သတင်း

ကိုဗစ်ကာလ ဘင်္ဂလားဒေ့ရှ်သို့ ကန်ဒေါ်လာ ၂ သန်းကျော် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေး စခန်းမှ တဆင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၀၃၆ သန်း ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများကို ကိုဗစ်ကာလအတွင်း တင်ပို့ တင်သွင်းနိုင်ခဲ့ကြောင်း စစ်တွေ ကုန်သွယ်ရေး စခန်းမှ သိရသည်။

ယခုနှစ် ဧပြီလမှ ဇွန်လ ၁၈ ရက်နေ့အထိ နှစ်နိုင်ငံ ကုန်သွယ်ခဲ့ရာတွင် ပို့ကုန်အနေဖြင့် ဒေါ်လာ ၂ ဒသမ ၀၂၇ သန်း နှင့် သွင်းကုန်အနေဖြင့် ၀ ဒဿမ ၀၀၉ သန်း အထိ ကုန်သွယ်မှု ရှိခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာန၊ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။

ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးမင်းက “ကုန်သွယ်မှု အခြေအနေကတော့ ပုံမှန်ပါပဲ။ ကိုဗစ်ကာလမှာလည်း ပုံမှန်ပဲ လည်ပတ်နေပါတယ်။ အဲဒီမှာ တခု ရှိတာ ကြက်သွန်နီ တင်ပို့မှုကတော့ နည်းနည်း လျော့ကျသွားတာရှိတယ်။ ” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်အနေဖြင့် ကြက်သွန်နီ၊ ငါးမြစ်ချင်း၊ ဇီးဖတ်၊ မန်းကျည်းစေ့၊ ဇီးသီးခြောက်၊ ဂျင်းအစို၊ ငါးခြောက်၊ မန်ကျည်းသီးဖတ် ၊ ကုလားပဲ ၊ ငါးသိုင်းခေါင်းပွ၊ မန်ကျည်းသီးဖတ် ( အစေ့ပါ )နှင့် ငရုတ်သီးခြောက်တို့ကို ပုံမှန်အတိုင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ သွင်းကုန်အနေဖြင့် ဆံပင်၊ T- SHIRT၊ Woven Fabric ( ပိတ်စ )၊ Plastic Water Tank (ရေတိုင်ကီ) နှင့် Metal Water Pot ( ဒန်သတ္တုအိုး ) တို့ ဖြစ်ကြောင်း စစ်တွေ ကုန်သွယ်ရေး ဦးစီးဌာန၏ စာရင်း အချက်အလက်အရ သိရသည်။

စစ်တွေမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးကတော့ နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်း တိုးတက် ရန်မှာ နှစ်ဘက်အစိုးရ ဆက်ဆံရေး ပြေလည်ရန် လိုအပ်သလို စနစ်များ ပြောင်းလဲရန် လိုအပ်ကြောင်း လည်း ထောက်ပြ သည်။

ဦးခင်မောင်ကြီးက “ အဓိကတော့ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဆက်ဆံရေးပိုင်းမှာ ပြေလည်မှု မရှိတော့ နယ်စပ်ကုန်သွယ်မှုတွေက ခဏနေ ပိတ်လိုက် ၊ ခဏနေ ပြန်ဖွင့်လိုက်နဲ့ ဖြစ်နေတယ်။ တည်ငြိမ်မှုမရှိတဲ့ အနေအထား ဖြစ်တယ်။ ကုန်ပစ္စည်း ကုန်သွယ်တဲ့ အခါမှာလည်း အာမခံချက် ရှိတဲ့ ကုန်သွယ်မှု စနစ်တခု ဖြစ်အောင် စနစ်တွေ ပြောင်းပေးဖို့ လိုအပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့သည့် ရေယာဉ်များမှာလည်း ပုံမှန်အတိုင်း သွားလာမှုများရှိသည် ဆို သော်လည်း စစ်တွေဆိပ်ကမ်းသို့ ပြန်လည် ဝင်ရောက် လာသည့် ရေယာဉ်ပေါ်မှ လူများကို ရက်ပေါင်း ၂၀ Quarantine ဝင်ရန် သတ်မှတ်ထားကြောင်းလည်း သိရသည်။

ယခုလ ဇွန်လ ၂၃ ရက်နေ့ကလည်း ဘင်္ဂလားဒေရှ့်နိုင်ငံမှ တဆင့် ကုန်သယ်ရေယာဉ်ဖြင့် လမ်းကြုံလိုက်လာသူ စစ်တွေမြို့ခံ အသက် ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦး တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိခဲ့သဖြင့် စစ်တွေ ဆေးရုံတွင် ကုသမှုခံယူနေပြီး ဆက်စပ်ခဲ့သူများကိုလည်း Quarantine centre များသို့ ပို့ဆောင်ကာ စောင့်ကြည့် ကြပ်မတ်ထားကြောင်းလည်း သိရ သည်။

စစ်တွေမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင် တွေ့ရှိလာသည့်အတွက် မြို့ခံများအကြားတွင် စိုးရိမ်မှုများ မြင့်တက် ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန် သွယ်မှု လုပ်ငန်းများကိုလည်း ယာယီရပ်ဆိုင်းပေးရန် လိုလားနေကြသည်။

စစ်တွေမြို့ခံ ဦးအောင်သန်းဝေက “ အခုပိုးတွေ့တဲ့ လူအားလုံးက ဘင်္ဂလားဒေ့ရှ်က ဝင်လာသူတွေဖြစ်နေတယ်။ လူတွေ ခိုးဝင်တာပဲ ဖြစ်ဖြစ် ၊ တရားဝင် ဝင်ရောက်လာတာပဲဖြစ်ဖြစ် ဒီကိစ္စတွေ အားလုံးအပေါ် အစိုးရမှာ တာဝန်ရှိ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဒုညွန်မှူး ဦးမျိုးမင်းက နယ်စပ် ကုန်သွယ်မှု ပိတ်၊ မပိတ်ဆိုသည်ကို အစိုးရအဖွဲ့၏ လမ်းညွန်ချက် အတိုင်းသာ ဆက်လုပ်မည် ဖြစ်ကြောင်း ပြောသည်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူမှာ သံတွဲမြို့နယ်မှ ၁ ဦး ၊ တောင်ကုတ်မြို့နယ်မှ ၁ ဦး ၊ စစ်တွေမြို့ နယ်မှ ၁ ဦးနှင့်မောင်တောခရိုင်အတွင်းက ၉ ဦး စုစုပေါင်း ၁၂ ဦးရှိကြောင်း သိရသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

You may also like these stories:

ရခိုင်စစ်ပွဲကြောင့် စစ်ဘေးရှောင် ၁သိန်း ၆သောင်းကျော်ရှိလာဟု REC ထုတ်ပြန်

ခိုးဝင်လာသူများမှ ပိုးတွေ့သူ ပါ၍ မောင်တောဒေသခံတချို့ ဆန္ဒပြ

မောင်တောမြို့နယ်သို့် ဘင်္ဂလားဒေ့ရှ်ဘက်မှ ၂ ဦး တရားမဝင် ထပ်ရောက်လာ

Loading