ကိုဗစ်-၁၉ ကြောင့်သေဆုံးမှုနှုန်းသည် တနင်္ဂနွေနေ့တွင် ၅ သိန်းရှိလာကြောင်း Reuters ၏ စာရင်းအရ သိရပြီး အချို့သောဒေသများတွင် ကူးစက်ရောဂါ ပထမလှိုင်းနှင့် လုံးပမ်းနေရဆဲအချိန် အချို့သော နိုင်ငံများတွင်မူ ထိုကူးစက်ရောဂါ ပြန်လည်ခေါင်းထောင်လာသောကြောင့် စိုးရိမ်စရာ အမှတ်သို့ရောက်လာသည်။
ကိုရိုနာဗိုင်းရပ်သစ်ကြောင့်ဖြစ်ပွားသော ထိုအသက်ရှူလမ်းကြောင်းရောဂါသည် သက်ကြီးရွယ်အိုများအတွက် အထူးအန္တရာယ်များပြီး အရွယ်ရောက်ပြီးသူများနှင့် ကလေးများလည်း သေဆုံးသူ ၅ သိန်းတွင် ပါဝင်ကာ ကူးစက်သူ ၁၀ သန်း ကျော်ပြီဖြစ်သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း သေဆုံးမှုကျဆင်းသွားသော်လည်း အမေရိကန်ပြည်ထောင်စု၊ အိန္ဒိိယနှင့် ဘရာဇီးကဲ့သို့သော နိုင်ငံများနှင့် အာရှတိုက်အစိတ်အပိုင်းများတွင် ရောဂါကူးစက်မှုသစ် စံချိန်တင်မြင့်မားလာသောကြောင့် ကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်သောရောဂါများကြောင့် ၂၄ နာရီတိုင်းတွင် လူ ၄၇၀၀ သေဆုံးနေကြောင်း Reuters သတင်းဌာန၏ ဇွန်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့တွင်း ပျမ်းမျှ တွက်ချက်မှုအရ သိရသည်။
ထိုနှုန်းသည် တနာရီလျှင် လူ ၁၉၆ ယောက်သေဆုံးပြီး ၁၈ စက္ကန့်တိုင်း လူတဦးသေဆုံးနေခြင်းနှင့်ညီမျှသည်။
သေဆုံးမှုအားလုံး၏ လေးပုံတပုံမှာ အမေရိကန်ပြည်ထောင်စုမှဖြစ်ကြောင်း Reuters အချက်အလက်များအရ သိရသည်။ ကန့်သတ်မှုများ ပြန်လည်ရုတ်သိမ်းဖွင့်လှစ်မှုစောသည့် တောင်ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်အနည်းငယ်တွင် မကြာသေးမီက ရောဂါဖြစ်ပွားမှုမြင့်မားလာခြင်းသည် အပြင်းထန်ဆုံးဖြစ်သည်။
တနင်္ဂနွေနေ့တွင် လက်တင်အမေရိကမှ ရောဂါဖြစ်ပွားမှုသည် ဥရောပတွင် ဖြစ်ပွားမှုကို ကျော်လွန်သွားပြီး ထိုဒေသသည် မြောက်အမေရိကပြီးလျှင် ဒုတိယ အဆိုးဆုံးရောဂါကူးစက်သောဒေသဖြစ်လာသည်။
မှတ်တမ်းအရ ကိုရိုနာဗိုင်းရပ်ကြောင့် ပထမဆုံးသေဆုံးမှုသည် ဇန်နဝါရီလ ၉ ရက်နေ့က ဖြစ်ပွားပြီး ရောဂါစတင်ဖြစ်ပွားသည့် နေရာအဖြစ် သတ်မှတ်ထားသော အသားငါးဈေးတွင် ပုံမှန်ဈေးဝယ်သည့် အသက် ၆၁ နှစ်အရွယ် အမျိုးသားဖြစ်သည်။
ငါးလအတွင်းတွင် ကိုဗစ်-၁၉ ကြောင့်သေဆုံးသူအရေအတွက် အသေအပျောက် အများဆုံးကူးစက်ရောဂါဖြစ်သည့် ငှက်ဖျားကြောင့် နှစ်စဉ်သေဆုံးမှုနှုန်းကို ကျော်တက်သွားသည်။
သေဆုံးမှု ပျှမ်းမျှမှာလစဉ် လူ ၇၈၀၀၀ ရှိပြီး ခုခံမှုစွမ်းအားကျရောဂါကြောင့်သေဆုံးမှုမှာ ၆၄၀၀၀ နှင့် ငှက်ဖျားကြောင့်သေဆုံးမှုမှာ ၃၆၀၀၀ နှုန်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ၂၀၁၈ ခုနှစ် စာရင်းများအရ သိရသည်။
