မြန်မာ-တရုတ် နယ်စပ်တွင် အကောင်အထည် ဖော်မည့် စီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ အစိုးရ၏ သတင်း အချက်အလက် ထုတ်ပြန်ပြောဆိုမှုမှာ လွန်စွာအားနည်းကြောင်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များက ဧရာဝတီကို ပြောသည်။
မူဆယ်-နမ့်ခမ်း ကုန်သည်ကြီးများ အသင်း၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဦးဝင်းအောင်ခန့်က “သတင်း အချက်အလက် ချပြမှုက အားနည်းတာကို မဟုတ်ဘူး။ ဘာမှကို မရှိတာ။ စီမံကိန်း တခုလုပ်ပြီဆိုရင် အဲဒီ နေရာကို မြေစညှိ၊ ဘူဒိုဇာနဲ့ လာထိုးပြီဆိုမှ ဒေသခံက ဒါ စီမံကိန်းလုပ်မှာ ဆိုတာ သိရတာ။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အစိုး ရဘက်က ပြည်သူကို သတင်းအချက်အလက်တွေ ချပြဖို့ လိုသလို အသိပညာတွေ၊ ပံ့ပိုးမှုတွေ ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလို မဟုတ်ရင်တော့ တဖက်က လက်ဝါးကြီးအုပ်တာ ခံရမယ်” ဟု ဧရာဝတီကို ပြောသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၏ အစိတ်အပိုင်းတခု ဖြစ်ကာ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက် မှတ် ရေးထိုးခဲ့သည့် မူဆယ်-ရွှေလီ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်နှင့် ပတ်သက်၍ ဒေသခံ လုပ်ငန်းရှင် အများ စုက ယနေ့အထိ တိကျ ရှင်းလင်းစွာ သိရှိခြင်း မရှိသလို တာဝန်ရှိ ဌာနများကလည်း လာရောက်ချပြခြင်း၊ ညှိနှိုင်းဆွေး နွေးခြင်းများ မရှိသေး ဟု မူဆယ်-နမ့်ခမ်းရှိ ကုန်သည်များက ဧရာဝတီကို ပြောပြသည်။
“ဒီစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး တရုတ်ဘက်က သူတို့ ဘာတွေလုပ်မယ် ဆိုတဲ့ စီမံကိန်း အစီအမံတွေကို လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ကျနော်တို့ မြန်မာ ကုန်သည်တွေကို ရွှေလီမှာ ချပြဆွေးနွေးခဲ့တယ်။ အဲဒီတော့ တရုတ်ဘက် က သူ့နိုင်ငံသားတွေ သာမက တဖက်က အလုပ်တွဲလုပ်မယ့် ကုန်သည်တွေကို စီမံကိန်း အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ သိအောင် ပြောပြခဲ့ပေမယ့် ကျနော်တို့ အစိုးရကတော့ ဒီနေ့အထိ စီမံကိန်းက ဘယ်နေရာမှာ လုပ်မယ်ဆိုတာ တောင် ချပြတာ မရှိသေးဘူး” ဟု မူဆယ်မြို့မှ အမည်မဖော်လိုသူ ကုန်သည်ကြီး တဦးက ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “တရုတ်နဲ့ ပူးပေါင်း လုပ်ကိုင်မှာ ဖြစ်တဲ့အတွက် နှစ်ဖက် သာတူညီမျှရှိဖို့ အရေးကြီးတယ်။ တ ဖက်စောင်းနင်း မဖြစ်စေချင်ဘူး။ လက်ရှိ ကုန်သွယ်ရေးမှာတောင် တရုတ်က အသာစီး ရနေတဲ့အခြေအနေမျိုး ဆို တော့ ဒီလို စီမံကိန်းတွေမှာ ကျနော်တို့မှာ သတင်း အချက်အလက် မသိရတော့ ဘာကိုကြိုပြင်ရမယ်ဆိုတဲ့ အခက် အခဲ ရှိတယ်” ဟု ဆိုသည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စတုတ္ထ ၁ နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲ၌ အောက်ပါအတိုင်း ပြောကြားခဲ့သည်။
