သတင်း

ဂျော်ဒန်မှာ မြန်မာအလုပ်သမား ၈၀၀ ကျော် ပိတ်မိနေ

Want create site? Find Free WordPress Themes and plugins.

ဂျော်ဒန်နိုင်ငံတွင် သောင်တင်နေသော မြန်မာနိုင်ငံမှ ရာနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများက သူတို့သည် လနှင့် ချီ၍ အလုပ်မရှိခြင်းနှင့် လေကြောင်းခရီးစဉ်များကလည်း ရပ်ဆိုင်းထားသည့်အတွက် အိမ်သို့ မပြန်နိုင်ဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

အာရှ အနောက်ပိုင်း ပင်လယ်သေ၏ အရှေ့ဘက် ဂျော်ဒန်နိုင်ငံ၏ အယ်လ်ကာရက်မြို့ Karak ရှိ Camel Textile International Cooperation ပိုင် အထည်ချုပ်စက်ရုံ တခုတွင် အလုပ်လုပ်သော ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၇၀၀ ခန့် ရှိသည်။ သူတို့ထဲမှ ၈၀၀ ကျော် သောင်တင်နေကြဆဲဟု သူတို့က ဧရာဝတီသို့ ဇွန်လ ၂၉ ရက်နေ့တွင် ပြောသည်။

COVID-19 ကြောင့် အလုပ်စာချုပ် သက်တမ်း မပြည့်ခြင်းအတွက် သူတို့၏ အလုပ်ရှင်များကို လျော်ကြေးပေးရန် မလိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများကို ပြောကြားခဲ့ပြီး ဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားများ နေရပ်သို့ပြန်ရန် စောင့်ဆိုင်းနေစဉ်အတွင်း စက်ရုံကလည်း နေရာထိုင်ခင်းနှင့် အစားအစာများပေးသည်ဟု သူတို့က ပြောသည်။

ဧရာဝတီတိုင်းမှ လာသည့် အသက် ၂၇ နှစ်အရွယ် မမာမာလှိုင်က သူနှင့် အခြား စက်ရုံ အလုပ်သမား ၁၇ ဦး တို့သည် သူတို့၏ စာချုပ်သက်တမ်းပြည့်သွားပြီး နောက် ၄ လကြာ သောင်တင်နေခဲ့ရသည် ဟုပြောသည်။ သူတို့က မတ်လတွင် ပြန်ကြရမည် ဖြစ်သည်။

“တရက်ပြီး တရက်အခန်းထဲမှာပဲ အချိန်ကုန်နေရတဲ့အတွက် စိတ်ဓာတ်ကျလာတယ်” ဟု မမာမာလှိုင်ကပြောသည်။

အခြားသူများကကမူ စက်ရုံမှ ကျွေးသည့် အစားအစာများက စား၍မရသောကြောင့် အပြင်မှ အစားအစာများကို ဝယ်ယူစားသောက်နေရသည်ဟု ဆိုသည်။

အလုပ်သမား ၈၀၀ ထဲမှ တဝက်ခန့် သည် COVID-19 ကပ်ရောဂါ ကာလအတွင်း အလုပ်မှ နုတ်ထွက်ရန် ဖိအားပေးခံထားရသူများဖြစ်ကြောင်း သူတို့က ပြောသည်။

ပဲခူးတိုင်း မှ အသက် ၂၃ နှစ်အရွယ် မမြတ်မြတ်မိုးက အလုပ်မရှိဘဲ ၄ လကြာ ခဲ့ပြီးနောက် သူနှင့် အခြား အမျိုးသမီး အများအပြားမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည် ဟုပြောသည်။

” ကျမ မိသားစုဆီကို ပိုက်ဆံပြန် မပို့နိုင်ဘူး။ နေမကောင်းဖြစ်ရင်တောင် ဆေးဝါးဝယ်ဖို့ ကျမတို့မှာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် အိမ်ကို အမြန်ဆုံး ပြန်ချင်တယ်” ဟု မမြတ်မြတ်မိုးက ပြောသည်။

