သတင်း

“နယ်မြေရှင်းလင်းမည်”ဆိုသည့် ညွှန်ကြားချက် ရသေ့တောင်မြို့နယ်တွင် ပြန်ရုတ်သိမ်း

ပြည်သူများ ထိတ်လန့်မှု ရှိခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင်လွဲမှားခြင်းတို့ ရှိနိုင်သဖြင့် ရသေ့တောင်မြို့ နယ်၊ ကျောက်တန်းကျေးရွာ အနီးတဝိုက်တွင် “နယ်မြေ ရှင်းလင်းမည်”ဆိုသည့် ညွှန်ကြားချက်ကို မနေ့က ပြန်လည် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အနီးတဝိုက်တွင် ရက္ခိုင်စစ်တပ် (AA) အဖွဲဲ့ ဝင် လူအင်အား ၂၀၀ ခန့် ရောက် ရှိလှုပ်ရှားနေကြောင်း သတင်းအရ တပ်မတော်က စစ်ဆင်ရေး ပြုလုပ်မည်ဖြစ်ရာ တိုက်ပွဲဖြစ်ပါက ပြည်သူများ ထိခိုက် နိုင်ကြောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ပြည်နယ် အစိုးရအဖွဲ့ ထံသို့ ဇွန်လ ၂၁ ရက်နေ့တွင် အကြောင်း ကြားလာခဲ့သည်ဟု သိရသည်။

ရခိုင် ပြည်နယ်အစိုးရအဖွဲ့ မှ ဗိုလ်မှူးကြီး မင်းသန်းက တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမည် ဖြစ်၍ ကျောက်တန်းကျေးရွာအနီးမှ ပြည်သူများကို တိမ်းရှောင်ရန် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေး ရွာများသို့ အကြောင်းကြားရာတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက နားလည်မှုလွဲ၍ ရွာပေါင်းများစွာကို ထပ်မံ ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“မြို့နယ် အုပ်ချုပ်ရေးမှူးက နားလည်မှု လွဲတယ်နဲ့ တူတယ်။ ကျောက်တန်း တဝိုက်နှင့် မဟုတ်ဘူး။ ရွာပေါင်း ၄၀ လောက်ကို အကုန်အမိန့်ထုတ်လိုက်တယ်။ အမှန်က ကျောက်တန်းရွာတဝိုက်မှာ ၄၊ ၅ ရွာပဲ ရှိတာ။ အဲဒီလူတွေ အန္တရာယ် ဖြစ်မှာဆိုးလို့ ပြောတာ။ သူထုတ်လိုက်တာကို နောက်မှ သိရတယ်။ အဲလိုလုပ်လိုက်တော့ လူတွေက စိုးရိမ်ပူပန်သွားတယ်”ဟု ဗိုလ်မှူးကြီး မင်းသန်းက ပြောသည်။

၎င်းက ဆက်၍ “ကျနော်တို့ကလည်း အဲဒီကြေးနန်းက ၂၁ ရက်နေ့က ထွက်ပေမယ့် လက်ထဲကို ရောက်တာက ၂၃ ရက်နေ့မှ ရောက်တယ်။ နောက်ကျတယ်။ အားချင်းပဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို ခိုင်းလိုက်တယ်။ မင်းတို့ အဲလို တိုက်ပွဲတွေ ဖြစ်တော့မယ်။ ဖြစ်ရင် ရွာသားတွေ ထိတော့မယ်။ ရွာသားတွေကို ကာကွယ်မပေးနိုင်ဘူး ဖြစ်လိမ့်မယ် ဆိုပြီးတော့ အထိအခိုက် မရှိအောင် စီစဉ်ပါဆိုပြီး မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို စာကို ပို့လိုက်တာ”ဟု ရှင်းပြသည်။

ယင်းထုတ်ပြန်ချက်ကြောင့် ရသေ့တောင်ဒေသခံများမှာ ထိတ်လန့်တုန်လှုပ်လျက်ရှိပြီး စစ်တွေနှင့် ရသေ့တောင်မြို့နယ်များ သို့ ထွက်ပြေးလာသူများရှိကြောင်း၊ တချို့မှာလည်း အနီးနားရှိ ကျေးရွာများသို့ ရွေ့ ပြောင်းနေထိုင်ကြကြောင်း၊ ရသေ့တောင်မြို့ ပေါ်တွင် ထွက်ပြေးလာသူ ထောင်ဂဏန်းရှိကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

ဒေါ်ခင်စောဝေက “အားလုံးက ထွက်ပြေးနေကြရတယ်။ ဒီလိုမျိုး အမှန်ဆိုရင် စာထုတ်ဖို့လည်း မသင့်ဘူး။ ပိုပြီးတော့ လူတွေကို အမုန်းတရား များသွားစေတယ်။ နောက်ပြီးတော့ စစ်ဘေးရှောင်တွေက အဲဒီဘက်မှာ အရမ်းကို အခက်အ ခဲတွေ ဖြစ်နေတယ်။ လယ်တွေလည်း ထွန်လို့ မရဘူး။ ရွာသားတွေက ထိတ်လန့်နေတဲ့အချိန်မှာ ဒီလိုစာထုတ် လိုက် တာက လူတွေကို ပိုပြီးတော့မှ အခက်အခဲ တွေ့ စေတယ်”ဟု ပြောသည်။

ယခုလည်း ၎င်းမှာ ရသေ့တောင်မြို့နယ် ကျေးရွာတချို့မှ ထွက်ပြေးလာသူများကို ထိုင်စောင့်နေခြင်းဖြစ်ပြီး ကျောက်တန်း ကျေးရွာအနီးတွင် ကျေးရွာပေါင်း ၄၃ ရွာ ရှိကြောင်း၊ ယင်းဒေသတွင် ကျေးရွာ ၄၊ ၅ ရွာ အနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ပြောသည်။

