ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ကျားတိုက်ကွင်းကျေးရွာ အခြေခံပညာ မူလတန်း ကျောင်း၏ ကျောင်းအုပ်ဆရာ အသက် ၄၃ နှစ်ရှိ ဦးကျော်စိုးလွင်မှာ ဇွန်လ ၂၄ ရက်နေ့ ညပိုင်းက ဆရာများ နားနေဆောင်တွင် သေတမ်းစာ ရေး၍ ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ကျောင်းအုပ်ဆရာ ၁ ဦး ကြိုးဆွဲချ သေဆုံးနေကြောင်း သဲနုကုန်းအုပ်စု၊ ကျားကိုက်ကွင်းကျေးရွာတာဝန်ခံ ဦးနိုင်ဦးမှ ဖုန်းဖြင့် အကြောင်းကြားသဖြင့် သဲနုကုန်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဇင်ကိုကို ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များမှ အခင်းဖြစ် နေရာသို့ သွားရောက်စစ်ဆေးရာ မူလတန်းကျောင်းအတွင်းရှိ ဆရာများ နားနေဆောင်တွင် ကျောင်းအုပ်ဆရာ ဦးကျော်စိုး လွင်မှာ အပြာရောင် နိုင်လွန်ကြိုးဖြင့် တံခါးဘောင်ရှိ ၄ လက်မသံတွင် ကြိုးချည်၍ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “လေးမျက်နှာမြို့နယ်က မူလတန်း ကျောင်းအုပ်ဆရာက ဆရာများနားနေဆောင်ထဲမှာပဲ သူ့ကိုယ်သူ သတ်သေသွားတာ ဖြစ်ပါတယ်။ မသေခင်မှာလည်း ကျောက်သင်ပုန်းမှာ စာတွေရေးသွားခဲ့တယ်။ ကျောင်းအုပ်ဆရာ သေဆုံးမှုနဲ့ ပတ်သက်လို့ ကျနော်တို့ သေမှုသေခင်း ဖွင့်လှစ်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ကျောင်းအုပ်ဆရာ ဦးကျော်စိုးလွင်မှာ ၎င်းမသေဆုံးမီတွင် နားနေဆောင်အတွင်းရှိ ကျောက်သင်ပုန်းပေါ်၌ “နောက်ရောက် လာမယ့် ကျောင်းအုပ်ကြီးသည် ကျနော်ထက် ပိုတော်ပြီး အစဉ်အလာကောင်းသော ပညာတတ် ရတနာများ မွေးထုတ် ပေးနိုင်ပါစေ၊ ဤကျောင်းကြီး သာယာသာယာလှပအောင် ဆက်လက် ဆောင်ရွက်နိုင်သူဖြစ်ပါစေ၊ ကျော်စိုးလွင်” ဟု လက်မှတ်ရေးထိုးထားသည်ကို တွေ့ရှိရကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးလွင်မှာ ယခုလဆန်းပိုင်းက ဇနီးဖြစ်သူနှင့် စကားများပြီးနောက် နေအိမ်မှ ဆင်းကာ ကျားကိုက်ကွင်းကျေးရွာမူလတန်းကျောင်းသို့ သွားရောက်နေထိုင်ခဲ့ပြီးနောက် ကြိုးဆွဲချ၍ မိမိကိုယ်ကို သတ်သေခဲ့သည့်အတွက် မိသားစုကိစ္စကြောင့် မိမိကိုယ်ကို အဆုံးစီရင် ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကောက်ချက်ချထားပြီး အမှုနှင့်ပတ်သတ်၍ ဆက်လက်စုံစမ်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ကျောင်းအုပ်ဆရာ ဦးကျော်စိုးလွင် သေဆုံးမှုနှင့်ပတ်သက်၍ ဒုရဲအုပ်ဆန်းထူးအောင်မှ တရားလို ပြုလုပ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းသဖြင့် သဲနုကုန်းနယ်မြေရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် (၃/၂၀၂၀)ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးလျက် ရှိကြောင်း ရဲစခန်းထံမှ သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တရားရုံးမှ ဘိလစ်စာရေး ဦးတင်ကိုမော် (အသက် ၅၂ နှစ်) မှာ ၎င်းအလုပ်လုပ်သည့် တရားရုံးပရဝဏ်အတွင်းရှိ ရုံးခန်းအတွင်း၌ ကြိုးဆွဲချကာ မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ နယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဝင်းမင်းထွန်း (အသက် ၄၂ နှစ်) မှာ နေအိမ်လိုင်းခန်းအတွင်း ခြောက်လုံးပြူး သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကွာရန်တင်းဝင်နေသည့် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်မှ ကိုချစ်သောင်း (ခ) ကိုချစ်လှ (အသက် ၂၈ နှစ်) မှာ ဆေးရုံသီးသန့်ဆောင်၏ အိမ်သာအတွင်း၌ ၎င်းဝတ်ထားသော လက်ရှည်အင်္ကျံကို အသုံးပြု၍ မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိမိကိုယ်ကို အဆုံးစီရင်ဖို့ကြိုးပမ်းမှုမှာ စိတ်ကစဉ့်ကလျားရောဂါ၊ အရက်ကြောင့်ဖြစ်သည့် စိတ်ရောဂါနှင့် စိတ်ဒဏ်ရာ ကြောင့် စိတ်ဖိစီးမှုများသည့်ရောဂါများနှင့် ဆက်စပ်မှုရှိနေပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှ ကာကွယ်ရန်အတွက် အပြုသဘော ရှုမြင်ခြင်း၊ အပြောင်းအလဲကို လက်ခံတတ်ခြင်းနှင့် ပြဿနာများကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းများဖြင့် မိမိကိုယ်ကို ပြုစုပျိုးထောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ – UNFPA မှ ကျားမရေးရာ တန်းတူညီမျှရေးကျွမ်းကျင်သူ အဲရီ တာနီဂူချီက ပြောကြားထားသည်။
ဆက်စပ်လင့်
လူငယ်တွေအကြား အဆုံးစီရင်မှုနှုန်းဟာ အတိုင်းအတာတခုထိ မြင့်တက်နေတယ်
အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်