက်တဲ့အတွက် အရင်ကထက် နည်းနည်းတော့ ပိုရနိုင်တယ်။ အားလုံးကတော့ လွတ်လွတ်လပ်လပ် ပေး ခွင့်ရမှာ မဟုတ်ဘူး။ USDP နဲ့ တပ်မတော်နဲ့ကလည်း တနေရာတည်းကနေ လာတာကိုးဗျ။ တပ်ကပဲ မွေးဖွားပေး လိုက်တာ။ အဲဒါကြောင့် တပ်မဲ အများစုက သူတို့ပဲ ရမှာ”ဟု ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
တပ်မဲအားလုံး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီက ရရှိသည်ဆိုသည့် အချက်ကို လက်မခံကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင်စစ်တက္ကသိုလ်များစွာရှိသည့် ပြင်ဦးလွင်တွင် ၎င်းတို့ပါတီ ရှုံးနိမ့်ခဲ့သည်မှာ တပ်မဲ မရခြင်းကြောင့် ဖြစ်ကြောင်း ယင်းပါတီ၏ ပြောခွင့်ရသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“ကျနော်တို့က တပ်မတော်သားမိုလို့၊ ဆရာမမိုလို့ မဟုတ်ဘူး။ ကျနော်တို့ရဲ့ Target က မဲပေးတဲ့ နိုင်ငံသားတိုင်းရဲ့ မဲ ရအောင် ဆောင်ရွက်သွားမယ်။ တပ်မတော်သားတွေမိုလို့ မဲပေးပါလို့ အထူးပြောချင်တာမျိုး မရှိဘူး”ဟု ပြောသည်။
သို့သော် တပ်မဲရုံများကို အပြင်သို့ ထုတ်လိုက်သဖြင့် တပ်မတော်သားများ၊ တပ်မတော်သား မိသားစုများ၏ အင်အား စာရင်းကို ရွေးကောက်ပွဲ ကော်မရှင်မှတဆင့် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများ သိရှိသွားနိုင်သဖြင့် နိုင်ငံ၏ လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားရန် လိုကြောင်း ၎င်းက ထောက်ပြသည်။
“တပ်မဲရုံတွေကို အပြင်ထုတ်သည် ဖြစ်စေ၊ အထဲမှာ ထားသည်ဖြစ်စေ တပ်မတော်သားတွေရဲ့ စိတ်ဆန္ဒကို အပြောင်းအလဲ လုပ်နိုင်မှာ မဟုတ်ဘူး။ အရင်တုန်းက တပ်မဲရုံတွေ တပ်ထဲမှာ ရှိတုန်းကလည်း NLD ကို ထောက်ခံတဲ့ တပ်မတော်သားမဲတွေ ရှိတာပဲ။ ကြိုတင်မဲတွေကလည်း NLD ၊ ပြည်ခိုင်ဖြိုးမဲတွေ ရှိတာပဲ”ဟု ဒေါက်တာ နန္ဒာလှမြင့်က ရှင်းပြသည်။
၎င်းတို့ ပါတီ၏ တပ်မတော် အပေါ် သဘောထားမှာ နိုင်ငံတည်ငြိမ်အေးချမ်းရန် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်၍ တပ်မတော်သားများနှင့် ယုံကြည်မှု တည်ဆောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် လက်တွဲသွားရန်၊ ပြည်သူကို ချစ်သဖြင့် တပ်မတော်နှင့်အဆင်ပြေအောင် နေပြီး နိုင်ငံတည်ဆောက်ရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း ဆိုသည်။
သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ ၎င်း၏ အတွေ့အကြုံအရ ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲ ၂ ခုလုံးတွင် တပ်မတော်သားများသည် လွတ်လပ်စွာ မဲပေးခွင့် မရခဲ့ကြောင်း၊ တပ်မဲရုံများ၏ မဲလက်မှတ်များကို ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးသည့်အခါ မဲစာရွက်တွင် ခြစ်သည့် လက်ရေးက တထေရာတည်း ဖြစ်နေကြောင်း ပြော သည်။
“တယောက်တည်းက ထိုင်ခြစ်နေသလိုမျိုး ဖြစ်နေတာ။ တကယ်ပဲ လွတ်လွတ်လပ်လပ် ပေးခွင့်ပြုမယ်ဆိုရင် ကောင်း တာပေါ့။ အခုလို တပ်မဲရုံတွေကို အပြင်ထုတ်လိုက်တဲ့အတွက် တယောက်တည်းက ထိုင်ခြစ်ပြီး မဲပေးတာမျိုးတော့ မဖြစ်နိုင်တော့ဘူး။ ကြိုပြီးမှာလိုက်ရင်တော့ မသိဘူး”ဟု ဦးရဲထွန်းက ပြောသည်။
ထို့ပြင် တပ်တွင်းက မဲရုံများကို အပြင်သို့ သီးသန့်မထုတ်ဘဲ အရပ်ဘက် မဲရုံများနှင့်အတူ ထားရှိပြီး မဲပေးခိုင်းပါက ပို၍ လွတ်လပ်နိုင်ကြောင်း၊ တပ်တွင်းမဲရုံများကို အပြင်တွင် သပ်သပ်ထား၍ မဲပေးခိုင်းပါက သိပ်မလွယ်နိုင်ကြောင်းလည်း ဆိုသည်။
“ငါတို့ မဲရုံတွေမှာ ကြံ့ခိုင်ရေး မနိုင်ရင်တော့ မင်းတို့ ဘာဖြစ်မယ်ဆိုတာမျိုး ရှိရင်တော့ မလွယ်ဘူး။ အဲဒါမျိုးက ထွက်လာတဲ့ ရလဒ်ကို ကြည့်ရမှာ။ တကယ် လွတ်လပ်မှု ရှိ၊ မရှိဆိုတာ။ တခုခုကို ပုံခြစ်ထားတယ်ဆိုရင်တော့ သဘာဝ မကျတော့ ဘူး”ဟု ၎င်းက ထောက်ပြသည်။
၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် တပ်မတော် အရာရှိကြီးများ အငြိမ်းစားယူပြီးလျှင် ကြံ့ခိုင်ရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်လေ့ ရှိခဲ့သဖြင့် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း တပ်မတော် အရာရှိကြီးများ အငြိမ်းစား ယူ၍ ရွေး ကောက်ပွဲ ဝင်ပြိုင်မလားဆိုသည့် မေးခွန်းကို အချိန်တန်လျှင် သိရမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တုန့်ပြန် ခဲ့သည်။
၂၀၂၀ ခုနှစ် မတ်လထိ ပြုစုထားသည့် စာရင်းများအရ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံ မဲစာရင်းများ ထည့်သွင်းရန် ကျန် ရှိသေးကြောင်းနှင့် မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲ မတိုင်မီ ကြေငြာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
UEC ၏ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည့် ပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားပါတီ ၃ ပါတီ ရှိကြောင်း သိရသည်။
You may also like these stories:
စင်ကာပူ ရွေးကောက်ပွဲ ဇူလိုင်မှာ ကျင်းပမည်
၈၈ မျိုးဆက်များ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်သူ့ပါတီ တိုက်တွန်း