“ဒီလိုစာမျိုးထုတ်တယ်ဆိုရင် အစိုးရက တာဝန်ယူမှု ရှိရမယ်။ ဘယ်လို တွေ့ ကြုံနိုင်တယ်ဆိုတာကို တာဝန်ယူမှု ရှိရှိနဲ့ ကူညီရမယ်။ ဆိုလိုတာက သူတို့ကိုယ်တိုင် ဘေးလွတ်ရာကို ရွေ့ ပေးရမယ်။ အန်တီတို့နဲ့ ပူးပေါင်းလုပ်သင့်တယ်။ အခုလို မျိုး ထုတ်ပြန်တာကိုတော့ လက်ခံစရာ အကြောင်းမရှိဘူးလို့ ပြောချင်တယ်”ဟု ဒေါ်ခင်စောဝေက ပြောသည်။

တပ်မတော်ဘက်ကမူ AA အဖွဲ့ သည် ဇွန်လ ၂၁ ရက်နေ့ မတိုင်မီက ရသေ့တောင်မြို့နယ်၏ မြောက်ဘက် ကျောက်တန်းရွာ ပတ်ဝန်းကျင်သို့ ရောက်ရှိ နေရာယူလာကြောင်း၊ ကျောက်တန်းရွာ၏ အရှေ့ဘက်ခြမ်းတွင် ရှိနေပြီး တပ်မတော်က အနောက်ဘက်ခြမ်းတွင် တပ်ချင်း ဆိုင်ထားသည့် အနေအထားသို့ ရောက်ရှိနေရာ ကျေးရွာထိခိုက်မည် စိုးရိမ်သဖြင့် ရှောင်ခိုင်းခြင်း ဖြစ်ကြောင် ပြောသည်။

ဗိုလ်မှူးကြီး မင်းသန်းက“တပ်ကလည်း အကြောင်းကြားတာက ကျောက်တန်းမှာရှိနေတဲ့ AA ကို တိုက်မယ်။ တိုက်မယ် ဆိုတော့ ရွာသားတွေလည်း လက်ကျန်ရှိကောင်းရှိနိုင်တယ်ပေါ့နော်။ ရွာသားတွေက AA နဲ့ ရောထွေးနေရင် ရွာသားတွေ ထိခိုက်ကုန်မှာဆိုးလို့ တပ်က ရွာသားတွေကို တတ်နိုင်သမျှရှောင်ပေးဖို့ ဒါမျိုးတွေ ညွှန်ကြားလာတာ”ဟု ရှင်းပြသည်။

ထို့ပြင် ကျေးရွာများကို ရှောင်တိမ်းရန် ညွှန်ကြားချက်တွင်လည်း “နယ်မြေရှင်းလင်းမည်”ဆိုသည့် အသုံးမှာလည်း ပြဿနာ ရှိနေကြောင်း၊ တပ်မတော်သားမျးအတွက် သုံးနေကြဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းက အဓိပ္ပါယ် လွဲမှားစွာကောက်ယူပြီး ဘာသာပြန်ပါက ပိုမိုရူပ်ထွေးနိုင်သဖြင့် ယင်းကြေးနန်းကိုလည်း မနေ့က ရုတ်သိမ်းလိုက်ကြောင်း ဆိုသည်။

နယ်မြေရှင်းလင်းရေးဆိုသည်မှာ တပ်မတော်က အကြမ်းဖက်သမားများ၊ လက်နက်ကိုင်များကို ရှင်းလင်းရာတွင် သုံးစွဲခြင်းဖြစ်သော်လည်း နိုင်ငံတကာ အဖွဲ့ အစည်းများက ရွာများကို ရှင်းလင်းခြင်း၊ ကျေးရွာနေပြည်သူများကို ရှင်းလင်းသည်ဟု စွပ်စွဲလေ့ရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ပြောသည်။

“ရသေ့တောင်မှာက တိုက်ပွဲတွေ ရှိခဲ့တယ်။ အခုလည်း ရှိနေတယ်။ ရသေ့တောင်နဲ့ ဘူးသီးတောင်ကြားမှာ အမြန် ရေ ယာဉ်အဖမ်းခံရပြီး နောက်ပိုင်းမှာ အခြေအနေတွေက ပိုဆိုးလာတာ တွေ့ ရတယ်။ ဘူးသီးတောင်နဲ့ အဲဒီဘက်မှာ AA ကလည်း တော်တော် လွှမ်းမိုးထားနိုင်တယ်”ဟု ၎င်းက ပြောသည်။

သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ နယ်မြေရှင်းလင်းရေး ဟူသော အသုံးအနှုန်း ပါဝင်မှု နှင့်ပတ်သက်၍ နားလည်မှု လွဲမှားနိုင်သဖြင့် သုံးစွဲခြင်းမပြုရန် တပ်မတော်ကိုရော၊ ရဲတပ်ဖွဲ့ကိုပါ နိုင်ငံတော်အစိုးရက ယခင်ကပင် ပြောကြားထားပြီး ဖြစ်ကြောင်း ပြောသည်။

ယခုလည်း သုံးစွဲခြင်း မပြုရန် တိုင်းစစ်ဌာနချုပ်သို့ လုံနယ်ဝန်ကြီးကတစ်ဆင့် ထပ်မံ ပြောထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များဖြင့် ဖွဲ့စည်းထားသော facebook ဂရုမှတဆင့် သတင်းစကားပါးသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ AA က ယင်းဒေသသို့ အခြေစိုက်စခန်း ရရှိရေး ကြိုးစားလာပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မအောင်မြင်သေးပေ။

Loading