မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတုဖောက်ပြန်ပြီး မုန်တိုင်းကျရောက်မှသာ ကန္တာရကျိုင်းကောင် အန္တရာယ်ကို စိုးရိမ်ရမည့် အခြေအနေဖြစ်ပြီး လက်ရှိအခြေအနေတွင် စိုးရိမ်ဖွယ် မရှိသေးကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြား ရေးမှူး (ပိုးမွှားဗေဒဌာန တာဝန်ခံ) ဒေါက်တာ ခင်ခင်မာလာမြင့် က ပြောသည်။
ဒေါက်တာခင်ခင်မာလာမြင့် က “သဘာဝတရားကြီးက သူတို့ကို ဦးစားပေးမယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ရောက်လာကောင်း ရောက်လာနိုင်တယ်ပေါ့။ ယတိပြတ်ကြီးတော့ လာနိုင်တယ် မလာနိုင်ဘူးတော့ ပြောလို့ မရဘူး။ စိုးရိမ်ဖွယ်ရာတော့ လက်ရှိ အခြေအနေအထိ မရှိသေးဘူး။ ဘင်္ဂလားဒေ့ရှ်လမ်းကြောင်းကတော့ စိုးရိမ်တယ်။ အိန္ဒိယကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရင်တော့ ဘင်္ဂလား ဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြားမှာ ဘာမှ မရှိဘူး။ အဲဒါတခုကိုတော့ စိုးရိမ်ပါတယ်’’ ဟု ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက “အမှန်တော့ ပညာရှင်တွေရဲ့ နိုင်ငံတကာ ခန့်မှန်းချက်တွေ အရတော့ လောလောဆယ် ပုံမှန် ရာသီဥတု အနေအထားမှာ မလာနိုင်ဘူး။ ရာသီဥတု ဖောက်ပြန်လို့ မုန်တိုင်းအကြီးစားကြီး ဝင်လာပြီဆိုရင်တော့ သူတို့ အုပ်စုလိုက်ကြီးသည် နေရာအနှံ့ရောက်သွားနိုင်တယ်။ ဒါကတော့ ကျမတို့ ခန့်မှန်းလို့ မရနိုင်ဘူးပေါ့။ ရာသီဥတု ဆိုတော့ ”ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အိန္ဒိယနှင့် ထိစပ်နေသော အပိုင်း၌ အိန္ဒိယဘက်တွင် ဟိမဝန္တာတောင်တန်းများ ကာဆီးနေသကဲ့သို့ မြန်မာနိုင်ငံဘက်တွင်လည်း ချင်းတောင်တန်းရှိနေသဖြင့် ရောက်လာနိုင်သည့် အခြေအနေ နည်းပါး ကြောင်း သိရသည်။
ကျိုင်းကောင်အန္တရာယ်ကို ပြည်သူလူထုက စိုးရိမ်မှုများ ရှိနေသောကြောင့် သီးနှံကာကွယ်ရေး ဌာနခွဲ၊ စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ပြည်သူလူထုကို ကျိုင်းကောင် အန္တရာယ်သတိပေးချက်နှင့် နှိုးဆော်ချက်များ ထုတ်ပြန်ထားကြောင်း၊ ကျိုင်းကောင်များမှာ မြေကြီးအတွင်း ဥမြုံများ ဥတတ်ခြင်းကြောင့် အုပ်စုလိုက်လာရောက်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ခြင်း နည်းလမ်းဖြင့်သာ ကြိုတင်ကာကွယ်ရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်စန်းစန်းမြင့်က “စောစောစီးစီးသိတယ် ဆိုရင်တော့ အကောင်တွေ ဝင်လာတာက မပွားသေးတဲ့ အနေအထားဆိုရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့။ သူတို့က ဥတာက မြေထဲမှာ ဥတာဆိုတော့ ထည့်ထိုးမွှေတာတွေ နောက်အကောင်လေးတွေ ပေါက်လာတဲ့ အချိန်မှာဆိုရင်လည်း မပျံနိုင်သေးဘူးဆိုရင် စုပေါင်းပြီးတော့ ဖျက်ဆီးတာတွေ လုပ်သင့်တာပေါ့” ဟု ရှင်းပြသည်။
စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် သတိထားစောင့်ကြည့်ရမည့် ဒေသများတွင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့ပါဝင်သည်။
လက်တလောတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှာတွေ့ရှိခဲ့သည့် ကျိုင်းကောင် များကို ဓာတ်ခွဲစစ်ဆေးရာ ကန္တာရ ကျိုင်းကောင်မဟုတ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက အတည်ပြုထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဦးကျော်မိုးဦးကလည်း “ဒီကာလတွေမှာ ဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေက မြန်မာနိုင်ငံကိုတော့ ဦးတည် မလာဘူးပေါ့။ များသောအားဖြင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကိုပဲ ဦးတည်လေ့ ရှိတယ်။ နှစ်ပေါင်း ၁၀၀ အတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လတွေမှာ ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို တကြိမ်တခါမှ မဝင်ဖူးဘူး”ဟု ရှင်းပြသည်။
အဆိုပါ ကန္တာရကျိုင်းကောင်များသည် ယခုနှစ် ဇန်နဝါရီလတွင် အာဖရိကတိုက် အရှေ့ပိုင်းနိုင်ငံများမှ စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီအထိ ဇွန်လကတည်း စတင်ရောက်ရှိနေရာ အိန္ဒိယနိုင်ငံ၏ ပြည်နယ် ၇ ခုသည် ၁၀ စုနှစ်အတွင်း ကျိုင်းကောင် အန္တရာယ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။
ကန္တာရ ကျိုင်းကောင် အရေအတွက်မှာ ၆ လအတွင်း အဆ ၄၀၀ တိုးပွားလာပြီး ကျိုင်းကောင်များ၏ ၁ ကီလိုမီတာ ဧရိယာ အတွင်း စားသုံးမှုမှာ လူဦးရေ ၃၅,၀၀၀ ၏ တရက်စာ စားနပ်ရိက္ခာနှင့် ညီမျှကြောင်း FAO က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကန္တာရကျိုင်းကောင် ကျရောက်မှုကြောင့် လူဦးရေ ၄၂ သန်း စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နေရပြီး အဆိုပါဧရိယာများတွင် FAO ၏ အရေးပေါ်တုန့်ပြန်မှု အကူအညီလိုအပ်မှုမှာ အမေရိကန်ဒေါ်လာ ၃၁၂ သန်းဖိုး ခန့်ရှိကြောင်း သိရသည်။
ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) မှာ သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင် မျိုးနွယ် ဝင်ဖြစ်ကာ သဲကန္တာရဆန်သောမြေများတွင် ဥချလေ့ရှိပြီး ကြီးထွားလာသည့် အခါ နှံကောင်အုပ်စုကြီးများ အဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်း သွားနိုင်သည့်အပြင် သွားရာလမ်းတလျှောက်ရှိ အစိမ်းရောင် မြင်သမျှကို စားသောက်ဖျက်ဆီးတတ်ကြောင်း သိရသည်။
You may also like these stories:
ပါကစ္စတန်ရဲ့ ကျိုင်းကောင် ပြဿနာကို ဖြေရှင်းဖို့ တရုတ်မှ ဘဲတပ်သားများ စေလွှတ်