ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ ကျရောက်သည့် ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် စံချိန်တင် ပမာဏဖြစ်သည့် ကျပ် ၁၂၁၇ ဒဿမ ၇၁၁၈ ဘီလီယံ (အမေ ရိကန်ဒေါ်လာ ၈၃၉ ဒဿမ ၈ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား မီးရှို့ ဖျက်ဆီးခဲ့သည်။
မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးများ တန်ဖိုးအား အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၅၀ ကျပ်နှုန်းဖြင့် ရဲတပ်ဖွဲ့က တွက်ချက် ထားခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က “ ကမ္ဘာ့ကပ်ရောဂါ COVID-19 မှာ ကာလကြာရှည်စွာ ဖြစ်ပွားနေသည့်အတွက် စီး ပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ် ဆောင် ရောင်းဝယ်မှု လုပ်ငန်းများ၊ မူးယစ်ဆေးဝါး ဈေးကွက်များ အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်သည့်အတွက် တားဆီး ကာကွယ်ရေး ဆောင်ရွက်နေကြသော တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် ကြိုတင်ပြင်ဆင် ကာကွယ်တားဆီးသွားရန်လည်း လိုအပ်မည်ဖြစ်ပါသည်” ဟု မူးယစ်တိုက်ဖျက်ရေးအခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် သတိပေး ပြောကြား ထားသည်။
မူးယစ် အထူးစစ်ဆင်ရေးများကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ထူးခြားသည့် အောင်မြင်မှုရလဒ်များ မြင်တွေ့နေရပြီး မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ရာတွင် တရားရေးစနစ်များ ပိုမိုတောင့်တင်း ခိုင်မာလာစေရေး၊ စိတ်ဆင်းရဲခြင်း နှင့် အတိဒုက္ခ ခံစားရခြင်းများ ဖြစ်စေသည့် ရာဇဝတ်မှုကွန်ရက်များအား နှိမ်နင်းရေးနှင့် ကျန်းမာရေး၊ လူ့အခွင့်အရေး ဆိုင်ရာ တုံ့ပြန်မှုများ ရရှိနိုင်ရေးတို့အတွက် ထိရောက်သည့် ဆောင်ရွက်မှုများ လိုအပ်မည်ဖြစ်ကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က ပြောသည်။
ယနေ့ ဒေသအလိုက်ဖျက်ဆီးမှုအနေဖြင့် ရန်ကုန်မြို့တွင် တန်ဖိုး ကျပ် ၂၀၈ ဒဿမ ၈၆၉၉ ဘီလီယံ(ကန်ဒေါ်လာ ၁၄၄ ဒဿမ ၀၅ သန်းခန့်)၊ မန္တလေးမြို့တွင် တန်ဖိုး ကျပ် ၅၉ ဒဿမ ၁၃၀၃ ဘီလီယံ(ကန်ဒေါ်လာ ၄၀ ဒဿမ ၇၇၉၅ သန်း ခန့်)၊ တောင်ကြီးမြို့တွင် တန်ဖိုးကျပ် ၃၃၇ ဒဿမ ၃၈၄ ဘီလီယံ(ကန်ဒေါ်လာ ၂၃၂ ဒဿမ ၆၈ သန်းခန့်)နှင့် လားရှိုးမြို့ တွင် တန်ဖိုးကျပ် ၆၀၈ ဒဿမ ၈၅ ဘီလီယံ(ကန်ဒေါ်လာ ၄၁၉ ဒဿမ ၉ သန်းခန့်) တို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်က “အားလုံး ညီညီညွတ်ညွတ်နဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို မတိုက် ဖျက်နိုင်ဘူးဆိုရင် နောင်လာမယ့် ဆယ်စုနှစ်တွေအတွင်းမှာ ကျနော်တို့နိုင်ငံရဲ့ အနေအထားဟာ ယခုထက် ပိုမိုဆိုးဝါးတဲ့ အခြေအနေကို ဆိုက်ရောက်လာမှာ ဖြစ်ပါတယ်”ဟု မန္တလေးမြို့တွင် ယနေ့ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင်ပြောသည်။
ယခုနှစ်ဆန်းပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ချက်လုပ်ရာနေရာများ ဖမ်းဆီးပြီး နောက် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးမှုကို ယခုနှစ်တွင် လားရှိုးမြို့နှင့် ကွတ်ခိုင်မြို့ တို့တွင် တိုးချဲ့ပြုလုပ် ခဲ့သည်။ ကွတ်ခိုင်မြို့တွင် ထိန်းချုပ်ဓာတုဆေးဝါးများ တန်ဖိုးကျပ် ၃ ဒဿမ ၃၇၉ ဘီလီယံ(ကန်ဒေါ်လာ ၂ ဒဿမ ၃၃ သန်းခန့်)အား ဖျက်ဆီးမှုကို ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
ထို ကွတ်ခိုင်မြို့နယ်မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ကောင်းခါးပြည်သူ့စစ်များ နေထိုင်ရာ ကျေးရွာများမှ ဖမ်းဆီးရမိခြင်းဖြစ်ပြီး၊ အဆိုပါ ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်များကို တပ်မတော်က သိမ်းယူကာ၊ ယင်းပြည်သူ့စစ်အဖွဲ့ကို လည်း ဖျက်သိမ်းလိုက်သည်။
အဆိုပါ ကောင်းခါးပြည်သူ့စစ်သည် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် ကိစ္စတွင် ရခိုင်လက်နက်ကိုင် အဖွဲ့ဖြစ်သည့် AA နှင့် ဆက်စပ်နေကြောင်းလည်း နိုင်ငံတကာ စစ်ရေး သုတေသန စာစောင် ဖြစ်သည့် ဗြိတိန်အခြေစိုက် Jane’s Defense Weekly က ဖော်ပြသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တန်ဖိုး ကျပ် ၄၅၁ ဒဿမ ၇၄၆၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃၀၁ ဒဿမ ၁၆၄၂ သန်းကျော်)နှင့် နှိုင်းယှဉ်ပါကလည်း ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၃၈ ဒဿမ ၆၃၆၉ သန်းကျော် ပိုမိုဖျက်ဆီးနိုင်ခဲ့သည်ဟုလည်း သိရသည်။
မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ နှစ်အလိုက် ဖမ်းမိမှုအနေဖြင့်လည်း ၂၀၁၈ ခုနှစ်တွင် ကျပ် ၄၄၂ ဘီလီယံကျော်၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၅၅၅ ဘီလီယံကျော်နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်လ ၁၈ ရက်နေ့အထိ ကျပ် ၉၀၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
မူးယစ်သံသယ တပ်ရင်းမှူးကို ရဲထံအစစ်ခံရန် အစိုးရအသိပေးမှု DKBA မတုံ့ပြန်
ကျပ် ၇၈ ဘီလီယံကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးများ ကွင်းဆက်ဖမ်းမိ
မူဆယ်ကို ပိုက်စိပ်တိုက်ရှာ တရားမဝင် တရုတ်များနှင့် လက်နက်ခဲယမ်းများ ဆက်တိုက်မိ