မူဆယ်-ရွှေလီတွင် အကောင်အထည်ဖော်မည့် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန်ဧရိယာ၌ မြန်မာဘက်အခြမ်းမှ မူဆယ်အပါအဝင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် (ပန်ဆိုင်း) ဒေသတို့ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်း က ပြောသည်။
၎င်းက “နှစ်နိုင်ငံနယ်စပ်စီးပွားရေးဇုန်တည်ထောင်ဖို့အတွက် တရုတ်နဲ့ Framework agreement ရေးထိုးဖို့ရှိပါတယ်။ အဲဒီအတွက် အဓိကကျတဲ့ ၂ ဘက်ဇုန်နယ်မြေဧရိယာ သတ်မှတ်ရေးအတွက် မကြာခင်မှာ ကွင်းဆင်းတိုင်းတာမှုလုပ်ဖို့ အစီအစဉ်ရှိပါတယ်” ဟု ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အစိုးရ စတုတ္ထတနှစ်တာကာလ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ ထိုသို့ပြောကြားခဲ့သည်။
မူဆယ်-ရွှေလီနယ်စပ်စီးပွားရေးဇုန်အတွက် မြန်မာဘက်ခြမ်းမှ နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ်(ပန်ဆိုင်း)နေရာများတွင် ပါဝင်မည်ဖြစ်ပြီး ဇုန်အတွက် ကိုသြဒိနိတ်မြေပုံဖြင့် အတည်ပြုတည်နေရာ အကျယ်အဝန်းသတ်မှတ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းအား တလအတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဝဘ်ဆိုဒ်တွင် သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ဇုန်နယ်မြေလျာထားသတ်မှတ်ပြီးပါက ဖြစ်နိုင်ခြေဆန်းစစ်လေ့လာခြင်း (Feasibility Study) လုပ်ငန်း စတင် မည်ဖြစ်ကာ FS ရမှသာ တဖက်တရုတ်နိုင်ငံမှ ဇုန်အတွင်းဆောင်ရွက်မည့်လုပ်ငန်းများအလိုက် လိုက်လျောညီထွေမှု ရှိအောင် နှစ်နိုင်ငံပြန်လည်ညှိနှိုင်းပြီး မြန်မာဘက်အခြမ်းအတွက် Developer ကုမ္ပဏီများရွေးချယ်ခြင်းကို ဆောင်ရွက် သွားမည်ဟု ညွှန်ကြားရေးမှုးချုပ် ဦးမင်းမင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ဦးမင်းမင်းက “မြေပြင်ကွင်းဆင်းဖို့အတွက် သက်ဆိုင်တဲ့တာဝန်ရှိ ဌာနတွေနဲ့ ရှေ့တပတ်ထဲမှာပဲ ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးပွဲက တဆင့် ဌာနအလိုက် ဇုန်နဲ့ပတ်သတ်တဲ့သဘောထားမှတ်ချက်တွေရယူမှာဖြစ်ပါတယ်” ဟု ပြောသည်။
တရုတ်မြန်မာစီးပွားရေးစင်္ကြ၏အစိတ်အပိုင်းတခုဖြစ်သော နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသည့်နေရာများ တွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရေးအတွက် ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုး ခဲ့ရာ မြန်မာအစိုးရက ရှမ်းပြည်နယ်မှ မူဆယ်၊ ချင်းရွေဟော်နှင့် ကချင်ပြည်နယ်မှ ကန်ပိုက်တီးတို့ကို အဆိုပြုခဲ့ရာ မူဆယ်မြို့အား နယ်စပ်စီးပွားရေးဇုန်အဖြစ် အကောင်အထည်ဖော်ရန် ရှေ့ပြေးစီမံကိန်းအဖြစ်ရွေးချယ်ခဲ့ပြီး ၎င်းဇုန် အောင်မြင်မှုအခြေအနေပေါ် မူတည်၍ ကျန်သောဒေသနှစ်ခုအား ဆက်လက်ဆောင်ရွက်သင့်၊ မသင့် သုံးသပ်သွား မည်ဟု အဆိုပါသတင်းစာရှင်းလင်းပွဲမှ သိရသည်။
နှစ်နိုင်ငံနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်ဆိုသည်မှာ နှစ်နိုင်ငံနယ်နိမိတ်ထိစပ်နေသော မြို့နှစ်ခုကို ဇုန်တစ်ခု အဖြစ် သတ်မှတ်လိုက်ပြီး နယ်စည်းမခြားဘဲ နှစ်နိုင်ငံရှိ တရားဝင်သတ်မှတ်ထားသောကုန်စည်များအား ရောင်းဝယ် ဖောက်ကားရေး၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးအပါအဝင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ အစ ရှိသည်တို့ကို နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ရေး ပြုလုပ်နိုင်မည့်စီးပွားရေးဇုန်ဧရိယာ ထူထောင်ခြင်းကို ခေါ်ဆိုသည်။