မြင့်မားသည့် သေဆုံးမှုနှုန်းကြောင့် ကမ္ဘာတဝန်း ရိုးရာအစဉ်အလာ ဘာသာရေး ထုံးစံများ ပြောင်းလဲကုန်ပြီး ကွယ်လွန်သူများထားရှိရာ အအေးတိုက်များနှင့် နာရေးဝန်ဆောင်မှုလုပ်ငန်းများ မနိုင်မနင်းဖြစ်ကာ ကျန်ရစ်သူမိသားစုများ နာရေးပို့ဆောင်ခြင်းကို တားဆီးပိတ်ပင်ခံရသည်။
အစ္စရေးတွင် မွတ်ဆလင်သေဆုံးသူများကို ရေချိုးပေးသည့် အစဉ်အလာကို ခွင့်မပြုဘဲ အဝတ်ဖြင့်အုပ်သည့်အစဉ်အလာအစား ပလပ်စတစ်အလောင်းအိတ်တွင် ထုတ်ပိုးစေသည်။ ကျန်ရစ်သူဆွေမျိုးများ၏ အိမ်သို့ မိတ်ဆွေများ ၇ ရက်ကြာသွားရောက်ရသည် ဂျူး ရှီဗာ အစဉ်အလာလည်း ရပ်တန့်သွားသည်။
အီတလီတွင်ကက်သလစ် ဘာသာဝင်များကို ဈာပနအခမ်းအနားပြုလုပ်ခြင်းနှင့် ဘုန်တော်ကြီးတပါးက ကောင်းချီးပေးသည့် အစဉ်အလာမပါဘဲ သေဆုံးသူများကို မြှုပ်နှံကြသည်။ နယူးယောက်တွင် မြို့တော်မီးသဂြိုလ်စက်သည် အချိန်ပိုလုပ်ခဲ့ရပြီး အရာရှိများက ယာယီသဂြိုလ်သောနေရာကို စောင့်ကြပ်ကာ ညအထိ မီးသဂြိုလ်ကြရသည်။
အီရတ်တွင် ယခင်ပြည်သူစစ်များသည် သေနတ်များကိုချထားကာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူများကို မြှုပ်နှံရန် ကျင်းများကို အထူးဖန်တီးထားသည့် သင်္ချိုင်းတွင် တူးနေခဲ့ရသည်။ ခရစ်ယာန်ကို မည်သို့ မြှုပ်နှံသင်္ဂြိုလ်ရမည်၊ မွတ်ဆင်ကို မည်သည့် မြှုပ်နှံသင်္ဂြိုလ်ရမည်ကို ၎င်းတို့လေ့လာသိရှိလာကြသည်။
ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများက ဒေသအသီးသီးတွင် သေဆုံးမှုနှုန်းများအပေါ် လူဦးရေဖွဲ့စည်းမှုက မည်သို့သက်ရောက်သည်ကို လေ့လာကြသည်။ ဥပမာဆိုရပါက အသက်အရွယ်ကြီးရင့်သူ အများအပြားရှိသော ဥရောပနိုင်ငံများသည် သေဆုံးမှုနှုန်းမြင့်မားသည်။
ဥရောပ ရောဂါတားဆီးထိန်းချုပ်ရေးဌာန၏ ဧပြီလ အစီရင်ခံစာတစောင်တွင် နိုင်ငံပေါင်း ၂၀ မှ ကူးစက်မှု ၃ သိန်းကိုလေ့လာပြီး သေဆုံးသူများ၏ ၄၆ ရာခိုင်နှုန်းသည် အသက် ၈၀ အထက်များဖြစ်ကြောင်းဖေါ်ပြထားသည်။
အင်ဒိုနီးရှားတွင် ကလေး ရာပေါင်းများစွာ သေဆုံးသည်ဟု ယူဆရပြီး ထိုသိုဖြစ်ရသည့်အကြောင်းရင်းမှာ အာဟာရ ချို့တဲ့ခြင်း၊ သွေးအားနည်းခြင်းနှင့် ကလေးကျန်းမာရေးဆိုင်ရာ အဆောက်အအုံကိရိယာ မလုံလောက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျန်းမာရေးအရာရှိများပြောသည်။
တရားဝင်စာရင်းများသည် ဇာတ်လမ်း တစုံလုံးကို ပြောပြနိုင်ခြင်း မရှိဟု ကျန်းမာရေး ကျွမ်းကျင်သူများပြောပြီး အများအပြားက အချို့သော နိုင်ငံများတွင် ကူးစက်နှုန်းနှင့် သေဆုံးမှုနှုန်းတို့ကို လျှော့ချဖေါ်ပြထားဖွယ်ရှိကြောင်း ယုံကြည်ကြသည်။
ကိုးကား။ ။ Reuters, Nikkei Asian Review
You may also like these stories:
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ သန်းကျော်ရှိလာ
ဘရာဇီးမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၅ သောင်း ကျော်ပြီ
ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်လာသော ဘေ့ဂျင်းတွင် ကန့်သတ်ပိတ်ဆို့မှု ပြန်လုပ်