မည်သည့်ပါတီ မဆို ဗိုလ်ချုပ်ပုံ သုံး၍ မဲဆွယ်ခွင့် ရှိဟု NLD ပြော
မည်သည့် နိုင်ငံရေး ပါတီမဆို ဗိုလ်ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်ခွင့် ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ကိုယ့်ပါတီ နိုင်ရေးဆိုတာထက် ဒါကို လေးလေးစားစားနဲ့ ပြန်သုံးတာပါပဲ။ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ကျနော်တို့က မသုံးပါနဲ့လို့ မကန့်ကွက်ခဲ့ဘူး။ ဒီဟာက သုံးလို့ ရပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် သုံးလို့ရပါတယ်” ဟု ဆိုသည်။
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တိုင်အောင် ရွေးကောက်ပွဲ မဲဆွယ်မှုများတွင် NLD ပါတီအနေနှင့် ဗိုလ်ချုပ် အောင်ဆန်း ရုပ်ပုံကို အသုံးပြုခဲ့သည် ဟုလည်း မုံရွာအောင်ရှင်က ပြောပြသည်။
ဗိုလ်ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်ခြင်း မလုပ်ရန် နိုင်ငံရေး ပါတီအချို့က ကန့်ကွက်နေခြင်းသည် နိုင်ငံရေးအရ သဘော ထား မကြီးသည့်သဘော ဖြစ်နေပြီး နိုင်ငံရေးအမြင် ကျဉ်းမြောင်းသည့် သဘောလည်း ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဇွန်လ၂၆ ရက်က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) တို့ကြား ရွေးကောက်ပွဲ ကျင့်ဝတ် (Code of Conduct-COC) ဆိုင်ရာ လက်မှတ် ရေးထိုးပွဲကို ကျင်းပခဲ့ပြီး၊ လက်မှတ်ထိုးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်း ပုံဖြင့် မဲမဆွယ်ရန် အကြံပြုချက်အပါအဝင် အကြံပြုချက် ၁၂ ချက်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး ပါတီ (USDP) နှင့် နိုင်ငံရေးပါတီ ၃၀ က UEC ထံ တင်ပြခဲ့သည်။
အဆိုပါ အကြံပြုချက်များကို COC တွင် ထည့်ပေးရန် UEC က လက်မခံခဲ့သဖြင့် USDP အပါအဝင် နိုင်ငံရေးပါတီ အချို့ COC ကို လက်မှတ် မထိုးခဲ့ကြပေ။
ရန်ကုန်မြို့၌ ဇွန်လ ၂၇ ရက်က ဆက်လက် ပြုလုပ်သည့် UEC နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲတွင်လည်း UEC ဥက္ကဋ္ဌ ဦးလှသိန်း က COC စာအုပ်ကို ပုံနှိပ် ရိုက်ဝေထားပြီ ဖြစ်သဖြင့် နိုင်ငံရေး ပါတီများ၏ တောင်းဆိုချက်များကို ထပ်တိုးရန်၊ ထပ်လျှော့ရန်မှာ မဖြစ်နိုင်တော့ကြောင်း ပြောဆိုသည်။
UEC ဥက္ကဋ္ဌ ဦးလှသိန်း က “ကျနော်တို့က လုပ်ရင်လည်း အရှင်း၊ မလုပ်ရင်လည်း အရှင်းပဲ။ ကော်မရှင်ဟာ ဈေးရောင်း၊ ဈေးဝယ် အတိုးအလျှော့ လုပ်တဲ့ အဖွဲ့ မဟုတ်ဘူး” ဟု ပြောဆိုသည်။

ထိုသို့ UEC က အကြံပြုချက်များကို COC တွင် ထည့်သွင်းပေးရန် ငြင်းဆန်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ USDP ပါတီနှင့် နိုင်ငံရေးပါတီ အချို့က ဇွန်လ ၂၉ ရက်တွင် သတင်းစာ ရှင်းလင်းခဲ့ကြသည်။
