မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရပြီးမှ ပြန်လည် ကောင်းမွန်လာသူတွင် ရက်ပေါင်း ၄ဝ ကြာပြီးနောက် ပိုး ထပ်မံ တွေ့ရှိခဲ့သော်လည်း အခြားသူများကို ကူးစက်နိုင်ဖွယ် မရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ သန်းနိုင်စိုးက အတည်ပြုသည်။
တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ စကာၤပူနိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံများတွင်လည်း COVID-19 ရောဂါပိုး ပျောက်ကင်း သွား ပြီးမှ ပြန်လည်တွေ့ရှိရသူများ ရှိနေပြီး ထိုသူများ၏ ခန္ဓာကိုယ်တွင်း COVID-19 ပိုး သေဆုံးသွားပြီးမှ ရောဂါပိုး၏ အခွံ ကွာ ကျမှု၏ အကြွင်းအကျန်များမှ ပိုးပြန်တွေ့ရှိခြင်းကြောင့်ဟု ဆိုသော်လည်း တခြားသူများထံသို့ ကူးစက်နိုင်ဖွယ် မရှိသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။
ဒေါက်တာ သန်းနိုင်စိုးက “အဲဒီဟာက လူကို ကူးနိုင်တာတော့ မဟုတ်ဘူး။ ဒါက ကျနော်တို့ သုတေသန စာတမ်းတွေအရ ပြောတာ။ ဒါပေမယ့် ပေါ့လို့တော့ မရဘူးပေါ့။ သတိထား စောင့်ကြည့်ရမှာပေါ့။ ဆေးပညာရဲ့ စိန်ခေါ်မှုပေါ့။ တခု စိုးရိမ်တာ က ဒီပိုးဟာ ငုပ်နေပြီးမှာ ပြန်ပေါ်လာတယ် ဆိုပေမယ့် ဒီလူရဲ့ ပြန်ဖြစ်တာက တခြားနေရာက ပြန်ကူးတာလား ဆိုတာ မေး ခွန်း ရှိတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “ပထမအကြိမ် ပိုးဝင်ခဲ့တဲ့ လူ့ခန္ဓာကိုယ်က ဝင်လာတဲ့ပိုးကို ပြန်တိုက်ခိုက်နိုင်ရင် နောက်တကြိမ် အဲဒီ လို အမျိုးတူပိုး ပြန်မဝင်နိုင်ဘူး။ အဲဒီလို ပိုးမတူရင်တော့ ဒုတိယပိုးကို မတိုက်ခိုက်နိုင်လို့ စိုးရိမ်ရတာပေါ့” ဟု ပြောဆိုသည်။
ကိုရီးယားနိုင်ငံ ဆေးသုတေသန၏ သုတေသန ပြုချက်များအရ ထိုကဲ့သို့ COVID-19 ပျောက်ကင်းပြီးမှ ပြန်ဖြစ်သူ ၈၅ ယောက်နှင့် ထိတွေ့ခဲ့သည့် မိသားစု ၇၉ဝ ကို စစ်ဆေးခဲ့ရာ ကူးစက်မှု မဖြစ်ခဲ့သည့်ကို တွေ့ရှိခဲ့ကြောင်း၊ ပထမအကြိမ် ဝင်ရောက်လာသည့် ပိုးအရိုင်းသည် Positive ဖြစ်သလို ယဉ်ပါးသွားသည့် ပိုးအသေသည်လည်း Positive ဖြစ်စေနိုင် ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ဆေးရုံအုပ် ဒေါက်တာ ရွှေဝင်းကလည်း သုံးသပ်သည်။
မြန်မာနိုင်ငံ၌လည်း COVID-19 ကင်းစင်ပြီးမှ ပြန်လည်တွေ့ရှိသူသည် ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်သူ တဦးဖြစ်ပြီး၊ အင်းစိန်မြို့နယ်မှ တရားဟောဆရာ ဒေးဗစ်လား ဦးစီးသည့် လူစုလူဝေးဖြင့် ခရစ် ယာန် ဘာသာရေးပွဲကို ကျင်းပခဲ့မှုကြောင့် COVID-19 ကူးစက်ခံရသူ တချို့ကို သွားရောက်ကြည့်ရှု ကုသပေးခဲ့သည့် ဆရာဝန်တဦး ဖြစ်ကြောင်း သိရသည်။
ထို့နောက် ၎င်းသည် တာချီလိတ် ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ဇနီးဖြစ်သူထံ သွားရောက်စဉ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ကျိုင်းတုံဆေးရုံ၌ တက်ရောက် ကုသမှုခံယူခဲ့ရပြီး၂ ကြိမ်တိုင်တိုင် Negative ပြသဖြင့် မေလ ၂ဝ ရက်၌ ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။
ဆေးရုံမှဆင်းပြီး သတ်မှတ်ထားသည့် Quarantine စင်တာ၌ဝင်ရောက်ခဲ့ပြီးနောက် တာချီလိတ်မြို့ရှိ ဇနီးဖြစ်သူထံ ပြန်ကာ အိမ်တွင်း နေထိုင်ခဲ့သူဖြစ်သည်။
