ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား အစိုးရ၏ ငွေကြေးထောက်ပံ့မှုအစီအစဉ် (MCCT) အတွက် စာရင်းကောက်ခံခြင်းကို ဇူလိုင်လ ၁ ရက်တွင် စတင်ဆောင်ရွက်ပြီး သြဂုတ်လတွင် ထောက်ပံ့ငွေ လွှဲပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။
အားလုံးအကျုံးဝင်သဖြင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်သည့် ဒေသများနှင့် နေရပ်စွန့်ခွာပြီး တိုက်ပွဲရှောင်စခန်းများတွင် ခိုလှုံနေရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ၎င်းတို့ကလေးငယ်များကိုပါ ထောက်ပံ့ပေးသွားမည်ဟု သိရသည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့မှ မွေးဖွားသော အသက် ၂ နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး၊ ထိုစဉ်က ရခိုင်နှင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့သာ ပါဝင်ခဲ့သည်။
နောက်တနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကယားနှင့် ကရင်ပြည်နယ်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ကလေးများ ပါဝင်ခဲ့ပြီး၊ ယခု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ ပါဝင်လာခြင်းဖြစ်သည်။
အစိုးရက လက်ရှိထောက်ပံ့နေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကျိုးခံစားခွင့်ရှိသူ ၆၅၁၀ ဦး၊ ချင်းတွင် ၃၂၆၆၇ ဦး၊ ရခိုင်တွင် ၁၃၈၄၈၆ ဦး၊ ကယားတွင် ၁၁၈၆၂ ဦး နှင့် ကရင်ပြည်နယ် ၅၁၉၉၆ ဦး ဖြင့် စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ ၂၄၁၅၂၁ ဦးရှိသည်။
MCCT ထောက်ပံ့မှုအစီအစဉ်တွင် တလလျှင် ကျပ်တသောင်းခွဲနှုန်းဖြင့် သုံးလတကြိမ် ထောက်ပံ့ပေးလျက်ရှိသည်။
ယမန်နှစ်များက အစိုးရဘဏ္ဍာငွေမှ ထောက်ပံ့ခြင်းဖြစ်ပြီး၊ ယခုနှစ် တိုးချဲ့ထောက်ပံ့မှု အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ IDA ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရရှိထားသည့် အတွက် အစိုးရဘဏ္ဍာနှင့် ချေးငွေတို့ မျှကာ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ဆိုသည်။
ဒေါ်စန်းစန်းအေး က “ဇူလိုင်လမှာ စာရင်းကောက်မှာမို့ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် အတွင်းရှိ လက်ရှိ ကိုယ်ဝန်ဆောင်ထားသူတွေ အားလုံးပါပါမယ်။ ပြီးတော့ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့နောက်ပိုင်း မွေးဖွားတဲ့ ကလေးတွေပါမယ်။ ဘာကြောင့် ဧပြီလ ဖြစ်လဲဆိုတော့ ကျမတို့ရဲ့ payment (ထောက်ပံ့မှု) သည် ဧပြီ၊ မေ၊ ဇွန် အတွက် သုံးလ တဖြတ်ပေးမယ်။ ပြီးရင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာအတွက် သုံးလတဖြတ်ပေးမယ်။ ဒီ နှစ်ဖြတ်စလုံးကို ရောပြီးတော့ သြဂုတ်လထဲမှာ ပေးဖို့ အစီအစဉ်လုပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာလမို့လို့ စီစဉ်ရတဲ့ အခြေအနေတွေကြောင့်ပါ” ဟု ဒေါ်စန်းစန်းအေးက ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ရှင်းပြသည်။
ထောက်ပံ့မှုအကျိုးခံစားခွင့်ရှိသူများအား ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုတဆင့် ငွေလွှဲပေးမည် ဖြစ်သည်။
ထိုအတွက် ပြင်ပပုဂ္ဂလိက ငွေကြေးလွှဲပြောင်းသည့် ကုမ္ပဏီများအား တင်ဒါခေါ်ယူထားပြီး လာမည့် ဇွန်လ ၂၉ ရက်တွင် တင်ဒါရရှိသည့် ကုမ္ပဏီအား ရွေးချယ်ကာ တင်ဒါစည်းမျဉ်းအတိုင်း လုပ်ငန်းအပ်နှံသွားမည်ဟု လူမှုကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဧရာဝတီသတင်းဌာနသို့ ပြောဆိုသည်။
ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်အတွင်း ဧပြီ ၁ ရက်နောက်ပိုင်း မွေးဖွားသည့် ကလေးမိဘများ အနေဖြင့် ရပ်ကွက်ကျေးရွာ အထွေထွေအုပ်ချုပ်ရေးရုံး စာရေးထံ သွားရောက် စာရင်းသွင်းရာတွင် ကလေးမွေးစာရင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းများ ယူဆောင်သွားရမည် ဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်များအနေဖြင့် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်း ပြသရမည် ဖြစ်သည်။
အကျိုးခံစားခွင့်သူရှိများကို ကျန်းမာရေးအသိပညာပေးခြင်းအတွက် ရပ်ကွက်ကျေးရွာ အခြေပြု စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သားဖွား ဆရာမများက ဆောင်ရွက်သွားဟု လူမှုဝန်ထမ်းဦးစီးဌာနက ဆိုသည်။
