အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ များကို တပ်မတော်က ချေမှုန်းရန် ကြိုးစားနေသော်လည်း ယင်းအဖွဲ့များ၏ နောက်တွင် ရပ်တည်နေသည့် အင်အားစုကြီးကြောင့် နိုင်ငံတခုတည်းက မလုပ်နိုင်သည့် အခြေအနေမျိုး ရှိနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ရုရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် Victory Day of Great Patriotic War (၇၅) နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်နေစဉ် ရုရှား သတင်းဌာနတခု ဖြစ်သည့် ZVEZDA သတင်းဌာနနှင့် တွေ့ ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အကြမ်းဖက်သမား အဖွဲ့ အစည်းကို ချေမှုန်းတဲ့အခါမှာ သက်ဆိုင်ရာ ကာယကံရှင်နိုင်ငံကနေပြီးတော့ ချေမှုန်းနိုင်တာတွေ ရှိနိုင်ပေမယ့် ဒီအကြမ်းဖက် အဖွဲ့ အစည်းတွေရဲ့ နောက်ကွယ်မှာ ရပ်တည်နေတဲ့ အင်အားစုကြီးကြောင့် တနိုင်ငံတည်း မလုပ်နိုင်တဲ့ဟာတွေလည်း ရှိပါတယ်”ဟု ဗိုလ်မှူးမှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ထို့ကြောင့် မိတ်ဆွေနိုင်ငံများ၊ အကြမ်းဖက် အဖွဲ့ကို မလိုလားသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု များစွာ လိုကြောင်း၊ ပူးပေါင်းဆောင်ရွက်မှု မရပါက အကြမ်းဖက်အဖွဲ့အစည်းများကို လက်တွဲချေမှုန်းနိုင်ရေး အခက်အခဲရှိလိမ့်မည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဆိုလိုသည့် အကြမ်းဖက်အဖွဲ့ ဆိုသည်မှာ ရက္ခိုင့် တပ်မတော် (AA) နှင့် ARSA တို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “သူတို့ အကြမ်းဖက် အဖွဲ့ အစည်းအင်အား ရှင်သန်နေရမယ့် အကြောင်းအရာတွေကို ကျနေ်ာတို့က ဖြတ်တောက်ပစ်ရမှာ ဖြစ်တယ်။ လူဆိုရင် လူအင်အားကို လုပ်ရမယ်။ လက်နက်ဆိုရင် လက်နက်မရအောင် လုပ်ရမယ်။ ခဲယမ်းဆိုရင် ခဲယမ်းမရအောင် လုပ်ရမယ်။ ငွေကြေးမရအောင် လုပ်ရမယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “သူတို့ကို အားပေးထောက်ခံမှု ဆိုရင်လည်း သူတို့ရဲ့ အခြေအနေမှန်ကို သိရှိအောင်လုပ်ပြီး အားပေး ထောက်ခံမှု မရှိအောင် လုပ်ရမယ်။ ဒါတွေက အများကြီး ကျယ်ပြန့်ပါတယ်။ ဒါတွေက နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးတယ်”ဟု ပြောသည်။
တပ်မတော်မှ ပြောဆိုသည့် AA နှင့် ARSA ၂ ဖွဲ့ စလုံးသည် အစိုးရ၏ အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခြင်း ခံထားရသည့်အဖွဲ့ များဖြစ်ပြီး တပ်မတော်က အပစ်ရပ်ပေးသည့် ကာလများတွင်လည်း ယင်း ၂ ဖွဲ့ တည်ရှိသည့် ရခိုင်ဒေသကို အမြဲပင်ချန်ထားခဲ့လေ့ ရှိသည်။
ယင်း ၂ ဖွဲ့ တွင် ARSA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသတွင် လုံခြုံရေး တပ်ဖွဲ့ များကို ချောင်းမြောင်း ပစ်ခတ်နိုင်သည့် အဆင့်သာ ရှိပြီး AA မှာမူ ရခိုင်ပြည်နယ် မြောက်ပိုင်းသာမက တောင်ပိုင်းအထိပါ ဝင်ရောက်လာပြီး တပ်မတော်နှင့် ပြင်းထန်သော တိုက်ပွဲများပါ ဆင်နွဲလျက် ရှိသည်။
