သတင်း

ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော

နိုဝင်ဘာလတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းဖြစ်စေရန် အာမခံကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ရန်ကုန်မြို့၌ ဇွန်လ ၂၇ ရက်တွင် ကျင်းပသည့် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံရေးပါတီများအား ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ပွဲရလဒ် တထပ်တည်းကျမကျ ဆရာတို့သိပြီးသား။ ကျနော်မပြောဘူး။ ဒီနှစ်မှာ ကျနော်ကိုယ်တိုင် အာမခံတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်သူ့တွေရဲ့ တကယ့် ဆန္ဒနဲ့ ကျနော်တို့ မှတ်ကျောက်တင်တာနဲ့ တကယ့်ကို တထပ်တည်းကျရမယ်” ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှုရှိစေခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ်တထပ်တည်း ကျစေခြင်းဆိုသည့် စံနှုန်း ၅ ချက်နှင့် အညီ ကျင်းပသွားမည်ဟုလည်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ ဦးလှသိန်းက “အမှားအယွင်းမပါစေရဘူး။ ဘက်လိုက်မှု မပါစေရဘူး။ ကျနော်တို့ ဒီစံ ၅ ချက်နဲ့ ကိုက်ညီအောင်လုပ်မယ်ဆိုရင် ဆရာတို့ ကျနော်တို့ အပေါ်မှာ ကျေနပ်သင့်ပါတယ်။ ကျနော်တို့ ဒီ ၅ ချက်ကို အာမခံပြီးလုပ်မှာပါ” ဟု ပြောကြားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၇ ပါတီ ရှိနေသည်ဖြစ်ရာ အဘယ်ကြောင့် ဤမျှအထိ နိုင်ငံရေးပါတီများ များပြားနေရသည်ကို နိုင်ငံရေးပါတီများက ပြန်လည်သုံးသပ်သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

နိုင်ငံရေး အယူအဆအမျိုးမျိုးဖြင့် ကွဲပြားစွာဆောင်ရွက်နေပါက အဆင်ပြေမည် မဟုတ်ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်မှုများသည် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလနှင့် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလက လုပ်ဆောင်ခဲ့သော ယခင်ကော်မရှင်၏ လုပ်ဆောင်မှုများထက် နောက်ကျမှုမရှိသေးကြောင်း ဦးလှသိန်းက ပြောဆိုခဲ့သည်။

“ကော်မရှင်က နောက်ကျရင်ပြောပါ။ သူတို့ထက်နောက်မကျဘဲ ကျနော်တို့ကို ပြောနေတာ၊ ဝေဖန်တာက သဘာဝမကျပါဘူး” ဟု ၎င်းက ပြောဆိုခဲ့သည်။

နိုင်ငံရေးပါတီပေါင်း ၉၄ ပါတီကလည်း ရွေးကောက်ပွဲကော်မရှင်ကို အပြစ်ပြောနေခြင်းထက် ပြည်သူတွေ ယုံကြည်မှုရပြီး ရွေးကောက်ပွဲအနိုင်ရခြင်းဖြင့် မှတ်ကျောက်အတင်ခံနိုင်ရန် ကြိုးပမ်းသင့်သည်ဟုလည်း ဦးလှသိန်းက ပြောဆိုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကမူ ကော်မရှင် ဥက္ကဋ္ဌ၏ အဖွင့်ပြောစကားသည် အားရ ကျေနပ်ဖွယ် မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အကြားမှာ ယုံကြည်မှုအားနည်းနေတဲ့အပေါ်မှာ ယုံကြည်မှုကို ဘယ်လိုတည်ဆောက်ပြီး ရှေ့ကို Working Plan ဘယ်လိုသွားမလဲ စဉ်းစားနေတာပေါ့။ ဒါပေမယ့် ကြားလိုက်ရတာက ခင်ဗျားတို့က ကျုပ်ကို မယုံဘူးပြောတယ်။ ကျုပ်ကို ယုံရမယ်။ ကျုပ်က မှန်မှန်ကန်ကန်လုပ်နေတာ။ ရှေ့ကော်မရှင်တုန်းက ဘယ်လို မဟုတ်တာတွေလုပ်ခဲ့တာ ဒါတွေပြောနေတယ်။ အမှန်တော့ ဒါတွေမလိုဘူးလေ” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးကိစ္စဆောင်ရွက်ပါက အဝေဖန်ခံရတတ်ပြီး ဝေဖန်ခံရမှုကို လက်မခံဘဲ နိုင်ငံရေးပါတီများအား အပြစ်ပြောနေခြင်းသည် သဘာဝမကျဟုလည်း ဒေါက်တာနန္ဒာလှမြင့်က မှတ်ချက်ပေးသည်။

ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း UEC အနေနှင့် နိုင်ငံရေးပါတီများအား ပြောဆိုဆက်ဆံရာတွင် လိုအပ်ချက်များစွာ ရှိနေသည်ဟု ပြောဆိုသည်။

“ကျနော်တို့ ကယန်းအမျိုးသားပါတီက ပါတီငယ်လေးတခုပဲ ကျနော်တို့ ၂၀၁၅ တုန်းက မနိုင်ခဲ့ဘူးပေါ့။ ပြည်သူမယုံကြည်တဲ့အတွက်ကြောင့်လို့ အဲဒီလို သုံးသပ်ပြီးတော့မှ ပြောတယ်။ ဒါက လုံးဝမှားတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပါတီများ သည် ၎င်းတို့၏ ကိုယ်ပိုင်ရပ်တည်ချက်အရ နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းလှုပ်ရှားခြင်း ဖြစ်ပြီး လူမျိုးစုငယ်များကို ကိုယ်စားပြုသည့် ပါတီများသည် ၎င်းတို့ကိုယ်စားပြုထားသည့် လူမျိုးစုအတွက် ရွေးကောက်ပွဲရလဒ်မည်သို့ပင်ဖြစ်စေ ရွေးကောက်ပွဲဝင်ရမည့် တာဝန်တရပ်ရှိကြောင်း ခွန်းဘီထူးက ရှင်းပြသည်။

“ရွေးကောက်ပွဲကော်မရှင်အနေနဲ့က ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရမှာက သူ့တာဝန်ပဲဖြစ်တယ်။ အခုဝေဖန်ပြီး နိုင်ငံရေးပါတီတွေကို ထိုးနှက်တာက အရမ်းကို မှားတယ်လို့ ယူဆတယ်။ ကျနော်ကတော့ ကော်မရှင်ဘက်က အခုလို ဖြေကြားတဲ့ဟာတွေရော၊ နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံတာမှာ အရည်အချင်း အရမ်းလိုတယ်လို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်ကမူ လက်ရှိရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော ယခင် ရွေးကောက်ပွဲကော်မရှင်ထက် အရပ်ဘက်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရာတွင် နည်းပါးသည်ကို တွေ့ရကြောင်းဆိုသည်။

“၂၀၁၄ နှောင်းပိုင်းကနေစပြီး အရင်ကော်မရှင်ကကျတော့ နိုင်ငံရေးပါတီတွေနဲ့ ရော၊ အရပ်ဘက်အဖွဲ့တွေနဲ့ပါ ပုံမှန်တွေ့တာရှိတယ်။ သုံးလ တခါပေါ့ဗျာ။ တွေ့ပြီးတော့ ညှိနှိုင်းဆွေးနွေးတာတွေ ရှိတယ်။ ဒီကော်မရှင်ကတော့ ဒီလို Communication Channel တွေကို မလုပ်ဘူး။ အဲဒီတခုတော့ ကွာတာပေါ့။ ကျန်တာတော့ ရွေးကောက်ပွဲ ကျမှပဲ သေချာသိရမယ်” ဟု ၎င်းက သုံးသပ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိပြီး ထိုစာရင်းတွင် တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များ၏ အခြေခံ မဲစာရင်းများ ထည့်သွင်းရန် ကျန်ရှိသေးကြောင်းနှင့် မဲဆန္ဒနယ်များအလိုက် မဲပေးခွင့်ရှိသူများ၏ အမည်စာရင်းများကို ရွေးကောက်ပွဲ မတိုင်မီ ကြေငြာပေးသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

UEC ၏ ၂၀၂၀ ခုနှစ် မေလအတွင်း ထုတ်ပြန်ထားသည့် စာရင်းများအရ တည်ဆဲ မှတ်ပုံတင်ထားသည့် ပါတီ ၉၇ ပါတီ ရှိပြီး ပြည်ထောင်စု တဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပပါတီ ၇၉ ပါတီ၊ တိုင်းဒေသကြီး/ပြည်နယ် တခုတည်းတွင်သာ စည်းရုံးမည့် နိုင်ငံရေးပါတီ ၁၈ ပါတီ၊ ယာယီရပ်ဆိုင်းထားသော နိုင်ငံရေးပါတီ ၃ ပါတီ ရှိသည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများ ညီညွတ်အင်အားကောင်းလာ

တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော

၈၈ မျိုးဆက်များ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်သူ့ပါတီ တိုက်တွန်း

Loading