လက်ရှိ၌ စီမံကိန်းဇုန် ဧရိယာအဖြစ် မူဆယ်အပါအဝင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ်(ပန်ဆိုင်း) ဒေသတို့ပါဝင်ရန် အကြမ်းဖျင်း သတ်မှတ်ထားပြီး မကြာမီ ဇုန်နယ်မြေ သတ်မှတ်နိုင်ရန်အတွက် ယင်းဒေသများသို့ မြေပြင်ကွင်းဆင်း တိုင်းတာမှုများ ဆောင်ရွက်ရန် ပြင်ဆင်နေပြီး လုပ်ငန်းစဉ်ပြီးစီးပါက နှစ်နိုင်ငံ Framework Agreement လက်မှတ်ရေး ထိုးနိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နယ်စပ် စီးပွားရေးဇုန်နှင့် ပတ်သတ်၍ အစိုးရ၏ သတင်း အချက်အလက် ချပြမှု အားနည်းသည်ဟု ဝေဖန်ချက် အပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က “အခုက လုပ်ငန်း တောင် မစရသေးဘူးလေ။ Framework Agreement တောင် မထိုးရသေးဘူး။ လုပ်ရမယ့် လုပ်ငန်းစဉ်တွေ အများ ကြီး ကျန်ပါသေးတယ်။ ဘာမှမပြီးသေးဘဲ ချပြလည်း မထူးသလို သက်ဆိုင်ရာ အစိုးရရဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ အတည်ပြုချက်လည်း မရသေးဘူး။ ဒါကြောင့် လုပ်ငန်းစဉ် အတည် မဖြစ်သေးတဲ့အတွက် ချပြလို့ မရတဲ့ အနေအထား မျိုး ဖြစ်နေတာပါ” ဟု ဧရာဝတီကို ပြန်လည် ဖြေကြားသည်။
မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ဇုန် အတွက် နှစ်နိုင်ငံ အစိုးရနားလည်မှု စာချွန်လွှာ ရေးထိုးပြီး နောက် တရုတ်နိုင်ငံဘက် အခြမ်းတွင် နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရေးအတွက် ပြင်ဆင်ခြင်းများ၊ ၂၁ ရာစု ပိုးလမ်းမ စီမံကိန်း ချေးငွေများဖြင့် တရုတ် လုပ်ငန်းရှင်အများစုက နယ်စပ် ဧရိယာများ အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိ စပ်နေသော ယူနန်ပြည်နယ်တွင် စက်ရုံ၊ အလုပ်ရုံများ စတင် တည်ဆောက်မှုများ ရှိလာပြီဟု မူဆယ်-နမ့်ခမ်း ဒေသ ရှိ ကုန်သည်ကြီးများက ဧရာဝတီကို ပြောသည်။
နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တဦးဖြစ်သူ ဦးဝင်းဌေးက “အခုလို အနေအထားမှာ စီမံကိန်း အသေးစိတ်ကို ချမပြ နိုင်တောင် ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ဘာတွေ လုပ်ဖို့ရှိတယ် ဆိုတဲ့ အစီအစဉ် အကြမ်းလောက် သိထားရင်တောင် လုပ်ငန်းရှင် အနေနဲ့လိုတာတွေ စပြင်နိုင်သလို အစိုးရနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက် လို့ရမလဲဆိုတာ အသင်းအဖွဲ့ တွေ အနေနဲ့လည်း ပါဝင်လာနိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။
