ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ဂရမ်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာမှ အသက် ၉ နှစ်အရွယ် မိန်းကလေး ငယ်ကို မိကျောင်း ကိုက်ခံရမှု ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ရွာသစ်ကျေးရွာမှ မယမင်းသူမှာ နေအိမ်အနီး ရေမြောင်း (ချောင်းမကြီးနှင့် မြောင်းအစပ်) ထဲတွင် ရေချိုးနေစဉ် ၁၀ တောင် ခန့် အရှည်ရှိသည့် မိကျောင်းမှ အစာအဖြစ် ကိုက်ချီ၍ မြစ်ထဲ ဆွဲယူရန် ကြိုးစားခဲ့ရာ မိန်းကလေးငယ်၏ ဖခင်၊ အဖိုးနှင့် အဘွားဖြစ်သူတို့က မိကျောင်းအား ထုရိုက်၍ မိန်းကလေးငယ်အား ပြန်လည် ဆွဲယူခဲ့ကြရကြောင်း သိရသည်။
ရွာသစ်ကျေးရွာနေ မယမင်းသူ၏ အဘွားဖြစ်သူ ဒေါ်သန်းဝင်းက “ကလေးက ရေမြောင်းထဲမှာ ရေချိုးနေတာကို မိကျောင်း က ဝင်ဆွဲတာ။ ကျမမှာ လန့်လည်းလန့် ကြောက်လည်းကြောက် ကလေးပါသွားမှာလည်း စိုးရိမ်တော့ ကလေးကို မိ ကျောင်းနဲ့ အပြိုင် ပြန်ဆွဲထားပြီး အော်ဟစ် အကူအညီတောင်းတော့ သူ့အဖေနဲ့ သူတို့အဖိုး ပြေးဆင်းလာပြီး ဝိုင်းဆွဲ၊ မိကျောင်းကို ကန်ကြောက် ထုရိုက်တော့မှ ကလေးကို လွှတ်ပြီး ရေထဲပြန်ဆင်းသွားတာ” ဟု ဧရာဝတီကို ပြောသည်။
မိဘနှင့် အဖိုးအဘွားတို့၏ ကယ်ဆယ်မှုကြောင့် မယမင်းသူမှာ မိကျောင်း ကိုက်ချီမှုမှ လွတ်မြောက်ခဲ့သော်လည်း မိကျောင်းကိုက်ခံခဲ့ရသဖြင့် ဘယ်ဘက်လက်ဖျံရိုး ကျိုးသည့် ဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဘိုကလေး မြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မယမင်းသူ မိကျောင်းကိုက်ခံရမှုမှာ ၂၀၂၀ အတွင်း ဘိုကလေးမြို့နယ်၌ ပထမဆုံးအကြိမ် အဖြစ် ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ဂရမ်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “ကျနော်တို့ ဒေသမှာ ဒီလိုမျိုး မိကျောင်း ဝင်ဆွဲတာ၊ မိကျောင်း ကိုက်တာမျိုး အရင်က မဖြစ်ဖူးပါဘူး။ ဒါက ပထမဆုံးပါပဲ။ ကလေးဒဏ်ရာကတော့ ပြင်းပါတယ်။ လက်လည်း ကျိုးသွားသလို ပြတ်ရှ ဒဏ်ရာကလည်း ကြီးတယ်။ ဒါကြောင့် ကလေးကို ဆေးရုံကို အမြန်ဆုံး ရောက်အောင် ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ပြောသည်။
ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မိကျောင်း အကောင်ရေပေါင်း ၁၁၀ ကျော်ရှိ ကြောင်း၂၀၁၅ ခုနှစ်က ကောက်ယူသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန စာရင်းများအရ သိရသည်။
