လက်အောက်ငယ်သား ရဲမေကို ရာထူးတိုးပေးမည်ဟု အပေးအယူပြု၍ လိင်အမြတ်ထုတ်မှုဖြင့် တိုင်ကြားခံရသူ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲတရားရုံးက ဇူလိုင် ၃ ရက်နေ့တွင် ပြစ်ဒဏ်ပေး ထောင်ချလိုက်ပြီ ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သတင်းရရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟ က “အခုက အပြစ်ရှိလို့ ရဲတရားရုံးက ပြစ်ဒဏ်ပေးလိုက်တာပါ။ တိုင်ကြားထားတဲ့အမှုနဲ့ပဲ ချလိုက်ပြီလို့ သိရပါတယ်။ မနေ့က(သောကြာနေ့)ပါ။ ရမည်းသင်းထောင်ကိုပါ”ဟု ဧရာဝတီသို့ အတည်ပြုသည်။
ရဲတရားရုံးမှ ရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အမြင့်ဆုံးပြစ်ဒဏ် ၃ နှစ်ချမှတ်နိုင်ဖွယ်ရှိပြီး ပြစ်ဒဏ် အတိအကျကိုမူ အသေးစိတ်မသိရှိရသေးကြောင်းလည်း ၎င်းကပြောသည်။
တိုင်ကြားမှုမှာ မူလက ရေနံမြေရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ ရဲမေ ၁ ဦးတည်းဟု သိရှိရသော်လည်း နောက်ပိုင်းတွင် ရဲမေ ၈ ဦးတိုင်ကြားထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင် အသိုင်းအဝိုင်းမှသိရှိရပြီး ယခုချမှတ်သည့် ပြစ်ဒဏ်သည် မည်သို့ ဆုံးဖြတ်ချမှတ်သည်ကို ဧရာဝတီက စုံစမ်းဆဲဖြစ်သည်။
တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က “အရေးယူပေးတဲ့အတွက် ကျေးဇူးတင်တယ်။ ပြစ်ဒဏ်ကိုတော့ချိန်ရမှာပေါ့။ မျှတမှု ရှိ၊ မရှိက သီးခြားစဉ်းစားရမယ်။ ကာယကံရှင် ရဲမေတွေကလည်း သီးခြားရာဇသတ်ကြီး ဥပဒေတွေအရ၊ တရားမကြောင်းအရ တရားစွဲဆိုခွင့် ရှိသေးတယ်”ဟု ထောက်ပြသည်။
ရဲရာထူးခန့်ချုပ်၏ လိင်အမြတ်ထုတ်ကြောင်း တိုင်ကြားမှုကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ကိုယ်တိုင် နိုင်ငံတော်အကြီးအကဲများထံ တင်ပြခဲ့ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများသို့ ဇွန်လအတွင်းက ပြောကြားထားသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် မေလအထိ ရဲအရာရှိ ၂၈၁၇ ဦး၊ အခြားအဆင့် ၆၇၃၀ ဦးတို့ကို ပြစ်ချက်အမျိုးမျိုး အရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ထိုအရေးယူမှုများထဲတွင် ရဲအရာရှိ ၁၉ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ အရ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်စပ်လင့်
လိင်အမြတ်ထုတ်ကြောင်း တိုင်ကြားခံရတဲ့ ရဲရာထူးခန့်ချုပ် ဖြစ်ရပ်အပေါ် အမြင်များ
လိင်အမြတ်ထုတ်မှုနဲ့ ရဲရာထူးခန့်ချုပ် စစ်ဆေးခံနေရ