ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတားပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ် သြဂုတ်လက ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ မွတ်ဆလင် ၁၉ ဦးကို သတ်ဖြတ်မှုအတွက် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်ခုံရုံးမှ တရားစီရင်ခဲ့ရာ ပြစ်ဒဏ်ချမှတ်မှုများကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသောကြောင့် တပ်မတော်ကို ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် ဥပဒေပညာရှင်များက ဝေဖန်နေကြသည်။
အဆင့်မြင့်စစ်ဖက်အရာရှိတဦး၊ အခြားအရာရှိတဦးနှင့် အခြားအဆင့် စစ်သည်တဦးတို့ကို ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်တွင် တိုက်ပွဲ စည်းမျဉ်းများ မလိုက်နာသောကြောင့် စစ်ခုံရုံးတင် တရားစီရင်ခဲ့ကြောင်း တပ်မတော် ပြန်ကြားရေးအဖွဲ့က အင်္ဂါနေ့တွင်ကြေငြာသည်။ သို့သော် ထိုသုံးဦးတို့ကို မည်သို့သော ပြစ်ဒဏ်ပေးသည်နှင့် ထောင်ဒဏ် မည်မျှချသည်ကို တပ်မတော်မှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။
ARSA အဖွဲ့က ထိုဒေသရှိ ရဲကင်းများကို တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရခိုင်မြောက်ပိုင်းမှ မွတ်ဆလင်သူပုန်များကို ရှင်းလင်းသည့် စစ်ဆင်ရေးများကို အစိုးရက ပြုလုပ်သောအခါ ဂူတားပြင်အပါအဝင် ရွာပေါင်း ၁၂ ရွာတွင် အစိုးရတပ်များနှင့် ARSA တိုက်ခိုက်ရေးသမားများကြား တိုက်ခိုက်မှု အကြိမ် ၆၀ ကျော်ဖြစ်ပွားခဲ့သည်။
ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖေါက်မှုစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရ က ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အဆိုအရ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ဂူတားပြင်အပါအဝင် နေရာပေါင်း ၄ ခုတွင် လူ ၁၀၀၀ နီးပါး အသတ်ခံရသည်ဟု သိရသည်။
ထိုစစ်ဆင်ရေးများကြောင့် ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသည်။ ထိုထွက်ပြေးသူများက ၎င်းတို့သည် လုံခြုံရေးတပ်များ၏ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများ၊ တရားစီရင်မှုမဲ့ သတ်ဖြတ်ခြင်းများ၊ လုယက်ခြင်းများနှင့် နေအိမ်များကို မီရှို့ခြင်းများကို ကြုံတွေ့ သိမြင်ရသည် ဟုပြောသည်။ ထို့ကြောင့်ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက ထိုစစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိသည်ဟု ကောက်ချက်ချခဲ့သောကြောင့် မနှစ်က မြန်မာနိုင်ငံ သည် နိုင်ငံတကာတရားရုံး (ICJ) တွင် တရားစွဲခံခဲ့ရသည်။ မြန်မာအစိုးရနှင့် တပ်မတော်တို့က ထိုစွပ်စွဲချက်များကို ပယ်ချပြီး ARSA ကို အကြမ်းဖက်အဖွဲ့အစည်းတခုအဖြစ် ကြေညာခဲ့သည်။
မွတ်ဆလင်များအပေါ် ပြစ်မှုများကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသည့် တပ်များအပါအဝင် လုံခြုံရေးတပ်ဖွဲ့များအားလုံးအတွက် တာဝန်ရှိသော တပ်မတော်က ၂၀၁၇ ခုနှစ်က သူပုန်များကို အစုလိုက် အပြုံလိုက်သတ်ဖြတ်သည်ဟု စွပ်စွဲခံရသည့် တပ်ဖွဲ့ဝင်များကို စုံစမ်းစစ်ဆေး စစ်ခုံရုံးတင်ခဲ့ကြောင်း တပ်မတော်ကပြောကြားထားသည်။ ထိုသို့စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ICOE ကလည်း အကြံပြုထားသည်။
