ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း၌ တပ်မတော်မှ နယ်မြေ ရှင်းလင်းရေး လုပ်မည်ဆိုသည့် ညွှန်ကြားချက် ထုတ် ပြန်ခဲ့မှုကို ပြန်လည် ရုပ်သိမ်းခဲ့သော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံများ နေရပ်သို့ မပြန်နိုင်ကြသေးကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် အတွင်းရှိ ကျောက်တန်း ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများအား ဇွန်လ၂၃ ရက်နေ့ ရက်စွဲဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း လက်မှတ်ထိုး၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားစာ၌ ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများတွင် ရက္ခိုင်စစ်တပ် (AA) တပ် ဖွဲ့ဝင်များ ဖြန့်ကျက်လှုပ်ရှားလျက် ရှိကြောင်း သတင်း ရရှိသည့်အတွက် တပ်မတော်မှ နယ်မြေ ရှင်းလင်းရေးလုပ်ရန် မြို့ နယ် စီမံခန့်ခွဲရေး ကော်မတီသို့ လိပ်မူ၍ ပို့ဆောင်ထားသည်။
အဆိုပါ အကြောင်းကြားစာတွင် ကျောက်တန်း ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများ၌ AA တပ်ဖွဲ့ဝင်များနှင့် ပတ်သက် ဆက်နွယ်သူများအား လက်ခံထားခြင်း မပြုကြရန်နှင့် တပ်မတော် စစ်ကြောင်းများဖြင့် နယ်မြေရှင်းလင်းစဉ် AA နှင့် ထိ တွေ့ တိုက်ပွဲ ဖြစ်ပွားပါက ကျေးရွာအတွင်း နေထိုင်ကြသည့် ကျေးရွာသားများ ထိခိုက် ဒဏ်ရာရရှိမှု မရှိစေရေး၊ ကျေးရွာ တွင်း နေထိုင်ခြင်း မပြုကြဘဲ ခေတ္တ တိမ်းရှောင်နေထိုင်ကြရန် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် အသိပေး သွားရန် ဖော်ပြ ပါရှိသည်။
ထိုသို့ ထုတ်ပြန်ချက်ကြောင့် ကျောက်တန်း တိုက်နယ်မှ ကျေးရွာပေါင်း ၄၀ ကျော် အပါအဝင် ရသေ့တောင်- ပုဏ္ဏားကျွန် ကားလမ်းမပေါ်မှ ကျေးရွာ ၁၀ ရွာကျော်တို့ မြို့ပေါ် ရပ်ကွက်များနှင့် နီးစပ်ရာ ဆွေမျိုးသားချင်းများ ရှိရာသို့ ထွက်ပြေးနေ ရကြောင်းလည်း ဒေသခံများက ဆိုသည်။
သို့သော်လည်း ပြည်သူများ စိုးရိမ် ထိတ်လန့်မှု ရှိလာခြင်းနှင့်အတူ နိုင်ငံတကာ အသိုင်းအဝန်းကြား အထင်အမြင် လွဲမှားမှု ရှိလာနိုင်သည့်အတွက် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အနီးတဝိုက်တွင် နယ်မြေ ရှင်းလင်းမည်ဆိုသည့် ညွှန် ကြားချက်ကို ဇွန်လ၂၆ ရက်တွင် ရက်စွဲဖြင့် ထုတ်ပြန်ကာ ပြန်လည် ရုပ်သိမ်းခဲ့သည်။
