မလေးရှားနိုင်ငံရောက် တရားမဝင် အလုပ်သမားများ အနေဖြင့် နေရပ်ပြန်ရန်အတွက် နိုင်ငံသားစိစစ်မှု လျှောက်လွှာ စတင်ဖြည့်ခိုင်းသည့်နေ့မှ ယနေ့အထိ ၃ ရက်တာ အတွင်း စာရင်း ပေးပို့သူဦးရေ ၁၅၀၀ ကျော်ပြီ ဖြစ်ကြောင်း မလေးရှား ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ သိရသည်။
သံရုံးအုပ် ဦးနိုင်မင်းက “အီးမေးလ်ကတော့ ဝင်နေတာပဲ ဆက်တိုက်။ အချက်အလက် ပြည့်စုံ တာလည်း ရှိတယ်။ တချို့ ကျတော့လည်း အချက်အလက် လိုနေတာတွေ ရှိတယ်။ အဲဒါတွေကျတော့ ကျနော်တို့ ပြန်ဆက်သွယ်ပြီးတော့ ပြည့်စုံ အောင် ဖြည့်ခိုင်းရမှာပေါ့” ဟု ပြောသည်။
မလေးရှားနိုင်ငံတွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား နေရပ် ပြန်လည်ပို့ဆောင်ရန် အစီအစဉ် စတင်ဆောင်ရွက်သည့်အခါ အဆင်သင့်ရှိနေစေရန် အတွက် နိုင်ငံသားစိစစ်မှု ပြုလုပ် မည်ဖြစ်ရာ လျှောက်လွှာဖြည့်စွက်ပြီး သံရုံးသို့ ပေးပို့ကြရန် ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
သံရုံးမှ ဖြည့်ခိုင်းသည့်ဖောင်မှာ ကိုယ်ရေးအချက်အလက်များ၊ မြန်မာနိုင်ငံတွင် ရှိနေသည့် မိဘ၊ ဆွေမျိုးနှင့် မိတ်ဆွေ အချို့၏ လိပ်စာ၊ ဖုန်းနံပတ်များ အပါအဝင် အချက် ၉ ချက်၊ လက်ဗွေရာနှင့် လက်မှတ်တို့ ဖြစ်ပြီး စာရင်းပြုစုထားမည် ဖြစ်ကြောင်း သိရသည်။
တရားမဝင် အလုပ်သမားများကမူ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အချက်အလက်တောင်းခံမှု အချို့မှာ အခက်အခဲရှိနေကြောင်း မလေးရှားရောက် တရားမဝင် အလုပ်သမား ကိုအောင်သီဟက ပြောသည်။
“သူတို့ထုတ်ပြန်ထားတဲ့ အချက်တွေအပြင် တောင်းတာတွေ ရှိနေတာ။ ကိုယ်တိုင်သွားတော့မှ သိရတာ။ နိုင်ငံတော်အစိုးရ ကို အရမ်းလည်း ကျေးဇူးတင်တယ်။ ကျနော်တို့အတွက်ကို အများကြီး ကြည့်ပါတယ်။ ပြန်ဖို့အတွက်ကို ၇၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းဆိုရင်ကို ဝမ်းသာပါတယ်။ နိုင်ငံတော်က လုပ်ပေးပေမယ့် အောက်ခြေ သံရုံးက ကိုယ့်ဘက် လုံးဝမပါဘူး အဲဒါကို ပြောချင်တယ်”ဟု ကိုအောင်သီဟ က ပြောသည်။
တရားမဝင်လုပ်သားအများစုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အပြင်မထွက်လိုသော်လည်း လက်မှတ်၊ လက်ဗွေရာများ ထည့်ပေးရမည်ဆိုသည့်အချက်အပြင် ဓာတ်ပုံတောင်းခြင်း၊ မလေးရှားဖုန်းနံပတ် တောင်းခြင်းကလည်း အခက်တွေ့ စေကြောင်း သိရသည်။