USDP ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က လာမည့် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ် အောင်ဆန်း ပုံကို သုံး၍ မဲ ဆွယ်သောကြောင့် ပြည်သူများ ထပ်မံ အလိမ်ခံရခြင်းများ မဖြစ်စေလိုတော့ သတင်းစာ ရှင်းလင်းပွဲအပြီးတွင် မီဒီယာများ ကို ပြောကြားသည်။
ဒေါက်တာ နန္ဒာလှမြင့်က “အရည်အချင်း ရှိတဲ့ ကိုယ်စားလှယ်တွေကိုပဲ ပြည်သူတွေကို ရွေးစေချင်ပါတယ်။ ဗိုလ်ချုပ်ပုံပြပြီး ပြည်သူတွေ ထပ် အလိမ် ခံရတာမျိုး မဖြစ်စေချင်တော့ပါဘူး” ဟု ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ကလည်း နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ် လောင်းများအတွက် ရွေးကောက်ပွဲ ကျင့်ဝတ် (COC) တွင် ဗိုလ်ချုပ် အောင်ဆန်းပုံဖြင့် မဲမဆွယ်ရန် အကြံပြုချက်ကို UEC က ထည့်သွင်းပေးရန် လက်မခံခြင်းသည် တည်ဆဲ ဥပဒေကို လျစ်လျူရှုခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။
ဦခင်မောင်ဆွေသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်က NLD ပါတီဝင် တဦးလည်း ဖြစ်သည်။
ကော်မရှင်သည် တည်ဆဲဥပဒေ ဖြစ်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက် ဥပဒေကို လျစ်လျူရှုနေသည့် အတွက် အရည်အချင်း ပျက်ယွင်းနေကြောင်းလည်း ၎င်းက ဝေဖန်ပြောဆိုသည်။
ဥပဒေ ပညာရှင်များကမူ ဗိုလ်ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်ခြင်းသည် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင် ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ချိုးဖောက်သည့် သဘော မသက်ရောက်ဟု ဆိုကြပြီး မည်သည့်ပါတီမဆို ဗိုလ် ချုပ် အောင်ဆန်းပုံ သုံး၍ မဲဆွယ်နိုင်ကြောင်း ပြောသည်။
ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က “ဗိုလ်ချုပ် အောင်ဆန်းပုံ သုံးစွဲခွင့်သည် အားလုံး တပြေးညီ ရှိတယ်။ သူတို့ အသုံးပြု ချင်တဲ့ ဆန္ဒ ရှိမရှိ ဆိုတာအပေါ်ပဲ မူတည်တယ်။ USDP က NLD ကို ဗိုလ်ချုပ် အောင်ဆန်းပုံကို မသုံးရဘူးဆိုတာက ဗိုလ် ချုပ် အောင်ဆန်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သားအဖ ဖြစ်နေလို့သာ ဒါကို အမြင်ကျဉ်းပြီး ကန့်ကွက်တာ ဖြစ် တယ်” ဟု ပြောသည်။
အဆိုပါ ဥပဒေ ၏ ပုဒ်မ၂ (က) တွင် နိုင်ငံတော် အထိမ်းအမှတ် ဆိုသည်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတခု၏ သို့ တည်းမဟုတ် လက်အောက်ခံ နိုင်ငံတခု၏ သို့တည်းမဟုတ် ထိုနိုင်ငံ တစိတ်တဒေ၏ အလံ သို့တည်းမဟုတ် တံခွန် သို့ တည်းမဟုတ် အခြား အထိမ်းအမှတ်ကို ဆိုလိုသည့်အပြင် ထိုစကားရပ်တွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတခု၏ သက်ရှိ ထင်ရှားသော၊ သို့တည်းမဟုတ် ကွယ်လွန်ပြီးသော အမျိုးသား ခေါင်းဆောင် ဓာတ်ပုံသည်၎င်း၊ အမျိုးသားခေါင်းဆောင်နှင့် ဆင်တူယိုးမှား ဖြစ်အောင် တနည်းနည်းဖြင့် ပြုလုပ်ထားသော ပုံသည်၎င်း နိုင်ငံတော် အထိမ်းအမှတ်နှင့် ဆင်တူယိုးမှား ဖြစ်သော အရာဝတ္ထုသည်၎င်း ပါဝင်သည် ဟုဖော်ပြထားသည်။

