ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်အတွင်း ဇွန်လ ၂၉ ရက် ညနေ ၁၁ နာရီဝန်းကျင်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားသဖြင့် ၄ ဦး သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။
မိုင်းပေါက်ကွဲသည့် နေရာမှာ တောင်ကုတ်- မအီကားလမ်းနှင့် ပေ ၁၀၀ ခန့် အကွာ တရဘ ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး သေဆုံးသူများမှာ ဒေသခံများ မဟုတ်ဘဲ မည်သူ၊ မည်ဝါ ဖြစ်သည်ကို မသိရှိရကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်က ပြောသည်။
ရဲမှူး သန်းနိုင်က “ကျေးရွာ အုပ်ချုပ်ရေးမှူး သတင်းပေးပို့ချက်အရ မနေ့က ည ၁၁ နာရီလောက်မှာ ပေါက်ကွဲသံ ကြား တယ်။ မနက်မိုးလင်းတော့ သွားကြည့်တဲ့အခါ အဲဒီအနား ၄ ယောက် သေနေတာကို တွေ့တယ်။ ၄ ယောက်မှာ ၁ ယောက် ကတော့ ခြေတွေ၊ လက်တွေပြတ်ပြီး သေဆုံးနေတာကို တွေ့တယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှုတွင် သေဆုံးသွားသူများမှာ ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များဖြစ်ပြီး ဒေသန္တရ လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း အသေးစိတ် စစ်ဆေးရာ ဒေသန္တရမိုင်း ပြုလုပ်ရာတွင် အသုံးပြုသည့် အချင်း ၄ လက်မ၊ အလျား ၆ လက်မခန့်ရှိ ကွန်ကြူပိုက် အပိုင်းအစများ သံတို/သံစများ၊ နိုင်ငံသားစိစစ်ရေးကတ်၊ လက်ကိုင်ဖုန်း ၄ လုံး နှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
တပ်မတော် သတင်းထုတ်ပြန်ချက်တွင် “AA အဖွဲ့များအနေဖြင့် အများပြည်သူအသုံးပြုလျက်ရှိသော ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိပြီး ယခုတွင်လည်း တောင်ကုတ်- မအီ သွားကားလမ်းတွင် ဒေသတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ရည်ရွယ်၍ ဒေသန္တရ လက်လုပ်မိုင်း ထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိုင်းထောင်ပေါက်ကွဲစဉ် အသေသိမ်းဆည်းရမိသော AA အလောင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း” ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသူ ၄ ဦးမှာ အသက်၂၀ နှင့် ၃၀ ကြားရှိပြီး အလောင်း၏ အနီး ဝန်းကျင်တွင်လည်း မိုင်းနှင့် ဆက်စပ်သည့် ပစ္စည်းများ တွေ့ရှိရကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။
လက်ရှိအချိန်တွင် သေဆုံးမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ယနေ့ ညနေပိုင်းအချိန်ထိ အလောင်းများကိုမူ ကောက်ယူသူ မရှိသေးဘဲ ယင်းနေရာတွင် ရှိနေသေးကြောင်းလည်း သိရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ အတွင်းကလည်း ယခု မိုင်းပေါက်ကွဲသည့် နေရာနှင့် ၁ မိုင်ခန့်အကွာတွင် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ယာဉ်တန်းမှာ ဖြတ်သွားစဉ် မိုင်းဆွဲခံရမှု တကြိမ် ဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့က သိရသည်။
လက်ရှိ တောင်ကုတ်မြို့နယ်အတွင်း နိုင်ငံရေး ပါတီများကြားတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေသည့်ပြီး ရခိုင် အမျိုးသား ပါတီမှ မြို့နယ် အလုပ်အမှုဆောင် ၁ ဦး အပါအဝင် ဒေသခံ ၉ မှာ ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှု ရှိသည် ဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်း ခံနေရသည်။
ဆက်စပ်ဖတ်ရှုရန်
တောင်ကုတ်တွင် ဖမ်းဆီးခံရသူ ၃ ဦး မိသားစုနှင့် အဆက်အသွယ်ပြတ်နေ
တောင်ကုတ် ဆားပြင်ရွာသား ၅ ဦး အကြမ်းဖက် ဥပဒေဖြင့် တရားစွဲခံရ