သစ်တော ပြုန်းတီးမှု၊ အလွန်အကျွံ ငါးဖမ်းဆီးမှုများကြောင့် အစာရေစာ ရှားပါးလာသည့်အတွက် ယခုနှစ်များအတွင်း မိကျောင်းများမှာ ဒေသခံများနှင့် အိမ်မွေးတိရစ္ဆာန်များကို ကိုက်ဖြတ် စားသောက်မှုများ ရှိနေသဖြင့် သစ်တောဌာနက “မိကျောင်း အန္တရာယ် ရှိသည်” ဟူသော ဆိုင်းဘုတ်များ ထောင်၍ သတိပေးထားပြီး မိန်းမလှကျွန်း ဧရိယာအား ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ သွားလာခြင်း မပြုရသည့် တားမြစ် ဧရိယာ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ဘိုကလေးမြို့နယ် အမှတ်၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံမင်းအောင်က “အခုလို မိုးဦးကျရာသီက မိကျောင်းတွေ အသိုက်ကိုက် (အသိုက်ဆောက်)တဲ့ ရာသီဆိုတော့ လူတွေကို ရန်မူတတ်တယ်။ လူတွေက မိကျောင်းတွေ နေထိုင်တဲ့နေရာတွေမှာ လယ်လုပ်တာတွေ ရှိလာတော့ မိကျောင်းတွေ နေစရာ ကျဉ်းလာပြီး လူတွေနေတဲ့ နေရာတွေထဲ ထိ သွားလာကျက်စားတာတွေ ဖြစ်လာတယ်။ ပြီးတော့ လူတွေက မိကျောင်း အန္တရာယ်ကို သတိမထားဘဲ ရေဆင်း ချိုးတာ၊ ရေထဲဆင်း ငါးဖမ်းတာတွေ လုပ်တဲ့အတွက် မိကျောင်း ကိုက်ခံရမှုတွေ ဖြစ်နေတာပါ” ဟု ပြောသည်။
ဘိုကလေး မြို့နယ်၌ ၂၀၁၃ ခုနှစ်တွင် ရွှေပြည်အေး ကျေးရွာမှ တတိယတန်း ကျောင်းသား တဦး၊ ၂၀၁၄ ခုနှစ်တွင် ဆတ် ကျွန်းရွာမှ ကိုရင်လေး တပါး၊ ၂၀၁၅ ခုနှစ်တွင် ဆတ်ကျွန်းရေကမြင်း ကျေးရွာမှ တံငါသည် တဦး၊၂၀၁၆ ခုနှစ်တွင် လှေလုံး ကွဲ ကျေးရွာမှ တံငါသည် ဦးစောနောင်နှင့် ၂၀၁၇ ခုနှစ်တွင် ကြိမ်ချောင်းကြီးအုပ်စု၊ ဆင်အိုင်ကျေးရွာမှ မခိုင်ခိုင်ဦး၊ ၂၀၁၈ ခုနှစ်တွင် စက်ဆန်းကျေးရွာမှ အသက်၂၈ နှစ်အရွယ် မသင်းသင်းတို့အား မိကျောင်း ကိုက်သည့်အတွက် ဒဏ်ရာရ သေ ဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဘိုကလေး ဒေသခံများထံက သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာမှ ရေလုပ်သား ကိုငထွန်း (အသက် ၂၄) နှစ်မှာ ဆတ်ကျွန်းကျေးရွာအုပ်စု တပ်ဗေလေး မြစ်ဘေး၌ ရေထဲဆင်း၍ ဘဝင်းပိုက် ထောင်နေစဉ် မိကျောင်း ကိုက်ချီသွားသည့်အတွက် သေဆုံးခဲ့ရသည်။
အကျယ်အဝန်း ၅၂ ဒသမ ၇၈ စတုရန်းမိုင် ကျယ်ဝန်းသည့် ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းအား ၁၉၉၄ ခုနှစ်မှ စတင်၍ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တောအဖြစ် အစိုးရက သတ်မှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၂ ရက်တွင် မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့အရေးပါသော ရေဝပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသ အဖြစ် သတ်မှတ်ခဲ့သည်။
အဆိုပါ မိန်းမလှကျွန်း၌ မိကျောင်းများ အပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေငှက်များ၊ တွားသွား သတ္တဝါများ၊ နို့တိုက် သတ္တဝါများနှင့် ရေနေသတ္တဝါများ ခိုအောင်း နေထိုင်ကြကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဘိုကလေးမှာ အမျိုးသမီးတဦးကို မိကျောင်း ကိုက်ချီသွား
မိကျောင်းကိုက်ချီသွားသည့် အမျိုးသမီးအား ရှာဖွေမှုရပ်ဆိုင်း
ဘိုကလေးမြို့နယ်၌ ရေလုပ်သားတဦး မိကျောင်းကိုက်ခံရပြန်
မိန်းမလှကျွန်းကို ကမ္ဘာလုံးဆိုင်ရာ ရမ်ဆာရေဝပ်ဒေသ အဖြစ် သတ်မှတ်