ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်းကျေးရွာမှ အရပ်သား ၁ ဦးမှာ ဇွန်လ ၂၅ ရက်နေ့ ညနေ ၉ နာရီခန့်တွင် တပ်မတော်က ပစ်ခတ်၍ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များ က ပြောသည်။
သေဆုံးသွားသူ ကျောက်တွင်းကုန်းကျေးရွာသားမှာ အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်သိန်းဖြစ်ပြီး ရွာသား ၄ ဦးနှင့်အတူ ထိုနေ့ ညပိုင်းက ငါးရှာရန် ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေသခံရွာ သားများက ပြောသည်။
ထိုသို့ လေးမြို့မြစ် ကမ်းဘေးတွင် ငါးရှာနေစဉ် မြစ်တဖက်ကမ်း ပန်းမြောင်း ကျေးရွာ ဘုရားတောင်ကုန်း ပေါ်တွင် တပ်စွဲထားသည့် တပ်မတော်သားများကလှမ်း၍ ပစ်ခတ်ခြင်း ဖြစ်ကြောင်း သေဆုံးသူ ဦးအောင်ကျော်သိန်း၏ ညီဖြစ်သူ ဦးမောင် စောရွှေက ပြောသည်။
မောင်စောရွှေ က “ကျနော် အစ်ကိုနဲ့ ရွာသား ၄ ယောက် မြစ်ကမ်းဘေးမှာ ကွန်သွားပစ် (ငါးရှာ) တဲ့ အခါ မြစ်တဖက်ကမ်း ပန်းမြောင်းရွာ ဘုရားတောင် ပေါ်မှာနေတဲ့ စစ်သားတွေက လှမ်းပစ်လို့ အဲဒီ ကျည်ထိတဲ့ ဒဏ်ရာနဲ့ပဲ ကျနော့် အစ်ကို ဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံကျေးရွာသားများကတော့ မည်သည့်အတွက် လှမ်းပစ်သည်ကို တိတိကျကျ မသိသော်လည်း မြစ်တဖက်ကမ်းတွင် ဘုရား တောင်ပေါ်တွင် တပ်စွဲ နေထိုင်သည့် တပ်မတော်သားများက မီး အလင်း ရောင်မြင်သည့်အတွက် မသင်္ကာမှုဖြစ်ကာ လှမ်းပစ်ခြင်း ဖြစ်နိုင် ကြောင်း ယူဆကြသည်။
ဒေသခံကျေးရွာသားတဦးက “သေနတ်သံတွေကြားရတယ်။ အဲဒီနောက်ပိုင်းမှာ ရွာသား ၄ ယောက်က ကိုအောင် ကျော်သိန်းကို ထမ်းပြီး ပြေးလာကြတယ်။ အိမ်ရောက် တာနဲ့ ဆုံးသွားတယ်။ ကျနော် တို့ ယူဆတာကတော့ ခေါင်းပေါ်မှာ သရေနဲ့ပတ်ပြီး ဓာတ်မီးထွန်းပြီးတော့ မြစ်ကမ်းမှာ ငါးရှာကြတာကို မသင်္ကာဖြစ်ပြီး တော့လှမ်း ပစ်တာလို့ ထင်တယ်။ ဘယ်လိုဖြစ်ဖြစ် ဒီလို မဆင်ခြင် ပစ်တာက တော့ မကောင်းဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဦးအောင်ကျော်သိန်း သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းပြန်ကြား ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီအား ဧရာဝတီမှ ဆက် သွယ်မေးမြန်းခဲ့ရာ ဖြစ်စဉ်အပေါ် ၎င်းအနေဖြင့် မသိရှိသေးကြောင်း ဖြေကြားသည်။
ထိုသေဆုံးမှုအတွက် တာဝန်ရှိသူ တပ်မတော်သားများကို အရေးယူပေးစေလို ကြောင်းလည်း သေဆုံးသူ ဦးအောင်ကျော်သိန်း၏ မိသားစုဝင်များက ပြောသည်။
သေဆုံးသူ ဦးအောင်ကျော်သိန်း ၏ညီဖြစ်သူ ဦးမောင်စောရွှေ က “ကျနော်တို့ ရိုးရိုးသားသား ရှာဖွေစားသောက်လို့ မရတော့ဘူး။ ဒီလိုလူမြင်တာနဲ့ လှမ်းပစ်တယ်။ ပစ်ချင်သလို ပစ်နေမယ်ဆိုရင် သူတို့ (တပ်မတော်) ရခိုင်ပြည်နယ်မှာ မရှိမှ အေးချမ်းတော့မယ်။ ကျနော့်အစ်ကို သေဆုံးမှုအတွက် တာဝန်ရှိတဲ့ ဘုရားတောင် ပေါ်က စစ်သားတွေကိုလည်း အရေး ယူပေးစေချင်တယ်” ဟု ပြောသည်။
ညာဘက်နို့အုံအောက်တွင် ရရှိခဲ့သော သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသူ ဦးအောင်ကျော်သိန်း၏ အလောင်းအား ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက မြောက်ဦး ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲဆေးစစ်ချက်များရယူပြီး ၂၆ ရက်နေ့မွန်းလွဲပိုင်းတွင် မီးသဂြိုလ်ခဲ့ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော် နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန် ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွားနေသည်မှာ ၂ နှစ်နီးပါး ကြာမြင့် လာမှုနှင့်အတူ စစ်ဘေးရှောင် အရေအတွက်မှာ ၂ သိန်းနီးပါးရှိကာ ဒေသခံပြည် သူများမှာလည်း အသက်လု ထွက်ပြေးနေကြရသည်။
မိုင်းပေါက်ကွဲမှု အပါအဝင် လက်နက်ကြီး ၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည် သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး ၊ ဒဏ် ရာ ရရှိနေမှုနှင့် အတူ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှို့ခံ ရမှုများ လည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲ လည်း ဖြစ်သည်။
You may also like these stories:
ရသေ့တောင်က တပ်မိသားစုဝင် လူငယ် ၃ ဦးကို AA ဖမ်းဆီးထား
နယ်ခြားစောင့် ယာဉ်တန်းကို AA တိုက်ခိုက် ၃ ဦးကျ၊ ၄ ဦးဒဏ်ရာရ
ကျောက်တော် အပေါက်ဝရွာတွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦး ဒဏ်ရာရ