ထိုသို့ ရုပ်သိမ်းသော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးသူများမှာ နေရာအနှံ့သို့ ပြန့်ကျဲရောက်ရှိနေခြင်းနှင့် အင်တာနက် အဆက်အသွယ်များ ပြတ်တောက်နေသည့်အတွက် သတင်း အချက်အလက် မရရှိခြင်း၊ စိုးရိမ် ကြောက်လန့်နေ၍ နေရပ် မပြန်ရဲကြခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်နယ် အစိုးရအဖွဲ့မှ ထိုသို့ စာထုတ်ပြန်ခဲ့ခြင်းကြောင့် ရွာသား များ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရသည့်အတွက် အစိုးရအဖွဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း ရသေ့တောင် မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ဦးခင်မောင်လတ်က “စာ တစောင် ထုတ်တယ်ဆိုတာ ဒီလို အရမ်းကာရော မလုပ်ရဘူးလေ။ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိ ရမယ်။ စာထုတ်လို့ ထွက်ပြေးသွားတဲ့ လူတွေက ရွာကိုမှ ပြန်မရောက်တော့တာ။ အခု ပြန်ရုပ်သိမ်းတယ် ဆို တာကိုလည်း လူတွေ မယုံကြတော့ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ဆီကိုလည်း ရောက်သလား၊ မရောက်ဘူးလားဆို တာ မသိကြဘူး။ အကြောက်တရား ကြီးစိုးသွားတော့ လူတွေက ပြေးဖို့တခုပဲ သိတော့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်၌ ရသေ့တောင်မြို့ပေါ်တွင် စေတီတောင် စစ်ရှောင်စခန်း၊ ရွှေပါရီ စစ်ရှောင်စခန်း အပါအဝင် မြို့ပေါ်ရှိ ဘုန်း တော်ကြီးကျောင်း ဝင်ရောက်ခိုလှုံနေသည့်အတွက် စစ်ရှောင် စခန်း ၁၉ ခု အထိ ရှိလာနေပြီ ဖြစ်ကာ တချို့ရွာသားများမှာ စခန်းတွင် လူမဆန့်တော့၍ ခိုလှုံစရာ နေရာမရှိ ဖြစ်နေကြောင်းလည်း သိရသည်။
ရသေ့တောင်မြို့ပေါ် အရပ်ဘက် လူမှုအဖွဲ့မှ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ ကိုဘက္ကာက “တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုပြီး အမိန့်ထုတ်လိုက်တော့ မြို့ပေါ် ရှိရှိသမျှ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ လူတွေ မဆန့်တော့ဘူး။ မြို့ပေါ်ကို တနေ့ကို လူ ၁၀၀ ကျော်၂၀၀ နီးပါးထိ ပြေးလာတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တန်း ကျေးရွာအနီးမှ ပြည်သူများကို တိမ်းရှောင်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာအုပ်ချုပ်ရေးမှူး များသို့ အကြောင်း ကြားခဲ့ရာတွင် နားလည်မှုလွဲ၍ ရွာပေါင်းများစွာကို ထပ်မံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်း က ပြောသည်။
ဗိုလ်မှူးကြီး မင်းသန်းက “မြို့နယ် အုပ်ချုပ်ရေးမှူးက နားလည်မှု လွဲတယ်နဲ့ တူတယ်။ ကျောက်တန်းတဝိုက်နဲ့ မဟုတ်ဘူး။ ရွာပေါင်း ၄၀ လောက်ကို အကုန် အမိန့်ထုတ်လိုက်တယ်။ အမှန်က ကျောက်တန်း တဝိုက်မှာ ၄/ ၅ ရွာပဲ ရှိတယ်။ အဲဒီ လူ တွေ အန္တရာယ်ဖြစ်မှာ စိုးလို့ ပြောတာ။ သူ ထုတ်လိုက်တာကို နောက်မှ သိရတယ်။ အဲဒီလို လုပ်လိုက်တော့ လူတွေက စိုး ရိမ်ပူပန်သွားတယ်” ဟု ဧရာဝတီသို့ ပြောဆိုထားသည်။