တဖက်နိုင်ငံက ကြိုတင်ပြင်ဆင်မှုများရှိသော်လည်း မြန်မာဘက် အခြမ်းတွင် အစိုးရ၏ မူဝါဒပိုင်းနှင့် စီမံကိန်းဆိုင်ရာ သတင်း အချက်အလက်များ ချပြမှု အားနည်းခြင်း၊ အခြေခံ အဆောက်အအုံပိုင်း၊ ငွေကြေး အရင်းအနှီးနှင့် နည်းပညာ အားနည်းခြင်းတို့ကြောင့် မိမိနိုင်ငံအတွင်း လာရောက် လုပ်ကိုင်သူများက အကျိုး စီးပွားအသာရသွားမည်ကို မြန်မာ လုပ်ငန်းရှင်များက စိုးရိမ်ကြသည်။
အလားတူ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၇၀ ပါဝင်မည့် တရုတ်အစိုးရ၏ မဟာဗျူဟာ စီမံကိန်း တရပ် ဖြစ်သော “Belt & Road Initiative” (ရပ်ဝန်းတခု လမ်းကြောင်းတသွယ်) လုပ်ငန်းစဉ်များအား ကိုဗစ် ၁၉ ကြောင့် တုံ့ဆိုင်းသွားခဲ့ သော်လည်း ကိုဗစ်အလွန်ကာလတွင် ပြန်လည် စတင်နိုင်ရန် စိတ်အား ထက်သန်လျက်ရှိသည်ကို လေ့လာရကြောင်း ဇွန်လက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်ခဲ့သော ကိုဗစ် အလွန် မြန်မာ့စီးပွားရေး ကဏ္ဍ ဆွေးနွေးပွဲတွင် ရန်ကုန် စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်းက ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက “အခု ကိုဗစ်ကြောင့် ကျနော်တို့ဆီက စက်ရုံတွေ တော်တော်များများ ပိတ်ရတယ်။ ကုန်ကြမ်း အခက်အခဲတွေ၊ ရှိပြီးသား ဈေးကွက် အများစု ပျောက်ကုန်ပြီ။ ကျနော်တို့ဟာ နိုင်ငံအိမ်နီးချင်းကို ရှောင်လွဲလို့ မရပါ ဘူး။ အဲဒါကြောင့် ကိုဗစ်အလွန် ဒါမှမဟုတ် ကိုဗစ်နဲ့ အတူကာလမှာ BRI ကနေ ဘာတွေ အမြတ်ထုတ်နိုင်မလဲ ဆိုတာ ထဲထဲဝင်ဝင် လေ့လာဖို့လာပါပြီ။ အပြန်အလှန် အကျိုးရှိမယ့်အရာတွေကို မယူတတ်ရင်တော့ သူများထက် အများကြီး နောက်ကောက်ကျ ကျန်သွားနိုင်ပါတယ်” ဟု အကြံပြုခဲ့သည်။
နှစ်နိုင်ငံ နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် ဆိုသည်မှာ နှစ်နိုင်ငံ နယ်နိမိတ် ထိစပ်နေသော မြို့နှစ်ခုကို ဇုန် တခု အဖြစ် သတ်မှတ်လိုက်ပြီး နယ်စည်း မခြားဘဲ နှစ်နိုင်ငံရှိ တရားဝင် သတ်မှတ်ထားသော ကုန်စည်များအား ရောင်း ဝယ် ဖောက်ကားရေး၊ စက်မှုလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး အပါအဝင် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ အစ ရှိသည်တို့ကို နှစ်နိုင်ငံပြည်သူများ လွတ်လပ်စွာ ကူးသန်း ရောင်းဝယ်ရေး ပြုလုပ်နိုင်မည့် စီးပွားရေးဇုန် ဧရိယာ ထူထောင်ခြင်းကို ခေါ်ဆိုသည်။
ယခုသတင်းကို AYA Bank မှ ပံ့ပိုးကူညီတင်ဆက်ပါသည်
ဆက်စပ်ဖတ်ရှုရန်
မူဆယ် နယ်စပ်စီးပွားရေးဇုန်တွင် နမ့်ဖတ်ကာ-နမ့်ခမ်း-ကြူကုတ် တို့ပါဝင်မည်