ဒေသတွင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကူးစက်ရောဂါ၏ စီးပွားရေးနှင့် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများကို ကျော်လွှားရန် အာရုံစူးစိုက်နေချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် ထိုရောဂါ၏ ထိခိုက်မှုမှ ပြန်လည်နာလန်ထရေး စီမံကိန်းများကို သောကြာနေ့တွင် ကျင်းပမည့် အင်တာနက် ထိပ်သီးဆွေးနွေးပွဲအတွင်း ဆွေးနွေးကြမည်ဖြစ်သည်။
အဖွဲ့ဝင် ၁၀ နိုင်ငံပါသော ထိုအဖွဲ့သည် ဒေသတွင်းစီးပွားရေးမှသည် လုံခြုံရေးနှင့် လူမှုအဖွဲ့အစည်းအထိ ပြဿနာကို ဆွေးနွေးရန် ထုံးစံအားဖြင့် ဧပြီနှင့်နိုဝင်ဘာလများတွင် စုဝေးပြီး တနှစ်လျှင် နှစ်ကြိမ်စုဝေးကြသည်။ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်းတွင် ကျင်းပရန် ရည်ရွယ်ထားသည့် ထိပ်သီးဆွေးနွေးပွဲကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရွှေ့ဆိုင်းလိုက်ရသည်။ သောကြာနေ့တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖတ်က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ထားသော ကန့်သတ်ချက်များကို ဒေသတွင်းတွင် စတင်ဖြေလျှော့နေချိန်တွင် အစည်းအဝေးအစီအစဉ်အတွင်း ထိပ်တန်းဆွေးနွေးမည့် ကိစ္စများအနက်တခုမှာ ကူးစက်ရောဂါလွန်ကာလ ပြန်လည်နာလန်ထရေးပါဝင်သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာသည် အာဆီယံ၏ ရေရှည်ခံနိုင်ရည်မြှင့်တင်ရေးအတွက် ကိုဗစ်အလွန် ပြန်လည်နာလန်ထရေးစီမံကိန်း ချမှတ်ရေးကို အဆိုပြုမည်ဟု မျှော်လင့်ရပြီး ထိုစီမံကိန်းသည် အများပြည်သူ ကျန်းမာရေး၊ အစားအစာနှင့် လူသားလုံခြုံရေးတို့ကို အာရုံစိုက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရကကြေညာသည်။
ဧပြီလအတွင်းက အာဆီယံသည် ကမ္ဘာ့ကူးစက်ရောဂါထိန်းချုပ်ရေးကို ဆွေးနွေးရန် အထူးအွန်လိုင်းစည်းဝေးပွဲကို ကျင်းပခဲ့သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ စီးပွားရေးများကို ပြန်လည်ဖွင့်လှစ်လာသောကြောင့် ယခုကျင်းပမည့် ထိပ်သီးစည်းဝေးပွဲတွင် အဓိက ဆွေးနွေးမည့်အချက်မှာ ဧပြီလအစည်းအဝေးအတွင် အဓိကအချက်ဖြစ်သည့် အရေးပေါ် အများပြည်သူကျန်းမာရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုမှ အာဆီယံ စီးပွားရေးများအတွက် ကိုဗစ်အလွန် ရေရှည်နာလန်ထရေး သေနင်္ဂဗျူဟာ ချမှတ်ရေးသို့ ဦးတည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း စင်္ကာပူမှ ယူစွတ် အိုင်ရှက် အင်စတီကျု အာဆီယံလေ့လာရေးဌာန ISEAS မှ ညှိနှိုင်းရေးမှူး ရှာရွန်ဆီးက Nikkei Asian Review သို့ ပြောသည်။
ခေါင်းဆောင်များသည် အပြင်းအထန် ဒုက္ခရောက်ခဲ့သော နိုင်ငံများကို ကူညီရန် တရုတ်နှင့် ဂျပန်ကဲ့သို့သော အဓိက မိတ်ဆွေနိုင်ငံများ၏ အကူအညီဖြင့် ကိုဗစ်-၁၉ အတွက် ဒေသတွင်း ရန်ပုံငွေတရပ်ကို ထူထောင်မည်ဖြစ်သည်။ အာဆီယံ ခေါင်းဆောင်များသည် ကုန်စည်နှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းရေးအတွက် ဒေသတွင်း ကုန်စည်ပို့ဆောင်ရေး ကွင်းဆက်ကိုလည်း အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
အချို့သော အဖွဲ့ဝင်နိုင်ငံများသည် မဖြစ်မနေ လိုအပ်သည့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှုအတွက် နှစ်နိုင်ငံ သဘောတူညီမှုများ ဆွေးနွေးရန် ဆုံးဖြတ်ထားသော်လည်း နိုင်ငံစုံအဆင့်တွင် ထိုသို့ဆွေးနွေးမှု မရှိသေးကြောင်း အာဆီယံ သံတမန် ရင်းမြစ်တခုက Nikkei Asian Review သို့ပြောသည်။
“တနိုင်ငံနဲ့တနိုင်ငံအကြားမှာ (ရောဂါဖြစ်ပွားမှု) အဆင့်ကွဲပြားနေတဲ့အတွက် မတူညီတဲ့အခြေအနေနဲ့ ကွဲပြားတဲ့ ခရီးသွားလာရေး အစီအမံတွေ ရှိနေကြတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
