သတင်း

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များ ဖြေလျှော့ပေး

Want create site? Find Free WordPress Themes and plugins.

ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကန့်သတ်ထားသော အချက်များကို ဖြေလျှော့ပေးလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

ကမ္ဘာ့ကပ်ရောဂါ COVID -19 ကြောင့် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ပြည်ပ ဆန်တင်ပို့မှု ကို ကန့်သတ်ချက်များ ထားရှိခြင်း ဖြစ်ကာ ယခုလ ၁ ရက်က စတင်ပြီး တင်ပို့သည့်ဆန်တန်ချိန် ကန့်သတ်ခြင်း အပါအဝင် အစိုးရက အရန်ဆန် ဝယ်ယူမည့် ပမာဏနှင့် လိုင်စင် သက်တမ်းကိုလည်း ယခင် ၄၅ ရက် (၁ လ ခွဲ) မှ ယခု ရက်ပေါင်း ၆၀ (၂ လ) အထိ ခွင့်ပြုပေးလိုက်ခြင်း ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “ကုမ္ပဏီတွေကတော့ ဘယ်ကုမ္ပဏီဆိုရင် ဘယ်လောက် ပို့ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကို ဖြေလျှော့ပေးခဲ့တယ်။ တကယ် တင်ပို့နိုင်တဲ့သူတွေက ပို့ရမယ်။ ဒါပေမယ့် ကုမ္ပဏီတခုတည်းကနေ တန်ချိန် ၃၊ ၄၊ ၅ သောင်းတော့ ပို့လို့ မရဘူးပေါ့။ ဒါကိုတော့ စိစစ်ပြီးတော့ ဆောင်ရွက်သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဆန်ပြည်ပ တင်ပို့ခွင့် လိုင်စင် ထုတ်ပေးရာတွင် ပြီးခဲ့သည့် မေလနှင့် ဇွန်လတို့တွင် တင်ပို့နိုင်သည့် ပမာဏအပေါ် မူတည် ၍ ကုမ္ပဏီများ၏ နောက်ထပ်ပို့မည့် ပမာဏကို ချင့်ချိန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

နိုင်ငံတကာတွင် ကိုဗစ် ကပ်ရောဂါ ဖြစ်နေချိန်၌ နိုင်ငံတကာ စားနပ်ရိက္ခာ အခက်အခဲကို ဈေးကွက် လက်ဦးမှု ရယူရန် အတွက် ပြည်ပ ဆန်တင်ပို့သည့် ကုမ္ပဏီ တချို့က ရက်ပိုင်းအတွင်း တန်ချိန် ၃ သိန်းမှ ၄ သိန်း ဝန်းကျင်အထိ လိုင်စင် လျှောက်ထားခဲ့ပြီး တချို့ ကုမ္ပဏီများမှာ လိုင်စင်ရသော်လည်း တင်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ခွင့် လိုင်စင်တင်ထားသည်မှာ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် ကုမ္ပဏီ ၁၀၀ ကျော်နှင့် နယ်စပ်က တင်ပို့ရန် ကုမ္ပဏီ ၂၀၀ ကျော် စာရင်း ပေးသွင်းထားကြောင်း ဦးခင်မောင်လွင်က ပြောပြသည်။

ထို့ကြောင့် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလ မိုးစပါး မထွက်ခင်အချိန်အထိ ပြည်တွင်း ရိက္ခာဖူလုံမှုကို ကြည့်၍ ဆန် တန်ချိန် ၄ သိန်း တင်ပို့မည် ဖြစ်ပြီး ယင်း ပမာဏအပေါ် မူတည်ပြီး ဆန်တင်ပို့ခွင့် လိုင်စင်ကိုလည်း ထုတ်ပေးမည် ဖြစ် ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် လက်ရှိ အချိန်ထိ ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ထားပြီး ဘဏ္ဍာနှစ် လက်ကျန် သုံးလအတွင်း ဆန်တန်ချိန် လေးသိန်း ထပ်မံ တင်ပို့ရန် ခွင့်ပြုသွားမည် ဖြစ်သည်။

ပြည်တွင်း ရိက္ခာဖူလုံရေး အတွက်လည်း နိုင်ငံတော် အရန်ဆန်အနေဖြင့် တန်ချိန် ၄ သောင်းကျော်ခန့် လက်ရှိတွင် ဝယ် ထားပြီး ယခု ထပ်မံဝယ်ယူမည့် အရန်ဆန် ၅ ရာခိုင်နှုန်းကိုလည်း ယခင် ဝန်ကြီးဌာနက ဝယ်ယူသည့် ဧည့်မထဆန် အမျိုးအစား ၁ အိတ် ကျပ် ၂၁၆၀၀ နှင့်ပင် ဝယ်ယူမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒု ဥက္ကဋ္ဌ ဦးအောင်သန်းဦးက “ကျနော်တို့ အသင်းက ထုတ်ပြန်တာ ဖြစ်တဲ့အတွက် ပြော စရာတော့ မရှိပါဘူး။ အရန်ဆန်က တန်ချိန် ၅ သောင်းဝယ်မှာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ပမာဏလည်း ရရှိပြီဖြစ်တဲ့ အတွက် အများကြီး မတောင်းတဲ့ သဘောပါ။ အခုကတော့ ပြည်ပနိုင်ငံတွေက အဝယ်တော့ အေးနေပါတယ်” ဟု ပြော သည်။

ယခုဘဏ္ဍာတွင် ပြည်ပသို့ ဆန်တန်ချိန် တင်ပို့မှုကို အကြမ်းဖျင်းအားဖြင့် တန်ချိန်၂ ဒသမ ၄ သန်း တင်ပို့ ရန် မျှော်မှန်း ဆောင်ရွက်နေသောကြောင့်လည်း နိုင်ငံတော် အရန်ဆန် ဝယ်ယူမှုကို လျှော့ချ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း စီးပွား/ ကူးသန်းက သိရသည်။

လက်ရှိတွင် ဈေးကွက်သစ်အနေဖြင့် မလေးရှားနိုင်ငံကလည်း မြန်မာ့ဆန် ဝယ်ယူရန် ကမ်းလှမ်းလာမှုများ ရှိနေပြီး နှစ်နိုင်ငံ သဘောတူညီမှုကို ညိုနှိုင်းဆောင်ရွက်လျက် ရှိသည်။

ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်

ဆက်စပ်ဖတ်ရှုရန်

ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ၀ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ပြော

COVID 19 ကာလတွင် ခေတ်မီ စိုက်ပျိုးရေးစနစ်ဖြင့် လုပ်ဆောင်သင့် ဟုဆို

ပြည်ပ ဆန်ပို့ခွင့် လိုင်စင်သစ်ချထားရေး စီးပွားကူးသန်း သုံးသပ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading