သစ်တောပြုန်းတီးမှုများကို အန္တရာယ်များကို ဖေါ်ထုတ်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်မှုကို မြှင့်တင်ရန် မြန်မာနိုင်ငံမှ ၅ နှစ်စီမံကိန်းတခုသည် တိုင်းရင်းသားပဋိပက္ခဖြစ်ပွားနေသော နေရာများအပါအဝင် မြန်မာတနိုင်ငံလုံးမှ သစ်တောများအားလုံးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်မည်ဟု ကုလသမဂ္ဂက ကြေညာသည်။
ယူရို ၈ သန်း (ဒေါ်လာ ၉ သန်း) ရန်ပုံငွေဖြင့် ပြီးခဲ့သော အပတ်အတွင်း စတင်လိုက်သော အထက်ပါမြန်မာ-ဖင်လန် ပူးပေါင်း စီမံကိန်းသည် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေသော ထုတ်လွှင့်မှုများလျှော့ချရန်နှင့် ပိုမိုပူနွေးလာခြင်း၏ သက်ရောက်မှုများကို ခံနိုင်စေရန် တို့တွင် မြန်မာနိုင်ငံကိုကူညီမည့် ရည်ရွယ်ချက်ဖြင့် သစ်တော အမျိုးစုံကို လေ့လာစောင့်ကြည့်မည်ဖြစ်သည်။
ထိုစီမံကိန်းသည် ပဋိပက္ခဒေသများမှ သစ်တောများကို မှတ်တမ်းတင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ ကမ္ဘာ့လမ်းညွှန်ချက်များ ဖေါ်ထုတ်ရန် အခြေခံတခုလည်း ဖြစ်သည်။
“လူတော်တော်များများအတွက် မြန်မာနိုင်ငံမှာ မသိတာတွေ အများကြီးရှိနေသေးတယ်” ဟု အထက်ပါ စီမံကိန်းကို စီမံနေသည့် ရောမရှိ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) မှ အမျိုးသားသစ်တောစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဂျူလီယန် ဖေါက်စ် ပြောသည်။
“တခါမှ မတိုင်းတာရသေးတဲ့ ကြီးမားတဲ့ သစ်တောနယ် တွေအများကြီးရှိသေးတယ်” ဟု ဖေါက်စ်က Thomson Reuters ဖေါင်ဒေးရှင်းသို့ ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင်ပြောသည်။
သို့သော်မြန်မာနိုင်ငံသည် ဘရာဇီးနှင့် အင်ဒိုနီးရှားပြီးလျှင် ကမ္ဘာတွင် တတိယ သစ်တောပြုန်တီးမှုနှုန်း အမြင့်မားဆုံးဖြစ်နေကြောင်း FAO ၏ အဆိုအရ သိရပြီး ထိုသို့ဖြစ်ခြင်းမှာ စိုက်ပျိုးမြေချဲ့ထွင်မှုများနှင့် သစ်ထုတ်လုပ်မှုကြောင့် ဖြစ်သည်။
ကိုလိုနီခေတ်အာဏာပိုင်များက မြန်မာနိုင်ငံနှင် မြန်မာသစ်တောများ၏ တစိတ်တပိုင်းကို မြေပုံထုတ်လုပ်ရန် အားထုတ်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ပြီးပြည့်စုံသည့် အမျိုးသား သစ်တောစာရင်းမရှိကြောင်း ဖေါက်စ်ပြောသည်။
“သစ်တောနဲ့ပတ်သက်တဲ့ တိကျတဲ့ သတင်းအချက်အလက်ရဖို့ အပေါ်ယံရဲ့အောက်က အရာအများအပြား( သစ်ပင်မျိုးစိတ်များ၊ မြေဆီလွှာနှင့် လူမှုနိုင်ငံရေးအခြေအနေ) ကို သိဖို့လိုတယ်” ဟုလည်း ပြောသည်။
ထိုစီမံကိန်းသည် မျိုးစိတ်သစ်များရှာဖွေတွေ့ရှိနိုင်သည့် အလားအလာအဖြစ် သစ်ပင်များကို တိုင်းတာလေ့လာမည်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲ စုံလင်မှုနှင့် ကာဗွန် သိုလှောင်နိုင်သည့် အဆင့်များကို လေ့လာမည်ဟုလည်း သူပြောသည်။
တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့်ထိုင်းနယ်စပ်များကဲ့သို့ လုံခြုံမှုနည်းသော နေရာများသို့ စီမံကိန်းကို မတိုးချဲ့မီ ပဋိပက္ခမရှိသော နေရာများတွင် စတင်လုပ်ကိုင်မည်ဖြစ်ပြီး လေဆာသစ်ပင်တိုင်းတာရေး ကိရိယာများကဲ့သို့သော ခေတ်မီ ကိရိယာများကို အသုံးပြုခြင်းနှင့် ရုပ်ဝတ္တုအရ နမူနာကောက်ယူခြင်းကိုလည်း ပြုလုပ်မည်ဖြစ်သည်ဟု ဖေါက်စ်ပြောသည်။
များပြားသော တိုင်းရင်းသားအုပ်စုများနှင့် အဖွဲ့အစည်းများနှင့် အရေးပါသော ဆွေးနွေးမှုများ ပြုလုပ်ခြင်းအားဖြင့် အန္တရာယ်မြင့်မားသည့် ပဋိပက္ခဒေသများမှ သစ်တောများကို လေ့လာစောင့်ကြည့်နိုင်မည်ဟု FAO မျှော်လင့်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား ၁၀၀ ကျော်ရှိပြီး ၎င်းတို့သည် ကိုယ်ပိုင်သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဒေသသုံးဘာသာစကားများရှိကြသည်။
မြန်မာန်ိုင်ငံတွင် ဖေါ်ထုတ် အသုံးပြုသည့် နည်းလမ်းများအောင်မြင်ပါက ၎င်းတို့ကို ကမ္ဘာတဝန်းမှ ယခုအခါ လက်လှမ်းမမီသေးသည့် ဝေးကွာသော သစ်တောများတွင် အသုံးပြုနိုင်မည်ဟု ဖေါက်စ်ပြောသည်။
တိုင်းရင်းသားများအပါအဝင် ပြည်သူအားလုံးအကျိုးရှိရေးအတွက် သစ်တောလေ့လာစောင့်ကြည့်ရေးလုပ်ငန်း၏ အနှစ်သာရမှာ ပဋိပက္ခဖြစ်လွယ်မှုနှင့် လူ့အခွင့်အရေးတို့ဖြစ်ရန် အရေးကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး ရစ်အစ်ကာ လားတူက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။
တွေ့ရှိချက်များနှင့် မြန်မာ့သစ်တောဆိုင်ရာအချက်အလက်များ လူသိရှင်ကြားထုတ်ပြန်မည်ဖြစ်ပြီး သစ်တောများကို စီမံကာကွယ်ရန် အစိုးရကိုသာမက တိုင်းရင်းသားလက်နက်ကိုင်များကိုပါ လုပ်ခွင့်ရစေမည်ဟု ဖေါက်စ်ပြောသည်။
မြန်မာနိုင်ငံမှ သစ်တောများအားလုံး၏ အခြေအနေနှင့် ပတ်သက်ပြီး ပိုမိုကောင်းမွန်သော နောက်ဆုံအခြေအနေ အချက်အလက်များကို အစိုးရက အရေးတကြီးလိုအပ်နေကြောင်း သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညီညီကျော်ပြောသည်။
ကိုးကား။ ။ Thomson Reuters Foundation
You may also like these stories:
ချီဖွေမြို့က မုတ်သုန်တော ပျောက်ဆုံးခြင်း
ရှားပါးမျိုးစိတ်များရှိရာ အီမောဘွန်းဒေသကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်
တရားမဝင် ချိန်းဆော ကိုင်ဆောင်သူများကို စစ်ကိုင်းတိုင်းအစိုးရ အရေးယူမည်
တရားမဝင် ကျွန်းသစ်များ တင်ပို့နေဆိုသည့် စွပ်စွဲချက် မမှန် ဟု အစိုးရတုန့်ပြန်