ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင် ၁၆ ဦးကို ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်မှ တဆင့် ပဲခူးတိုင်းဒေသ ကြီးသို့ ပို့ဆောင်ရန် ကြိုးပမ်းသူ မြန်မာနိုင်ငံသား ၈ ဦးကို မြောင်းမြခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။
မြောင်းမြမြို့နယ် မြင်းကကွင်း ကျေးရွာရှိ လယ်တဲတခု၌ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေမြို့နယ်မှ ဧရာဝတီတိုင်းသို့ နိုင်ငံသား အထောက်အထားမဲ့ ဝင်ရောက်လာသူ မွတ်စလင် ၁၆ ဦးကို ဇွန်လ၂၃ ရက်က ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူ များက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မွတ်စလင်များအား မြောင်းမြမြို့မှတဆင့် ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်သို့ ပို့ဆောင်ရန် ကြိုးပမ်းသည်ဟု သံသ ယရှိသူများကို မြောင်းမြ ခရိုင်ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးခဲ့ရာ ဇွန်လ၂၃ ရက်တွင် ၄ ဦး၊ ဇွန်လ၂၄ ရက်က ၃ ဦးနှင့် ဇွန်၂၈ ရက်တွင် ၁ ဦး၊ စုစုပေါင်း ၈ ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
ဒုရဲမှူးကြီး ထွန်းရွှေက “ဘင်္ဂါလီတွေကို ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ မြောင်းမြကို ခေါ်လာတဲ့လူတွေကို ကျနော်တို့ စစ်ဆေးဖော်ထုတ် ဖမ်းဆီးခဲ့ရာမှာ လပွတ္တာမြို့နယ်က ကျေးရွာ အုပ်ချုပ်ရေးမှူး ၁ ယောက် အပါအဝင် ၈ ဦးကို ဖမ်းဆီး ရမိထားပါတယ်။ လက်ရှိတော့ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ ၈ ဦးမှာ မွတ်စလင်များကို ရခိုင်ပြည်နယ်မှ မြောင်းမြမြို့သို့ ခေါ်ဆောင်လာသူ စက်လှေမောင်း သမား၊ လမ်းပြနှင့် ကျောက်တံခါးမြို့နယ်သို့ ပို့ဆောင်ပေးမည့် ကားသမားများဖြစ်ပြီး ၎င်းတို့အား မြောင်းမြခရိုင် တရားရုံး တွင် ရမန်ယူ၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိကြောင်း သိရသည်။
မြောင်းမြမြို့နယ် မြင်းကကွင်းကျေးရွာ၌ ဖမ်းဆီးရမိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အထောက်အထားမဲ့ ဝင်ရောက် လာသူ မွတ်စလင် ၁၆ ဦးတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၁ ဦး၊ ကလေးငယ် ကျား ၁ ဦးနှင့် မ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ အဆိုပါ မွတ်စလင်များမှာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာနှင့် ဒါးပိုင်း ကျေးရွာများမှ ဖြစ်ပြီး ရခိုင်ပြည်နယ်မှ စက်လှေဖြင့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ကိုဖြတ်ပြီး မြောင်းမြ မြို့နယ်သို့ ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။
မွတ်စလင်များအား ဖမ်းမိချိန်တွင် ၎င်းတို့အား မြောင်းမြမြို့သို့ ခေါ်ဆောင်လာသူများမှာ ထွက်ပြေး လွတ်မြောက်နေသည့် အတွက် မြောင်းမြခရိုင် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ရာ ကားသမား ၄ ဦးကို အိမ်မဲမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဇွန်လ ၂၃ ရက်က ဖမ်းဆီးရခဲ့သူ ၄ ဦးမှာ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်နေ ကိုလင်း(ခ)ကျော်ဇောလင်း (၃၂ နှစ်)၊ အေးမောင် (၁၉ နှစ်)နှင့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နေ ဆန်းမင်းကျော်(ခ) ဘိုသိန်း (၃၇ နှစ်) နှင့် ပြည့်ငြိမ်းမောင် (၂၄ နှစ်) တို့ ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဇွန်လ ၂၄ ရက်တွင် မြောင်းမြခရိုင် ရဲတပ်ဖွဲ့က လပွတ္တာမြို့နယ် ဘိုင်းတောင်ချောင်းကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူး ဦးတင်မြင့် (၅၃ နှစ်)၊ တင်အောင်မိုး (ခ) မိုးကြိုး (၄၂ နှစ်)နှင့် ဇော်လေး (၄၆ နှစ်) တို့ကို ထပ်မံဖမ်းဆီးခဲ့ပြီး အမှုကွင်း ဆက် ပေါ်ပေါက်ချက်အရ ဇွန်လ ၂၈ ရက် ညပိုင်းတွင် ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်၊ (၃၄) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းမှ ကျော်ကျော်(ခ) စန်းနှင်းကျော်(ခ) ဖိုးချဲ(ခ) အာမင်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ၈ ဦးကို မြောင်းမြမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇/၁၁၄ (လူကုန်ကူးမှု) ဖြင့် အမှုဖွင့် ဖမ်းဆီး စစ် ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။
မြောင်းမြမြို့နယ်မှ အမည်မဖော်လိုသည့် ရဲအရာရှိတဦးက “တရားမဝင် ဝင်ရောက်လာတဲ့ ဘင်္ဂါလီတွေ တွေ့ရှိခဲ့ပြီး သူတို့နဲ့ ပတ်သက် ဆက်နွယ်သူတွေကို ကွင်းဆက် ဖော်ထုတ်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျနော်တို့ ရရှိထားတဲ့ သက်ရှိသက်မဲ့ သက်သေကွင်းဆက်တွေကနေ အခုလို နောက်ဆက်တွဲ တရားခံတွေ ထပ်မံ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် မွတ်စလင် ၁၆ ဦးကို ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ဇွန်လ ၂၃ ရက်တွင် မြင်းကကွင်းကျေးရွာ ဘုန်း တော်ကြီးကျောင်း၌ သီးသန့် ထားရှိခဲ့ပြီးနောက် ဇွန်လ ၂၄ ရက်၌ မြောင်းမြမြို့ ပရိယတ္တိစွမ်းအား တောရကျောင်းတိုက်သို့ ပြောင်းရွှေ့ပို့ဆောင်၍ COVID – 19 ရောဂါ ရှိ မရှိ ၂၁ ရက် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ရာဇသတ်ကြီးပုဒ်မ ၃၆၇ မှာ အပြင်းအထန် နာကျင်စေခြင်းကို (သို့တည်းမဟုတ်) ကျွန်ပြုခြင်းကို (သို့တည်းမဟုတ်) ဓမ္မတာအတိုင်း မဟုတ်သည့် တဏှာရာဂဒဏ်ကို ခံစေရန်သော်လည်းကောင်း၊ ထိုသို့ ခံရမည် ဖြစ်တန်ရာသည်ကို သိ လျက်နှင့် သော်လည်းကောင်း မည်သူမဆို တဦးတယောက်သောသူအား ခိုးယူလျှင် (သို့တည်းမဟုတ်) သွေးဆောင် ဆွဲခေါ်လျှင် ထိုသူကို ၁၀ နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင် မြောက်ပိုင်းမှ မြောင်းမြသို့ ခိုးဝင်လာသည့် မွတ်စလင်များ ဖမ်းမိ