အငြိမ်းစား တပ်မတော်အရာရှိ နိုင်ငံရေးသုတေသီ ဒေါက်တာ အောင်မျိုးက စစ်ရေးအရ အင်အားကြီးသည့် အမေရိကန်စစ်တပ်ပင်လျှင် အာဖကန်နစ္စတန်နှင့် အီရန်တွင် နှစ် ၂၀ ခန့် တိုက်ခဲ့သော်လည် ပြည်တွင်း သောင်းကျန်းမှုကို မနှိမ်နင်းနိုင်ခဲ့ကြောင်း၊ ယခုလည်း တပ်မတော်ကို စွပ်စွဲပြစ်တင်၍ မရဘဲ နိုင်ငံရေးနှင့် ပတ်သက်သည့် စစ်ပွဲမျိုးကို အပြတ်အသတ်ချေမှုန်းရန် မဖြစ်နိုင်ကြောင်း ပြောသည်။
“ပြောရမယ်ဆိုရင် သူ့ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ကြောင့် မဟုတ်ဘူး ။ လက်ရှိအစိုးရမှာလည်း ရခိုင်နဲ့ ပတ်သက်တဲ့ ရခိုင်ပြည်သူတွေနဲ့ ပတ်သက်တဲ့ နိုင်ငံရေး လိုလားချက်တွေပေါ့။ ဒေါက်တာအေးမောင်ကို လွတ်လပ်စွာ ဖော်ထုတ် ခွင့်တခုတည်းနဲ့ ထောင်ချလိုက်တာက တကြောင်း၊ နောက်တခုက သယံဇာတခွဲဝေရေးမှာ ရခိုင်ပြည်သူတွေရဲ့ မကျေနပ် ချက်တွေကတကြောင်း၊ ဒီအကြောင်းတွေကြောင့် AA ဟာ ရခိုင်ပြည်သူတွေရဲ့ ထောက်ခံမှုကို အတိုင်းအတာ တရပ် အထိ ရသွားတာ”ဟု ဒေါက်တာအောင်မျိုးက ပြောသည်။
၎င်းကဆက်၍“အထူးသဖြင့် ရခိုင်မြောက်ပိုင်းပေါ့နော်။ သမိုင်းအစဉ်အလာအရ ထီးနန်းတွေ ရှိခဲ့တဲ့ နေရာ အများစု ပေါ့ဗျာ ။ စစ်တွေမြို့ အထက်ပိုင်းက ထောက်ခံနေလို့ အမြစ်မပြုတ်တာပါ။ ဒီအပိုင်းတွေကို လုပ်မှ အမြစ်ပြုတ်မှာပါ။ နိုင်ငံကြီးတနိုင်ငံ က ဝင်စွက်လို့ အမြစ်မပြုတ်ဘူးဆိုတာလည်း Technically အရ မှားတယ်လို့ ပြောချင်ပါတယ်”ဟု ပြောသည်။
လက်နက်ကိုင် အဖွဲ့ အစည်းတခု ရပ်တည်နိုင်ခြင်းသည် လက်နက်ခဲယမ်း ရှိရုံနှင့် မရနိုင်ဘဲ ၎င်းတို့၏ တိုင်းရင်းသား လူထု ထောက်ခံမှုပါ လိုကြောင်း၊ လက်ရှိ ရခိုင်စစ်ဆင်ရေးများတွင် တပ်မတော်သည် ရခိုင် လူထု၏ ထောက်ခံမှုကို မရသည့် ကိစ္စက ပိုအရေးကြီးကြောင်း ရခိုင်အရေး သုတေသီ ဦးမောင်မောင်စိုးက ပြောသည်။
“အမှန်တော့ AA နဲ့ ပတ်သက်တဲ့အထဲမှာ တရုတ်ရော၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ အကုန်ပါနိုင်တာပဲ။ မပါတဲ့နိုင်ငံံ မရှိ သလောက်ပဲ။ တရုတ်နယ်စပ်မှာလည်း ဆက်စပ်ပတ်သက်တယ်။ ထိုင်းကလည်း လက်နက်ခဲယမ်းတွေ သယ်နေတာပဲ။ AA ရှိတဲ့နေရာကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်မှာ ဖြစ်နေတယ်။ အဲဒီနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နိုင်သလားဆိုတဲ့အပေါ် မူတည်တယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
၎င်းက ဆက်၍ “အဓိကကတော့ တရုတ်လို နိုင် ငံကြီးတွေက သူတို့ရဲ့ အကျိုးစီးပွားနဲ့ ရေရှည်မျှော်မှန်းချက်တွေ ရှိတဲ့ အခါမှာ တခုလုံးအကျိုးစီးပွားကို ကြည့်လေ့ရှိတော့ တခုချင်း အကျိုးစီးပွားကို ကြည့်ပါ့မလားဆိုတဲ့ ပြဿနာ လည်း ရှိပါတယ်”ဟု ပြောသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ ရခိုင်ပြည်နယ်တွင် ရပ်တည်နိုင်ခြင်းသည် လူထု ထောက်ခံမှုကြောင့် ယခုလို ခရီးဆက်နိုင်ခြင်း ဖြစ်ပြီး ၎င်းတို့အဖွဲ့ လူသူအင်အား၊ လက်နက် တောင့်တင်းလာရသည့် အကြောင်းကိုမူ လျှို့ ဝှက်ထားမည် ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ဧရာဝတီသို့ အင်တာဗျူးတခုတွင် ဖြေဆိုထားသည်။