ဆက်လက်ပြီး ကိုအောင်သီဟ က “ဓာတ်ပုံထုတ်လို့ မတတ်တာနဲ့ ဖောင်မထုတ်တတ်တာ၊ အီးမေးလ်မပို့တတ်တာနဲ့ အများကြီး၊ အများကြီး ဒီမှာ တကယ်ခံစားရသူတွေက မလွယ်ဘူး။ သံရုံးအနေနဲ့ ခိုင်ခိုင်မာမာနဲ့ ဒီလိုပုံစံဆို ဒီလိုပုံစံ မဟုတ်ဘဲ ဒီဟာ ရထားပြီးပြီ ဆိုရင် ဟိုဟာပြန်လိုတယ်ဆိုတော့ ဘယ်သူမှ လုပ်လို့မရဘူး ဖြစ်နေတယ်”ဟု ဆက်ပြောသည်။
မလေးရှားရောက် အလုပ်သမား တဦးဖြစ်သည့် ကိုညီညီဇော်ကလည်း “ဒီလိုမျိုးလုပ်ပေးတယ် ဆိုတော့ ဝမ်းတော့ ဝမ်းသာ တာပေါ့။ ဒါပေမယ့် ဘယ်တော့လဲ၊ ဘယ်တော့လဲ ဆိုတဲ့ မျှော်လင့်ချက်ကြီးနဲ့ပေါ့။ ဘယ်နေ့ဘယ်ဝါဆိုတာ မသိဘဲ ထိုင် စောင့်နေရတာ။ ဝမ်းမသာဘူးလားဆိုတော့ မဟုတ်ဘူး ဝမ်းသာတယ်။ ပြန်ခေါ်မယ်ဆိုတဲ့ စကားလေး ကြားလိုက်ရတာ နဲ့တင် ဝမ်းသာတယ်” ဟုပြောသည်”
ဆက်လက်ပြီး ၎င်းက “ဖောင်ဖြည့်တာတော့ အခက်အခဲရှိကြတယ်။ အများကြီးပဲ တချို့ဆို မေးလ် မပို့တတ်ကြဘူး။ မြန်မာစာတောင် မရေးတတ်တဲ့သူတွေ အများကြီးရှိတယ်။ ကျနော်တို့ကို လှမ်းရေးခိုင်းတယ် ကျနော်တို့က တော်ရုံတန်ရုံ ဟာ လောက်ကတော့ ပို့ပေးလုပ်ပေးလို့ရပေမယ့် လက်ဗွေတွေဘာတွေ နှိပ်ရမယ်ဆိုတာ ပါလာတယ်။ ဘယ်ညာ လက်ဗွေ နှိပ်ရတယ် လက်မှတ်ထိုးရတယ်။ သူတို့ကိုယ်တိုင်လုပ်မှဆိုတာ ဖြစ်နေတယ်” ဟု ဆိုသည်။
ဇွန်လ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Datuk Zahairi Bin Baharim နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်တို့သည် မလေးရှား နိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား နေရပ် ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မလေးရှားအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် နည်းလမ်းရှာဖွေလိုကြောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသား စိစစ်ပြီးသူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – C of I) ထုတ်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအား မလေးရှားအစိုးရမှ ဒဏ်ကြေး ကောက်ခံခြင်းကို ကင်းလွတ်ခွင့် ပြုပေးစေလိုကြောင်း နှင့် မလေးရှားဘက်မှ ခွင့်ပြုပါက မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များစေလွှတ်၍ ပြန်လည် ခေါ်ယူရေးအတွက် ညှိနှိုင်းဆောင်ရွက်လိုကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရားဝင် အလုပ်သမား သာမက တရားမဝင် အလုပ်သမား စုစုပေါင်း ဦးရေ ၅ သိန်းနှင့် ၆ သိန်းကြားတွင်ရှိနိုင်ကြောင်း မလေးရှားနိုင်ငံ၊ မြန်မာသံရုံးက ခန့်မှန်း ထားသည်။
ဆက်စပ်လင့်
မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ
မလေးရှားရောက် တရားမဝင် မြန်မာလုပ်သားများ နေရပ်ပြန်နိုင်ရေး စိစစ်မှု လုပ်မည်