ကျောက်တန်း ကျေးရွာသူ မမိုးသန်းက “ကျမတို့ ရွာဆို ပြီးခဲ့တဲ့ နှစ်ကလည်း လယ်မထွန်ရဘူး။ ဒီနှစ် လယ်ထွန်နေတုန်း အခုတခါ စာထုတ်လာတော့ ထွက်ပြေးရတယ်။ အခု ရသေ့တောင်မြို့ပေါ်က စခန်းတွေမှာလည်း လူပြည့်တော့ လက်မခံ ကြတော့ဘူး။ မိုးရာသီမှာ ခုလိုဖြစ်တော့ ဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ စဉ်းစား ကြည့်လို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြို့ပေါ် ရပ်ကွက်များရှိ စစ်ရှောင်စခန်းတွင် လူပြည့်နေသည့်အတွက် မမိုးသန်းတို့ မိသားစု အပါအဝင် ကျောက်တန်း ကျေး ရွာ အနီးဝန်းကျင်ရှိ ကျေးရွာသား အများစုမှာ နီးစပ်ရာ ဆွေမျိုးသားချင်းများ နေအိမ်တွင် ဝင်ရောက် ခိုလှုံနေရသလို တချို့ မှာ စစ်တွေမြို့အထိ ထွက်ပြေး ရောက်ရှိနေရသည်။
ထိုသို့ နယ်မြေရှင်းလင်းရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့မှုကြောင့် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှ ကျောက်တန်း ကျေးရွာ အပါအဝင် ငစံဘော်၊ ကင်းပွန်းချောင်း၊ သောင်းဒြား၊ ထီးစွဲ၊ ဗောထီးကိုင်း၊ အောင်သာစည်၊ သမီးလှ ၊ ဇီးခေါင်း၊ ရေပုတ်၊ ဆောက်ခတ်၊ အောင်မြေကုန်း၊ ပြိန်းတော၊ အုန်းချောင်း၊ ခရုချောင်း၊ ကျောက်ကုန်ဘုတ်၊ ရေစိုးချောင်း၊ ကျောက်ရန်သာစည် စသည့်ဖြင့် ကျေးရွာပေါင်း ၄၀ ကျော် ထွက်ပြေးနေကြရကြောင်းလည်း အရပ်ဘက် လူမှုအဖွဲ့အစည်း များထံမှ သိရသည်။
ထို့အပြင် ကျေးရွာအနီး နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းမှ အန ပြားချောင်းကြီး၊ ပြင်ခေါင်၊ အဝတာ၊ ပေါက်တောကြီး၊ ကြိမ်သာ၊ ထွန်းရဝေ (သစ်)၊ ထွန်းရ (သစ်)၊ စိုးမေ၊ နဂါးမောက်၊ ဘာလေ စသည့်ဖြင့် ကျေးရွာ ၁၀ ရွာ ထွက်ပြေးနေရကြောင်းလည်း သိရသည်။
တပ်မတော်၏ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရန်အတွက် ကျေးရွာသားများ ခေတ္တရှောင်တိမ်းကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စာထုတ်ခဲ့မှုအပေါ်တွင်လည်း ပြည်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။
ထို့ပြင် မြန်မာအခြေစိုက် သံရုံးများကလည်း ကျောက်တန်း ကျေးရွာအုပ်စုတလျှောက် ရွာသားများ ထွက်ပြေးတိမ်းရှောင် ခြင်းသည် နေရပ်စွန့်ခွာနေထိုင်သူ ဦးရေကို သိသာ ထင်ရှားစွာ ပိုမိုများပြားလာစေကြောင်း၊ ပစ္စည်းဥစ္စာများကို မီးရှို့ ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ရွာသားများကို ဖမ်းဆီးခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာများကို သတိပြုမိကြောင်း လည်း ဗြိန်တိန်၊ ကနေဒါ၊ သြစတြေးလျ၊ အမေရိကန်စသည့် သံရုံးများက ဇွန်လ ၂၇ ရက်က ကြေညာချက် ထုတ်ပြန်ထား သည်။
ဆက်စပ်ဖတ်ရှုရန်
“နယ်မြေရှင်းလင်းမည်”ဆိုသည့် ညွှန်ကြားချက် ရသေ့တောင်မြို့နယ်တွင် ပြန်ရုတ်သိမ်း
ရသေ့တောင်က တပ်မိသားစုဝင် လူငယ် ၃ ဦးကို AA ဖမ်းဆီးထား
နယ်ခြားစောင့် ယာဉ်တန်းကို AA တိုက်ခိုက် ၃ ဦးကျ၊ ၄ ဦးဒဏ်ရာရ