အဆိုပါစီမံကိန်းအား နှစ်နိုင်ငံအစိုးရနားလည်မှုစာချွန်လွှာရေးထိုးပြီးနောက် တရုတ်နိုင်ငံဘက်အခြမ်းတွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရေးအတွက် ပြင်ဆင်ခြင်းများ၊ ၂၁ ရာစုပိုးလမ်းမစီမံကိန်းချေးငွေများဖြင့် တရုတ် လုပ်ငန်းရှင်အများစုက နယ်စပ်ဧရိယာများ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသော ယူနန်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ စတင်တည်ဆောက်မှုများရှိလာပြီဟု မူဆယ်-နမ့်ခမ်းဒေသရှိ ကုန်သည်ကြီးများက ဧရာဝတီကို ပြောသည်။
မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်း၏ တွဲဖက်အထွေထွေအတွင်းရေးမှုး ဦးဝင်းအောင်ခန့်က “စီးပွားရေး ဇုန်တွေလုပ်တာ ရည်ရွယ်ချက်တွေကကောင်းပါတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ကိုယ့်နိုင်ငံသား အကျိုးစီးပွား အကာ အကွယ်ပေးမဲ့ မူတွေချမှတ်ပြီးဖော်ဆောင်ဖို့လိုပါတယ်” ဟု ပြောသည်။
၎င်းကဆက်၍ “ဒါ့အပြင် တဖက်နိုင်ငံနဲ့အောက်ခြေမှာ ထဲထဲဝင်ဝင် တကယ် အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်တွေရဲ့အမြင်တွေ၊ အကြံပြုချက်တွေ တန်ဖိုးထားစေချင်တယ်။ လွယ်လွယ်ကူကူ လက်မှတ်ထိုးလိုက်ပြီး နောက်မှ ပြီးပြီးရောလုပ်လိုက်ရင် အရင်ခေတ်ပုံစံတွေအတိုင်း ်ဘာမှထူးမှာမဟုတ်ဘူးလေ။ ကြွေးကြော်တာတော့ ရွှေရောင်အိပ်မက်ပဲ ပြီးကျမှရေပေါ်အရုပ်ရေးသလို ဘာမှအရာမထင်မဖြစ်စေချင်ဘူး” ဟု ဧရာဝတီကို ပြောသည်။
တဖက်နိုင်ငံက ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မြန်မာဘက်အခြမ်းတွင် အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ ချပြမှု အားနည်းခြင်း၊ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များ လက်လှမ်းမမီခြင်း၊ အခြေခံအဆောက်အအုံပိုင်း၊ ငွေကြေးအရင်းအနှီးနှင့်နည်းပညာအားနည်းခြင်းတို့ကြောင့်မိမိနိုင်ငံအတွင်းလာရောက်လုပ်ကိုင်သူများက အကျိုးစီးပွား အသာရသွားမည်ကို ဒေသခံလုပ်ငန်းရှင်အများစုစိုးရိမ်နေကြသည်။
ဦးဝင်းအောင်ခန့်က “အရင်ကလဲတရုတ်နဲ့လုပ်တဲ့လုပ်ငန်းတိုင်း ကျနော်တို့နစ်နာတယ်။ ဒါကြောင့် အစိုးရဘက်က ဒေသခံတွေရဲ့သဘော ထား၊ တဖက်နိုင်ငံရဲ့ အမူအကျင့်တွေကိုသေချာလေ့လာဖို့လိုပါတယ်။ တရုတ်အစိုးရက သူ့လုပ်ငန်းရှင်တွေကို အကာ အကွယ်အပြည့်လုပ်ထားပေးပြီးသား။ ကျနော်တို့လဲ အဲဒီလိုမျိုးရချင်တယ်” ဟု ဆက်လက် ပြောသည်။
တရုတ်မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်ရေးအတွက် ဗဟိုကော်မတီတရပ် ဖွဲ့စည်းထားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူကာ နယ်စပ် စီးပွားရေးဇုန်နှင့် ဆက်စပ်သည့် တာဝန်ရှိဌာနများမှ ပြည်ထောင်စုအဆင့်အရာရှိကြီးများလည်း ပါဝင်ပြီး ယခုလ ၁၂ ရက် မြန်မာတရုတ်နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့ ပထမဆုံးအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး Video Conferencing ပြုလုပ်ခဲ့သည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
You may also like these stories:
မြန်မာအလံ ဖြုတ်ချခံခဲ့ရသည့် ချင်းရွှေဟော်တွင် နယ်နမိတ် ပြန်တိုင်းဖို့ တရုတ်နှင့် သဘောတူညီမှု ရ
ပို၍ ကောင်းမွန်နိုင်သည့် Covid-19 အရေးပေါ်စီးပွားရေးကုစားမှု အစီအစဉ်အတွက် စဉ်းစားချက်များ
၅ ခုမြောက် Covid -19 ဓာတ်ခွဲခန်း တောင်ကြီးတွင် ဇူလိုင်လ စ အလုပ်လုပ်မည်
ဆန်သွားသယ်သည့် ပလက်ဝက ဒုက္ခသည်များ လမ်းတွင် အပစ်ခံရ
တရုတ်နယ်စပ်ဂိတ် အဝင်/အထွက် ပိတ်သဖြင့် ဆန်နှင့် ဆန်ကွဲ ရောင်းချမှု ထက်ဝက်လျော့ကျ