ထိုပြင် ဥပဒေ၌ အမျိုးသား ခေါင်းဆောင်ပုံကို ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာတွင် သုံးရမည်ဟု မပြဋ္ဌာန်းထားသကဲ့သို့ မသုံးရဟုလည်း မကန့်သတ်ထားပေ။
တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကမူ အဆိုပါ ဥပဒေပြဋ္ဌာန်းသည့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကွယ် လွန်သွားပြီဖြစ်ရာ ရွေးကောက်ပွဲ မဲဆွယ်ရာတွင် ဗိုလ်ချုပ် အောင်ဆန်းပုံ အသုံးမပြုစေလိုပါက ဥပဒေတွင် တိကျစွာ ကန့်သတ်ထားရမည် ဖြစ်ကြောင်း ဆိုသည်။
တရား လွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “ဥပဒေမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ပတ်သက်လို့ မပါဘူး။ မပါတော့ ဥပဒေအရ အများကြီး ငြင်းလို့ရတာပေါ့။ နောက်တခု က ဗိုလ်ချုပ်အောင်ဆန်းပုံကို ဘာကြောက်စရာရှိလဲဗျာ။ ဗိုလ်ချုပ် အောင်ဆန်း မရှိတာဖြင့် ကြာလှပြီ။ ကျနော်က စမ်းတောင် စမ်းချင်သေးတယ်။ အဲဒီလို ပြောတဲ့သူတွေကို ဗိုလ်ချုပ် အောင်ဆန်းပုံပေးပြီးတော့ ဒီဘက်ကလူတွေက မသုံးဘူး ဆိုရင်ရော နိုင်မှာတဲ့လား” ဟု မေးခွန်းထုတ်သည်။
တပ်မတော် အစိုးရလက်ထက်တွင် ဗိုလ်ချုပ် အောင်ဆန်းပုံ အသုံးပြုမှုကို ကန့်ထားသည် ဖြစ်ရာ တပ်မတော်ဘက်မှ ကူး ပြောင်းလာသူများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေး ပါတီအချို့သည် ဗိုလ်ချုပ်အောင်ဆန်းပုံ အသုံးပြု မဲဆွယ်မည်ကို စိုးရိမ် နေသဖြင့် ကန့်ကွက်နေခြင်း ဖြစ်ကြောင်း ဦးသိန်းသန်းဦးက မှတ်ချက်ပေးသည်။
ပြီးခဲ့သည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာ၌ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံများ အသုံးပြု မဲဆွယ်မှုများ ရှိခဲ့ပြီး၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။
ရွေးကောက်ပွဲကို NLD အနိုင်ရသောအခါ ရွေးကောက်ပွဲ မနိုင်သည့် နိုင်ငံရေး ပါတီအချို့က NLD နှင့် ပြိုင်ရသောကြောင့် ရွေးကောက်ပွဲ ရှုံးရခြင်းမဟုတ်ဘဲ ဗိုလ်ချုပ် အောင်ဆန်းနှင့် ပြိုင်ဆိုင်ရသဖြင့် ရွေးကောက်ပွဲ ရှုံးရသည်ဟု အကြောင်းပြ ပြောဆိုသည်များလည်း ရှိခဲ့ဖူးသည်။
ဆက်စပ်ဖတ်ရှုရန်
ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တထပ်တည်းကျစေမည်ဟု UEC ဥက္ကဋ္ဌပြော
၈၈ မျိုးဆက်များ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပြည်သူ့ပါတီ တိုက်တွန်း
မန္တလေးတိုင်း NLD ပါတီဝင် ဝန်ကြီးအားလုံး ရွေးကောက်ပွဲ ဝင်ပြိုင်မည်