ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာရင်း) မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့တွင် အမှုဖွင့် တရားစွဲဆိုသည့်အတွက် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ဦးကိုကိုနိုင်မှာ ပုသိမ်မြို့နယ်သို့ မပြောင်းရွှေ့မီ ရေကြည်မြို့နယ် မြေစာရင်းဌာနဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်စဉ် ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူလယ်သမားများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးခြင်းနှင့် လယ်ယာမြေအခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားခြင်းတို့တွင် ငွေကြေးတောင်းခံရယူကြောင်း စစ်ဆေးပေါ်ပေါက် သည့် အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ရေကြည်မြို့မရဲစခန်းတွင် ယနေ့ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်ခဲ့တဲ့အတွက် ပုသိမ်မြို့နယ် မြေစာရင်း ဦးစီးမှူး ဦးကိုကိုနိုင်ကို ကျနော်တို့ ဒီကနေ့ပဲ ဖမ်းဆီး လိုက်ပါတယ်။ အမှုကို ဥပဒေအတိုင်း အမှုတည်ဆောက်ပြီးတော့ တရားရုံးကို တရားစွဲဆို တင်ပို့ဆောင်ရွက်သွားမှာပါ”ဟု ဧရာဝတီကို ပြောသည်။
ဦးကိုကိုနိုင်မှာ ရေကြည်မြို့နယ် မြေစာရင်းဦးစီးမှူးအဖြစ် ၄ နှစ်ကျော် တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ် မေလအတွင်း ပုသိမ်မြို့နယ် မြေစာရင်းဦးစီးမှူးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ရေကြည်မြို့နယ်တွင် တာဝန်ထမ်း ဆောင်စဉ်အချိန်က ရေကြည်မြို့နယ်ရှိ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူလယ်သမား များထံမှ ငွေကြေးတောင်းခံသည့် အတွက် လယ်သမား ၁၇ ဦးက နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်ထံ တိုင်ကြားခဲ့ကြောင်း သိရ သည်။
လယ်သမားများ၏ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့၍ စစ်ဆေး ခဲ့ရာ ရေကြည်မြို့နယ် မြေစာရင်းဦးစီးမှူး ဦးကိုကိုနိုင်မှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ထုတ်ပေးရာတွင် လယ်သမား ၁၇ ဦးထံမှ ငွေကျပ် ၆ သိန်းကိုလည်းကောင်း၊ လယ်ယာမြေ အခြားနည်းဖြင့် သုံးစွဲခွင့်လျှောက်ထား သူ တောင်သူ ၅ ဦးထံမှ ငွေကျပ် ၁၁ သိန်း ၅ သောင်းကျပ်ကို တောင်းခံ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု အဂတိတိုက်ဖျက်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ငွေကြေးလက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ရေကြည်မြို့နယ် မြေစာရင်းဦးစီးမှူးဟောင်း ဦးကိုကိုနိုင် (လက်ရှိ ပုသိမ်မြို့နယ် မြေစာရင်း ဦးစီးမှူး) အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရေကြည်မြို့မ ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ကော်မရှင်က သတင်းထုတ်ပြန်သည်။
အမည်မဖော်လိုသည့် ရေကြည်မြို့ခံတဦးက“အဲဒီမြေစာရင်း ဦးစီးမှူးက ရေကြည်မှာ ၄ နှစ်ကျော် တာဝန်ထမ်း ဆောင်ခဲ့ တယ်။ လယ်သမားတွေဆီကနေ ပိုက်ဆံတွေ ခဏခဏ တောင်းတဲ့အခါမှာ တောင်သူ ၁၇ ဦးက မခံနိုင်လို့တိုင်တာ။ ဇွန်လ ထဲမှာ ကော်မရှင်ရဲ့ စစ်ဆေးရေးအဖွဲ့က ရေကြည်ကိုလာပြီးတော့ တိုင်ကြားတဲ့ လယ်သမားတွေကို ခေါ်စစ်တယ်လို့ သိရ တယ်။ တကယ်စစ်လိုက်တော့ ငွေတောင်းတာတွေ ပေါ်တဲ့အတွက် အရေးယူတာ။ ရာထူးအသုံးပြုပြီး ငွေတောင်းတဲ့ ဌာန ဆိုင်ရာအကြီးအကဲတွေ အရေးယူတာ ကျနော်တော့ ကြိုဆိုတယ်”ဟု ပြောသည်။
မြေစာရင်း ဦးစီးမှူး ဦးကိုကိုနိုင်ကို ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့က ပုသိမ်မြို့တွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး အမှု တည်ဆာက် ပြီးချိန်တွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်းဒေသကြီးတရားရုံးတွင် ဦးကိုကိုနိုင်ကို ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
ကျွန်းလှမြို့နယ် ရဲမှူးနှင့်စခန်းမှူး အပါ ၅ ဦးအား အဂတိမှုဖြင့်အရေးယူ
မန္တလေးတိုင်း သစ်တောအရာရှိနှစ်ဦး အဂတိဖြင့် အမှုဖွင့်ခံရ
လိင်အမြတ်ထုတ်မှုနဲ့ ရဲရာထူးခန့်ချုပ် စစ်ဆေးခံနေရ
အဂတိဖြင့် ထောင်၁ နှစ် ချခံရသည့် သတ္တုတွင်း ညွှန်မှူးအမှု ပြန်သုံးသပ်ရန် တင်ပြမည်