သန့်ရှင်းရေးအတွက် ဆပ်ပြာနှင့် အခြား ပစ္စည်းများ ဝယ်ယူရန်အတွက်ပင် ၎င်းတို့တွင် ငွေမရှိကြောင်း သူက ဆက်ပြောသည်။

ဂျော်ဒန်နိုင်ငံတွင် သံရုံးမရှိသည့်အတွက် အိမ်နီးချင်း အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးက ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည်။

ဧရာဝတီက ဇွန် ၂၉ ရက်နေ့တွင် ဆက်သွယ်သောအခါ သံရုံးက မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

ဂျော်ဒန်န်ိုင်ငံတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော် အလုပ်လုပ်နေသည့် စက်ရုံ ၄ ခု ရှိ ကြောင်း အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမောင်မောင်လင်းက ဇွန်လ ၂၆ ရက်နေ့တွင် မီဒီယာတစ်ခုသို့  ပြောကြားထားသည်။

COVID-19 ကာလအတွင်း အလုပ်သမားပြဿနာများမှာ Camel Textile စက်ရုံ တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ အခြားစက်ရုံများတွင် သောင်တင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြသနာများက ဖြေရှင်းပြီး ဖြစ်သည်ဟု သူကပြောသည်။

နိုင်ငံတကာ လေယာဉ် ခရီးစဉ်များ ပြန်လည် စတင်ခွင့်ပြုသည့်အချိန်တွင် မြန်မာနိုင်ငံက ဂျော်ဒန်နိုင်ငံရောက် နိုင်ငံသားများကို ပြန်လည်ခေါ်ယူရေး ဆောင်ရွက်နေကြောင်း သံအမတ်ကြီးက ပြောသည်။

COVID-19 ကန့်သတ် ပိတ်ဆို့မှုများနှင့် တရားမဝင်နိုင်ငံခြား အလုပ်သမားများအား နှိမ်နင်းမှုများကြောင့် မလေးရှားနိုင်ငံတွင်လည်း သောင်တင်နေသည့် မြန်မာနိုင်ငံသား ၂၅၀၀၀၀ ခန့် ရှိကြောင်း ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ  ဦးအောင်ဇော်မင်း၏ အဆိုအရ သိရသည်။

မေလမှ ဇွန်လ အတွင်း မြန်မာနိုင်ငံမှ အထောက်အထားမဲ့ တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၈ ဦးသည် ပြင်းထန်သည့် အခက်အခဲများကြောင့် မလေးရှားနိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေ သွားခဲ့ကြသည်။

ကိုယ့်ကိုယ်ကိုသတ်သေမှုများ များပြားလာသည့်အတွက် မလေးရှားနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများ အားလုံးကို ပြန်လည်ခေါ်ယူရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံက ပြောကြားခဲ့သည်။

ဇွန်လ ၂၈ ရက်နေ့အထိ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်္ဂလန် နှင့် အမေရိကန် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၁၀ ခုကျော်မှ နိုင်ငံသား ၅၈၂၇ ဦး ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ဇွန်လ ၂၉ ရက်နေ့တွင် ဝန်ကြီးဌာနထံမှ မှတ်ချက် တောင်းခံခဲ့သော်လည်း မရခဲ့ပါ။

(Zaw Zaw Htwe ၏ Around 800 Myanmar Migrants Stranded in Jordan Without Work Amid COVID-19 Lockdown ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

မလေးရှားမှ တရားမဝင်လုပ်သား ၁၅၀၀ ကျော် နေရပ်ပြန်ရန် သံရုံး၌ စာရင်းပေးထား

မလေးရှားမှ မြန်မာလုပ်သားအချို့ စားဝတ်နေရေး ခက်ခဲ၍ အဆုံးစီရင်မှုများ ရှိလာ

အပစ်ပယ်ခံများ၏ ဂုဏ်သရေရှိ လူကြီးမင်း အာဂျန်ခရိုင်ဆတ်

အိမ်ကူကလေးလုပ်သားတွေကို လျစ်လျူရှု မထားကြပါနဲ့

Did you find apk for android? You can find new Free Android Games and apps.
Loading