ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းက တပ်မတော် မိသားစုဝင် လူငယ် ၃ ဦးကို ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း က ရက္ခိုင့်စစ်တပ် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တပ်မတော်မှ သတင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးသွားသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော် စစ်ကြောင်း များက လိုက်လံပြီး ရှာဖွေနေကြောင်းလည်း တပ်မတော်သတင်းပြန်ကြားရေး အဖွဲ့မှ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။
ဗိုလ်ချုပ်ထွန်းထွန်းညီက “ဖမ်းသွားတဲ့ တပ်မိသားစုဝင် ၃ ဦးကို အဲဒီကတည်းက ကျနော်တို့ တပ်မတော် စစ်ကြောင်းတွေက ပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် လိုက်လံပြီး ရှာဖွေနေတာရှိတယ်။ နောက်ဆက်တွဲ အခြေအနေ ကိုတော့မသိရသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မှီခိုသားသမီး လူငယ် ၃ ဦး သည် ဇွန်လ ၂၄ ရက်နေ့ မွန်လွဲ ၃ နာရီ ခွဲ အချိန်ခန့်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကြိမ်သာ ကျေးရွာဘက်သို့ သွားရောက်ခဲ့ရာ ၎င်းကျေးရွာသို့ ရောက်ရှိစဉ် AA တပ်ဖွဲ့ ဝင် များ နှင့် အမာခံများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း တပ်မတော် သတင်း ပြန်ကြား ရေးဌာနမှ ထုတ်ပြန်ထားသည်။

တပ်မတော်စစ်ကြောင်းမှ အသုံးပြုသော အစ္စရေးနိုင်ငံလုပ် စစ်မြေ ပြင်သုံး Skylark l-LEX အမျိုးအစား မောင်းသူမဲ့ ကင်းထောက် လေယာဉ်ငယ် ၁ စီးအား ဇွန်လ ၂၄ ရက် နေ့ သိမ်းဆည်း ရမိခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းအပြင် ထိုမောင်းသူမဲ့ ကင်းထောက် လေယာဉ်အား လာရောက် ရှာဖွေသူရ သေ့တောင် အခြေစိုက် ခမရ ( ၅၃၆ ) တပ်ရင်းမှ တပ်မိ သားစုဝင် လူငယ် ၃ ဦးကို လည်း ဖမ်းဆီးရ မိထား ကြောင်း AA ထုတ် ပြန်ချက်တွင် ရေးသားထားသည်။
ရသေ့တောင် အခြေစိုက် ခမရ ( ၅၃၆ ) တပ်ရင်းမှ ဖမ်းဆီးရမိသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးမှာ တပ်ကြပ်ကြီး အေးကျော်၏သား အသက် ၂၄ နှစ်အရွယ် မောင် ကျော်သူရ၊ တပ်ကြပ် လှရွှေ၏သား အသက် ၂၃ နှစ်အရွယ် မောင်နေဆန်းဦး၊ တပ်ကြပ်ကြီး စံသိန်း၏သား အသက် ၂၀ အရွယ် မောင်မျိုးဟိန်းစံတို့ ဖြစ်ကြောင်း AA ထုတ်ပြန် ချက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြ ထားသည်။
အဆိုပါ ဖမ်းဆီးထားသည့် တပ်မိသားစုဝင် လူငယ် ၃ ဦးကို ပြန်လွတ်၊ မလွတ်ဆို သည်ကို AA အနေဖြင့် ထုတ်ပြန်ထားခြင်း မရှိ သော်လည်း တိုက်ပွဲအတွင်းက ဖမ်းဆီး သွားသည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများကိုတော့ AA တပ်ဖွဲ့ဝင်များက ပြန်လွတ်ပေး လေ့ရှိသည်။
ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ရသေ့တောင်မြို့နယ်အတွင်းက ပြားချောင်းကြီး တံတားအနီးတွင် တပ်မတော်နှင့် AA အဖွဲ့တို့ နှစ်ဘက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အနီးရှိ ရွှေပါရမီ ကျောင်း စစ်ရှောင် စခန်းအနီးသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲ သည့် အတွက် စစ်ရှောင်စခန်းတွင် ဝင်ရောက်ခိုလှုံနေသူ အသက် ၅၆ နှစ်အရွယ် ဦးမောင် အေးညွန့်မှာ ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။
You may also like these stories:
နယ်ခြားစောင့် ယာဉ်တန်းကို AA တိုက်ခိုက် ၃ ဦးကျ၊ ၄ ဦးဒဏ်ရာရ
မြန်မာနိုင်ငံပို့မည့် တရုတ်လက်နက်များ မဲဆောက်တွင်မိ
AA နှင့် ပတ်သက်သည်ဟု သံသယရှိသူ ၆ ဦးအမှု ဒုတိယစွဲချက်အမိန့်ချရန်ရှိ