တပ်မတော်က ဂူတာပြင်အမှု စစ်ဆေးစီရင်ရန် လွန်ခဲ့သော နှစ် နိုဝင်ဘာလက စစ်ခုံရုံးဖွဲ့ခဲ့ပြီး ထိုအမှုသည် ဧပြီလတွင် စစ်ဆေး ပြီးစီးခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များသည် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က ဂူတာပြင်တွင် ARSA အဖွဲ့ဝင်များနှင့် ရွာသားများ၏ အင်အားသုံး တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“လုံခြုံရေးတပ်တွေက ပြန်လည်တိုက်ခိုက်တဲ့အခါ လိုက်နာမှုအားနည်းတာ တချို့ရှိတယ်။ အဲဒါက ရည်ရွယ်ချက်နဲ့ တမင်လုပ်တာ မဟုတ်ဘူး” ဟု သူပြောသည်။
ချမှတ်သည့် ပြစ်ဒဏ်များ ကို မထုတ်ပြန်ရသည့် အကြောင်း မေးသောအခါ ထိုဖြစ်ရပ်သည် လုံခြုံရေးတပ်များသည် နိုင်ငံတော်ကိုကာကွယ်ရေး နှင့် ဒေသ တည်ငြိမ်ရေး တာဝန် ထမ်းဆောင်ရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သူပြောသည်။
“ဒါက တချက်။ နောက်တချက်ကတော့ ရဲဘော်ရဲဖက်စိတ် အရ ပြစ်ဒဏ်တွေကို မဖော်ပြတာပါ” ဟု ပြောသည်။
သို့သော် ထိုသို့သော အကြောင်းပြချက်များသည် ဦးသိန်းသန်းဦးကဲ့သို့သော လူ့အခွင့်အရေး ရှေ့နေများကို ကျေနပ်နိုင်စေခြင်း မရှိပေ။
“ဘာမှ မဆိုင်ဘူး” ဟု ဦးသိန်းသန်းဦးက ပြောသည်။
ထို တပ်ဖွဲ့ဝင် ၃ ဦးကို အပြစ်ပေးခြင်းမှာ သို့မဟုတ် တပ်မတော်၏ ဂုဏ်သတင်းကို ထိခိုက်စေသော စစ်စည်းကမ်းလိုက်နာရန် ပျက်ကွက်သောကြောင့်ဖြစ်ကြောင်း သူပြောသည်။ ပြစ်ဒဏ်နှင့် ပတ်သက်ပြီး အသေးစိတ်များကို ထုတ်မပြောတာ အကြောင်းရှိနိုင်ကြောင်း ဦးသိန်းသန်းဦး က ပြောသည်။
“လူသိမခံရဲတဲ့ ပြစ်ဒဏ်တွေမို့လို့ နေမှာပေါ့ ” ဟု သူက ပြောသည်။
နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများအတွင်း ဖြစ်ပွားခဲ့သည်ဟု သိရသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄ ခုတွင် ဂူတားပြင် အမှုသည် စစ်ခုံရုံးတင် စစ်ဆေးသည့် ပထမဆုံးအမှုဖြစ်သည်။ အခြား ၂ မှုအတွက် စုံစမ်းစစ်ဆေးသည့် ခုံရုံးများဖွဲ့စည်း စစ်ဆေးနေကြောင်း တပ်မတော်ကပြောသည်။
ဂူတာပြင်အတွက် စစ်ခုံရုံးကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ICJ သို့ ဒီဇင်ဘာလတွင် မသွားရောက်မီ နိုဝင်ဘာလ က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ထိုတရားရုံးတွင် ထွက်ဆိုရာ၌ နိုင်ငံတော်အတိုင်ပင်ခံက ARSA ၏ လုံခြုံရေး စခန်းများ တိုက်ခိုက်မှုကို စစ်ရေးအရ တုံ့ပြန်ခဲ့ရာတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အကြွင်းမဲ့ လက်ခံထားသော တရားမျှတမှုနှင့် တရားဥပဒေ စံနှုန်းများကို ချိုးဖေါက်မှုများ ရှိနိုင်သည်နှင့် ပတ်သက်ပြီး အငြင်းပွားခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် ထိုပြစ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ကြောင်း နှင့် စစ်ရာဇဝတ်မှုများတွင် ပါဝင်သူများကို မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်တွင်း စစ်ခုံရုံးများတွင် တရားစွဲဆိုမည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
ဂူတားပြင်အမှုအတွက် စစ်ခုံရုံးတခု ဖွဲ့စည်းသောကြောင့်ကျေနပ်ကြောင်းနှင့် တရားမျှတမှု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားရုံးသို့ ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားအပြီး ခြောက်လအကြာတွင် တပ်ဖွဲ့ဝင် ၃ ဦးကို စစ်ဆေးအရေးယူခဲ့ကြောင်း တပ်မတော်က ကြေညာသော်လည်း အခြားမည်သည့် အသေးစိတ်ကိုမျှ ထုတ်ဖေါ်ကြေညာခြင်းမရှိပေ။