သို့ရာတွင် ရန်ကုန်သို့ ပြန်၍ မိမိအလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန်အတွက် ၎င်း၏ဆန္ဒအရ ဆေးထပ်မံ စစ်ဆေးခဲ့ရာမှ ဇွန်လ ၃ဝ ရက်တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိသည့် အဖြေရရှိခဲ့သဖြင့် တာချီလိတ်ဆေးရုံတွင်ပင် ၎င်းကို ထပ်မံ ကုသမှု ပြုနေသည်ဟု ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက ပြောသည်။
ဒေါက်တာ ရွှေဝင်းက “အခု ကျနော် အပါအဝင် သွေး၊ အာခေါင် တို့ဖတ်၊ နှာခေါင်းတို့ဖတ် နမူနာတွေကို ကောက်နေတယ်။ သူက သူ့အမျိုးသမီးနဲ့ပဲ နေတာ။ သူက ရန်ကုန်ကိုပြန်ဖို့ စိတ်ရှင်းအောင် စစ်မယ် လုပ်ကာမှ အခုလို ပြန်တွေ့တာ။ လတ်တ လော သူနဲ့ ၁၅ မိနစ်ကြာ ၆ ပေအတွင်း စကားပြောခဲ့သူ၊ ခန္ဓာကိုယ် ထိတွေ့ခဲ့သူ၊ အလုံပိတ် အခန်းထဲ၂ နာရီကျော်ကြာ အတူနေသူ၊ ဆေးစစ်နမူနာ မပို့ခင် ၄၈ နာရီအတွင်း Positive တွေ့ရှိသူ လူနာနှင့် တွေ့ဆုံခဲ့သူများကို စာထုတ်ကာ စာရင်း ကောက်ယူနေတယ်” ဟု ဆိုသည်။
၎င်းက “လောလောဆယ်တော့ ကျနော်နဲ့ သူ့အမျိုးသမီးအပါ ၇ ဦး စာရင်း ရပြီ။ အခု ပြန်တွေ့တဲ့သူကတော့ အကောင်းကြီး ပါ။ ဓာတ်ခွဲခန်းနမူနာကို ကျနော်တို့ တာချီလိတ်ဆေးရုံမှာ ကုသရင် ပြန်စောင့်ရမှာပေါ့။ သူက ဘာမှမဖြစ်ဘူး။ အားဆေး သောက်ပြီး ညွှန်ကြားချက်တွေအတိုင်း လုပ်ရမှာပေါ့” ဟု ဆက်ဆိုသည်။
ယနေ့ (ဇူလိုင် ၂ ရက်)မနက်ပိုင်း သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ လူနာ ၃ဝ၄ ဦး ရှိပြီး သေဆုံးခဲ့သူ ၆ ဦးရှိကြောင်း၊ ဆေးကုသမှု ခံယူပြီးမှ ၂ ကြိမ်တိုင်တိုင် ဆေးစစ်ချက်တွင် ရောဂါကင်းစင်သူ ၂၂၂ ဦး ရှိ ကာ အဆိုပါ ကင်းစင်သူများကို ဆေးရုံမှ တန်းမဆင်းပေးဘဲ Quarantine စင်တာတွင် ဆက်လက် စောင့်ကြည့်ခဲ့ကြောင်း၊ ရန်ကုန်တွင် ၁၁၉ ဦးကို ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် Quarantine ဝင်ခိုင်းခဲ့ပြီးမှ လက်ရှိတွင် ၁၆ ဦးသာ ကျန် ရှိတော့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ထို့ပြင် လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိသူ ၇၇ ဦးကို ပြည်သူ့ဆေးရုံများတွင် ကုသပေးနေပြီး ၅ ဦးကို တပ်မတော် စစ် ဆေးရုံများတွင် ကုသပေးနေကြောင်း၊ ယခု လူနာအမှတ် ၉၆ လို ရောဂါပိုး ပြန်တွေ့ရှိခဲ့သည်က ပထမဆုံး ဖြစ်သော်လည်း ရောဂါပိုးကင်းစင်သူ ၂၂၂ ဦးလုံးကို မိမိတို့အနေဖြင့် ပစ်မထားဘဲ စောင့်ကြည့်နေလျက် ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာ နမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။
ဒေါက်တာ သန်းနိုင်စိုးက “ကျနော်တို့က သူတို့ကို ကောင်းသွားတယ် ဆိုပေမယ့် ၁ ပတ်၊၂ ပတ် Quarantine ထားတယ်။ အောက် အိမ်မှာပဲ၂ ပတ် နေခိုင်းတယ်။ လူကြားထဲ မသွားခိုင်းဘူး။ အိမ်ကလူတွေကိုလဲ တခုခုဆို ကျနော်တို့ဆီ ဆက် သွယ်ဖို့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတယ်” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
စောဒေးဗစ်လားအား ၃ နှစ်အထိ ထောင်ဒဏ်ချနိုင်သည့်ပုဒ်မနှင့် စွဲချက်တင်
ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်လာသော ဘေ့ဂျင်းတွင် ကန့်သတ်ပိတ်ဆို့မှု ပြန်လုပ်
ထိုင်း-မလေးရှား နယ်စပ်၌ အကျဉ်းကျခဲ့သူ မြန်မာ ၂၃ ဦးတွင် COVID-19 ပိုးတွေ့