MCCT အစီအစဉ်သည် ၂၀၁၄ ခုနှစ်က ရေးဆွဲထားသော လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ အဓိကလုပ်ငန်းစဉ် ၈ ခုထဲမှ တခု ဖြစ်သည်။ လူ့ဘ၀ အစ ရက်ပေါင်း ၁ ထောင်အတွင်း အပိုဆောင်း အာဟာရ ထောက်ပံ့ပေးနိုင်ရေး အတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ်များကို ဦးစားပေး ထောက်ပံ့ခြင်း ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံတဝှမ်း လွှမ်းခြုံသော ထောက်ပံ့မှုများတော့ မဟုတ်သေးပေ။
ညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက “ကိုယ်ဝန်ဆောင်နဲ့ ၎င်းတို့ကမွေးဖွားလာတဲ့ အသက် ၂ နှစ်အောက်ကလေးတွေကို အာဟာရပိုင်းဆိုင်ရာ ထောက်ပံ့တဲ့အစီအစဉ်က ဒေသပိုင်းဆိုင်ရာ အားလုံးကို ကျမတို့ မသွားနိုင်သေးဘူး။ ဒါပေမယ့် သွားတဲ့ဒေသမှာတော့ အားလုံးအကျုံးဝင်မှုဆိုတဲ့ (universality) ကို ကျမတို့ ဦးစား အမြဲပေးပါတယ်။ ဒါကြောင့်မို့ ကျမတို့ ဆောင်ရွက်တဲ့ နေရာမှာ အစိုးရတွေရော CSOs, CBOs (လူထုအခြေပြုအဖွဲ့အစည်းတွေ) တွေရော ပေါင်းစပ်ပြီးတော့ ဆောင်ရွက်ပါတယ်” ဟု ဆိုသည်။
ယခု ဘဏ္ဍာနှစ်အတွင်း အကျိုးခံစားခွင့်ရှိသူများတွင် ရှမ်းပြည်နယ်အတွင်း ဝ၊ မိုင်းလား၊ ရှမ်းနှင့် တအန်း (ပလောင်) တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်သည့် နေရာများအပါအဝင် နေရာအားလုံးတွင် ငွေကြေးထောက်ပံ့မှုပေးနိုင်ရေးအတွက် စာရင်းကောက်ခံသွားမည် ဖြစ်ကြောင်း လူမှုကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဆိုသည်။
ဦးကျော်လင်းထင် က “ကျနော်တို့ရဲ့ အစီစဉ်က ယူနီဗာဆယ် ပရိုဂရမ်ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့နေရာမှာရှိတဲ့ လူတွေအားလုံးကို လွှမ်းခြုံနိုင်ဖို့ ကြိုးစားတာ ကျနော်တို့ရဲ့ မူ ဖြစ်ပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ်ပေါ့။ EAOs ဒေသတွေရှိပါတယ်။ NCA ထိုးထားတာရော မထိုးထားတာရော။ ဒါပေမယ့်လည်း ကျနော်တို့ရဲ့ ပရိုဂရမ်က မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာရှိတဲ့ ရှမ်းပြည်နယ်ဆို ရှမ်းပြည်နယ် နယ်နိမိတ်အတွင်းမှာရှိတဲ့ အကျိုးခံစားခွင့်ရှိသူအားလုံး ရရှိရေးသည် ကျနော်တို့ မူ ဖြစ်တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ရော တွေ့ဆုံညှိနှိုင်းခဲ့တာတွေ ရှိပါတယ်။” ဟု ရှင်းပြသည်။
ရှမ်းပြည်နယ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များ ထိန်းချုပ်သည့် ဒေသများ အပါအဝင် အပစ်ရပ်လက်မှတ်မထိုးထားသော အဖွဲ့များ ထိန်းချုပ်သည့် ဒေသများလည်း ရှိသည်။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်သည့် အထူးဒေသ ၂ နှင့် ရှမ်းအရှေ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) က ထိန်းချုပ်သည့် အထူးဒေသ ၄ (မိုင်းလား)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ် မတော် (TNLA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် – ကိုးကန့် (MNDAA) ထိန်းချုပ်သည့် ဒေသများအပါအဝင် နယ်မြေအားလုံးတွင် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအား ထောက်ပံ့သည့်အစီအစဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက ဆိုသည်။
ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦး က “ရှမ်းပြည်နယ်အစိုးရအဖွဲ့ရယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံးရယ်၊ ကမ္ဘာ့ဘဏ်မှ တာဝန်ယူရှိသူများကနေပီးတော့ အထူးဒေသ ၂ ပန်ဆန်းနဲ့ အထူးဒေသ ၄ မိုင်းလားမြို့မှာ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ကျနော်တို့ ဆက်သွားမယ့် ဒေသတွေမှာ ဥပမာ ဆိုရင် ဟိုမိန်း၊ လွိုင်တိုင်းလျဲန် စတဲ့ ဒေသတွေကို ဆက်သွားဖို့ ဖြစ်ပါတယ်။ ဒီဘက် လင်းခေးဘက်၊ မောက်မယ်ဘက် ဆိုရင်လည်း ကျနော်တို့ ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ကိုဗစ်ကာလ လွန်မြောက်တာနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
RCSS ထိန်းချုပ်ဒေသဖြစ်သည့် ဟိုမိန်း၊ လွိုင်တိုင်းလျဲန် ဒေသသို့ ငြိမ်းချမ်းရေးညှိနှိုင်းမှု တွင် ပါဝင်သည့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ခေါင်းဆောင်ကာ သွားရောက်ရန် ပြင်ဆင်ထားခဲ့သော်လည်း မတ်လတွင် ကိုဗစ်နိုင်တင်း ကပ်ရောဂါ ဖြစ်ပွားလာသည့်အတွက် ရပ်နားခဲ့ရခြင်းဖြစ်ပြီး ခရီးသွားလာခွင့်များ ပြန်ရပါက ဆက်လက်သွားရောက်ညှိနှိုင်းနိုင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးထွန်းဦးက ဆိုသည်။
You may also like these stories:
မူဆယ် နယ်စပ်စီးပွားရေးဇုန်တွင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် တို့ပါဝင်မည်
၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