လူဦးရေ သန်း ၆၅၀ ရှိသော အာဆီယံဒေသသည် တကမ္ဘာလုံးမှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နေသည့် အလျင်မြန်ဆုံး စီးပွားရေးတိုးတက်နေသည့် ဒေသဖြစ်သည်။ သို့သော် ကူးစက်ရောဂါက ထိုအခြေအနေကို ပြောင်းလဲသွားစေခဲ့သည်။ အရှေ့တောင်အာရှ၏ ယခုနှစ် စုစုပေါင်း ဒေသတွင်း ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်က ၄.၄ ရာခိုင်နှုန်းတိုးတက်နေရာမှ သိသိသာသာကျဆင်းပြီး ၂.၇ ရာခိုင်နှုန်းသာရှိမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ဇွန်လ ၁၈ ရက်နေ့က ခန့်မှန်းသည်။
“ဒေသတွင်း နိုင်ငံအများစုသည် ကန့်သတ်မှုများကို စတင်ဖြည်လျှော့နေသော်လည်း စားသုံးသူယုံကြည်မှု အားနည်းနေခြင်းသည် စီးပွားရေးနာလန်ထမှုအတွက် အဟန့်အတားဖြစ်နိုင်သည်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ နောက်ဆုံးထုတ် စီးပွားရေး သုံးသပ်ချက် အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ “ထို့အပြင် ကမ္ဘာ့စီးပွားရေးသည် ကျုံ့သွားသောကြောင့် ဒေသပြင်ပ ဝယ်လိုအားသည်လည်း ဆက်လက် နိမ့်ကျနေမည်” ဟု ထိုအစီရင်ခံစာက ဆိုသည်။
နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်အားများ လွတ်လပ်စွာ စီးဆင်းရေးဆိုင်ရာ မူဝါဒ ညီညွတ်မှု ကြံ့ခိုင်ရေး အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အချက်အလက်ဖလှယ်ရေးနှင့် အွန်လိုင်းထုတ်ဝေမှုများ ပြုလုပ်ခြင်းဖြင့် တနိုင်ငံခြင်းစီတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုလက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရေးကိုလည်း အားပေးသင့်သည်ဟု ISEAS မှ ထိပ်တန်းသုတေသီ စစ်သန်နွန်ဇေး ဆူဗန်နာဖက်ဒီ ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား တနိုင်ငံနှင့်တနိုင်ငံ နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုယုံကြည်မှုရစေမည်ဖြစ်ကြောင်းလည်းသူက Nikkei သို့ပြောသည်။
ကိုရိုနာဗိုင်းရပ် ကမ္ဘာ့ကူးစက်ရောဂါသည် ပထဝီနိုင်ငံရေး ရှုခင်းကိုလည်း ပြောင်းလဲသွားစေသည်။ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယတို့နှင့် ဆက်ဆံရေးတင်းမာနေသော တရုတ်နိုင်ငံသည် အခြားနိုင်ငံများ ကူးစက်ရောဂါကြောင့် ရုန်းကန်နေရချိန်တွင် ထိုရောဂါမှ လွန်မြောက်ခဲ့ပြီး တောင်တရုတ်ပင်လယ်အတွင်း လှုပ်ရှားမှုများ တိုးချဲ့နေသည်။ တရုတ်နိုင်ငံသည် ထိုဒေသတွင်းတွင် အစောဆုံး ယခုနွေရာသီတွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် စီစဉ်နေသည်။
တောင်တရုတ်ပင်လယ်သည် အာဆီယံအတွက် အဓိကဆွေးနွေးစရာ ပြဿနာဖြစ်နေသည်။ ထိုပင်လယ်အတွင်း ကျင့်ဝတ်များကို အာဆီယံနှင့်တရုတ်အကြား ဆွေးနွေးနေပြီး ထိုဆွေးနွေးမှုများသည် ၂၀၂၁ တွင် ပြီးဆုံးမည်ဟု မျှော်လင့်ရသည်။ သို့သော် ကမ္ဘာ့ကူးစက်ရောဂါကြောင့် ဆွေးနွေးပွဲများ တုံ့ဆိုင်းနေသည်။
လွန်ခဲ့သော နှစ်က အာဆီယံ ဥက္ကဌ၏ ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံ၏ အမည်ကို ဖေါ်ပြခြင်းမရှိဘဲ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ဖေါ်ပြခဲ့သည်။ ယခုနှစ် အာဆီယံ ဥက္ကဌဖြစ်သော ဗီယက်နမ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံနှင့် အငြင်းပွားနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သောကြောင့် ယခုနှစ် ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် အလားတူ ဖေါ်ပြချက်မျိုးပါဝင်ရန် အခြားအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းနိုင်ခြေရှိသည်။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ကိုဗစ်-၁၉ အလွန် မြန်မာကို ဘယ်လိုမြင်ချင်လဲ
Covid-19 တုံ့ပြန်မှုသည် မြန်မာနိုင်ငံ အနာဂတ်ကို ပြန်လည်စိတ်ကူး ပုံဖေါ်ရန်ဖြစ်လာ
မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