စစ်ခုံရုံးနှင့် ပတ်သက်ပြီး အများပြည်သူသို့ အသိပေးမှုမရှိခြင်းသည် စိုးရိမ်ဖွယ်ရာ အများအပြားဖြစ်စေကြောင်း နိုင်ငံတကာဂျူရီလူကြီးများ ကော်မရှင်၏ ကမ္ဘာလုံးဆိုင်ရာ တာဝန်ယူမှုတာဝန်ခံမှု အစီအစဉ် မှ ညှိနှိုင်းရေးမှူး ကင်းစလေ အက်ဘော့က ဧရာဝတီသတင်းဌာနသို့ပြောသည်။ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖေါက်မှုများဖြင့် စွပ်စွဲခံရသော စစ်သားများကို စစ်ခုံရုံးများတွင် မစစ်ဆေးဘဲ အရပ်ဖက်တရားရုံးများတွင် စစ်ဆေးသင့်ကြောင်းလည်း သူပြောသည်။
“ရဲဘော်ရဲဖက်စိတ် ဆိုတာကို စစ်တပ်က ကိုးကားပြောဆိုတာကြောင့် ဒီ တရားစီရင်ရေးဟာ ဘက်လိုက်မှု ရှိပြီး လွတ်လပ်မှု မရှိဘူးဆိုတာကိုပြနေတယ်” ဟုလည်း သူပြောသည်။
ပြင်းထန်သော လူ့အခွင့်အရေးချိုးဖေါက်မှုများကို နိုင်ငံတကာဥပဒေစံနှုန်းများနှင့် မညီသောပုံစံဖြင့် မြန်မာနိုင်ငံက ကိုင်တွယ်ဖြေရှင်းနေခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တားဆီးရေး နိုင်ငံတကာသဘောတူညီချက်ပါ အချက်များကို မြန်မာနိုင်ငံက လိုက်နာ ဖြည့်ဆည်းခြင်းရှိမရှိ ကို ICJ က စဉ်းစားသုံးသပ်ရာတွင် ထည့်သွင်းလာနိုင်ကြောင်းလည်း သူ သတိပေးသည်။
မြန်မာနိုင်ငံမှ တပ်မတော်၏ တရားစီရင်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ မှ သံသယဖြစ်သည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ မောင်တောမြို့နယ် အင်းဒင်ကျေးရွာတွင်ဖြစ်ပွားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်သူများကို ၂၀၁၉ ခုနှစ်က ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့ခြင်းကြောင့် နိုင်ငံတကာအသိုင်းအဝန်းတွင် တပ်မတော် စစ်ခုံရုံးများအပေါ် အကြီးအကျယ် အယုံအကြည်ကင်းမဲ့မှုဖြစ်စေခဲ့သည်။ “ဒီကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာလည်း အတော်များများက စိတ်မသက်မသာ ဖြစ်ခဲ့ရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ICJ ကိုပြောသည်။
နိုင်ငံတကာ အာရုံစူးစိုက်မှုခံနေရသော ထိုပြဿနာကို ကိုင်တွယ်ရာတွင် မြန်မာနိုင်ငံအနေဖြင့် သတိထားသင့်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ နှင့် Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းပြောသည်။
“ဒါက စစ်သားတွေက အရပ်သားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်လို့ သူတို့ကို ဘယ်လိုအပြစ်ပေးတယ်ဆိုတာ သိရမှသာ တရားမျှတမှု ရှိမရှိ သိရမှာလေ” ဟု ဦးအောင်မျိုးမင်းပြောသည်။
တပ်မတော်အနေဖြင့် ရဲဘော်ရဲဖက်စိတ်ထက် အဖွဲ့အစည်းတခုလုံး၏ ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားသင့်ကြောင်းနှင့် ၂၀၁၉ ခုနှစ်က အထက်ပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်သည့် တပ်မတော်၏ ဂုဏ်သတင်းကို ထိခိုက်စေကြောင်းလည်း သူပြောသည်။
“အဖွဲအစည်း ဂုဏ်သိက္ခာကို ပိုအလေးထားဖို့ လိုတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင် ၃ ယောက်ကို ဘယ်လိုအပြစ်ပေးတယ်ဆိုတာကို လူသိရှင်ကြား ထုတ်ပြန်သင့်တယ်” ဟု ဦးအောင်မျိုးမင်း က ဆိုသည်။
(Kyaw Phyo Thar ၏ Myanmar Military Faulted for Information Blackout on Massacre Prosecutions ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
နာမည်ပျက်နေတဲ့ မြန်မာ့လူ့အခွင့်အရေး ဘယ်လို အဖတ်ဆယ်မလဲ
နိုင်ငံရေးတွင် ဝင်နိုင်ခြေ တပ်ချုပ် ရုရှားမီဒီယာတွင် အရိပ်အမြွက်ပြော
မြန်မာနှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့ကြား စစ်ဘက်နှင့် နယ်စပ်လုံခြုံရေး ပိုမို ပူးပေါင်းမည်