“ငွေနဲ့ လက်နက် မကောင်းရင် တော်လှန်ရေးလုပ်ငန်းက မရပ်တည်နိုင်ဘူး။ပြီးရင် ဘယ်ကရတယ်ဆိုတဲ့ အရင်းအမြစ် ကတော့ ကျနော်တို့ ဒီအချိန်မှာ လျှို့ဝှက်ထားရမယ်။ သူများ ရှာလို့တွေ့ရင်လည်း ဖော်ထုတ်ကြပေါ့ဗျာ။ ကျနော်တို့ကတော့ လျှို့ဝှက်ထားရမယ်။ ဒါက သေရေးရှင်ရေးလည်း ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မပြောနိုင်သေးဘူး။ တော်လှန်ရေး အောင်မြင်ရင်တော့ ကြေငြာမယ်။ အဲ့တာကို သမိုင်းရေးမယ်”ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အင်တာဗျူးတခုတွင် ပြောဆိုခဲ့သည်။
AA ရပ်တည်ချက်ကို ကြည့်ပါက ၎င်းတို့သည် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ မည်သည့် စီမံကိန်းတွေကို ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း၊ သို့သော် အိန္ဒိယ အစိုးရ၏ ကုလားတန် စီမံကိန်းကိုမူ အမြဲနှောက်ယှက်လျက်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်ဘက်က ယခုနောက်ပိုင်း စွပ်စွဲပြောဆိုလာသည့် နောက်ခံအဖွဲ့ အစည်းဆိုသည်မှာ တရုတ်နိုင်ငံနှင့် ပတ်သက်နိုင်
ကြောင်း ရခိုင်အရေးစောင့်ကြည့်သူများက ပြောသည်
“လက်ရှိ AA သုံးတဲ့ လက်နက်တွေ တော်တော်များများကလည်း တရုတ်ကနေပြီးတော့ လာအိုက End User လက်မှတ် ထိုး၊ မှောင်ခို ထုတ်ပြီးတော့ ထိုင်းသဘောၤနဲ့ ကလက္ကတားကနေတဆင့်၊ စစ်တကောင်းကနေ ဖြတ်ပြီးတော့ AA ဘက်ကို ပို့ တယ်လို့ အနေအထားတွေလည်း တွေ့ တယ်အခါကျတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံလို့ပဲ ထင်စရာရှိတယ်”ဟု တပ်မတော် အရာရှိဟောင်း ဒေါက်တာအောင်မျိုးက သုံးသပ်သည်။
ယခုနောက်ပိုင်း AA အဖွဲ့ အသုံးပြုသည့် နည်းပညာများထဲတွင် ရီမုခလုတ်ကို နှိပ်၍ ခွဲလို့ရသည့် နည်းပညာ၊ လမ်းလျှောက်စကားပြောစက်ဖြင့် ခွဲလို့ရသည့် နည်းပညာ၊ ယခုနောက်ပိုင်း ဝိုင်ဖိုင်ချိတ်၍ ခွဲလို့ရသည့် နည်းပညာတို့ပါ ရှိလာသဖြင့် အင်အားကြီး နည်းပညာမြင့်သည့် အဖွဲ့ အစည်းတခု နောက်ကွယ်တွင် ရှိနေကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုဖူးသည်။
“အခု နောက်ပိုင်းမှာ အိန္ဒိယ တပ်မ တော်က ဒီဘက်ကို သတင်းပေးတဲ့အခါမှာ အိန္ဒိယ သတင်းစာတချို့ မှာလည်း ရေးခဲ့ တာ ရှိတယ်။ AA အနေနဲ့ ရီမု နည်းပညာနဲ့ ပတ်သက်ပြီးတော့ကျ နည်းပညာမြင့်တဲ့ဆီက အထောက်အပံ့ ရရှိထား တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ယခုတခေါက် ရုရှားနိုင်ငံ ခရီးစဉ်တွင် အိန္ဒိယ နိုင်ငံ ကာကွယ်ရေးဝန်ကြီး H.E Mr.Rajnath Singh တို့ တွေ့ ဆုံကာ မြန်မာ့တပ်မတော်နှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့ကြား စစ်ဘက်ဆက်ဆံရေးနှင့် ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်း ဖက်သမားများ ခိုအောင်းမှု မရှိနိုင်စေရေးအတွက် ဆွေးနွေးခဲ့သေးသည်။
You may also like these stories:
“မတည်ငြိမ်မှုများ မဖြစ်ပေါ်အောင်”အတတ်နိုင်ဆုံး ဆောင်ရွက်နေဟု ဗိုလ်ချုပ်မှူးကြီး ပြော
တပ်မတော် Y-8 လေယာဉ် တွေ့အောင် ရှာမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော
AA နှင့် ARSA ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်း နှိမ်နင်းရန် သဘောတူ