ဧရာတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမဝါယမသင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော စောင့်ကြည့်စင်တာ – Quarantine Centre တွင် အသွားအလာကန့်သတ်၍ COVID – 19 ရောဂါရှိမရှိ စောင့်ကြည့်မှုခံယူနေသူ ထိုင်းပြန်အမျိုးသားတဦးမှာ ဇွန်လ ၃ ရက်နေ့ ညပိုင်းက မိမိကိုယ်ကို ကြိုးဆွဲချ၍ သတ်သေခဲ့ကြောင်း သတင်းရရှိသည်။
မိမိကိုယ်ကို သတ်သေခဲ့သူမှာ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသတွင် အလုပ်လုပ်ပြီးနောက် နယ်စပ်မှကုန်းလမ်း ခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်ဝင်လာသူ ကိုနေထက်လင်း (၂၇ နှစ်) ဖြစ်ပြီး ပုသိမ်မြို့ရှိ သမဝါယမသင်တန်း ကျောင်း ကွာရန်တင်းစင်တာတွင် ဇွန်လ ၂၆ ရက်နေ့မှစတင်၍ စောင့်ကြည့်မှုခံယူနေစဉ် မိမိကိုယ်ကို သတ်သေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သမဝါယမသင်တန်းကျောင်း ကွာရန်တင်းစင်တာမှ တာဝန်ရှိသူတဦး က “မိုးကလည်း ရွာနေတော့ ကျနော်တို့က အပြင်ဘက်က ကြည့်နေရတာ အသံက သိပ်မကြားရဘူး။ သူက အိမ်သာထဲဝင်သွားပြီး ကြိုးဆွဲချနေတာ။ တော်တော်ကြာမှ သိရတာ။ အဲ့ဒါနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆက်အကြောင်းကြားခဲ့ တာပါ” ဟု ဧရာဝတီကို ပြောသည်။
ကိုနေထက်လင်း (၂၇) နှစ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ မဲဇင်းကျေးရွာဇာတိဖြစ်ပြီး ၎င်းကွာရန်တင်းဝင်ရောက်နေသည့် သမဝါယမသင်တန်းကျောင်း၏ အိမ်သာအတွင်း၌ ပီနံကြိုးကို အသုံးပြု၍ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကိုနေထက်လင်း (၂၇ နှစ်) မှာ ပုသိမ်မြို့ရှိ ကွာရန်တင်းစင်တာတွင် ဒုတိယမြောက် မိမိကိုယ်ကို သတ်သေသူ ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံမှ ပြန်လာသူ ကိုချစ်သောင်း (ခ) ကိုချစ်လှ (၂၈ နှစ်) မှာ ပုသိမ်ဆေးရုံကြီး သီးသန့်ဆောင်ရှိ အိမ်သာထဲတွင် ၎င်းဝတ်ဆင်ထားသော လက်ရှည်အင်္ကျံဖြင့် မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “သမဝါယမသင်တန်း ကျောင်းမှာ ထိုင်းနိုင်ငံကပြန်လာသူတဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ အကြောင်းကြားတဲ့ အတွက် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ သေဆုံးသူက ထိုင်းနိုင်ငံကပြန်လာတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသား ဖြစ်ပြီးတော့ စင်တာရဲ့အိမ်သာအတွင်းမှာ မိမိကိုယ်ကို သတ်သေတဲ့အနေအထားမျိုးနဲ့ သေဆုံးနေတာ တွေ့ရပါတယ်။ ဒီလူသေမှုနဲ့ပတ်သတ်လို့ ကျနော်တို့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။
COVID – 19 ရောဂါရှိ မရှိ စောင့်ကြည့်မှုခံယူနေစဉ် မိမိကိုယ်ကို သတ်သေခဲ့သူ ကိုနေထက်လင်း၏ အလောင်းကို ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ရင်ခွဲစစ်ဆေးမှုများ လုပ်ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေး မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေ့သည့် အမှတ် ၂ ချစ်ကြည်ရေး တံတားထိပ်ရှိ မြဝတီဘက်ခြမ်း စိစစ်ရေးစခန်းတွင် အမျိုးသား တဦး မိမိကိုယ် လည်ပင်းဓားဖြင့်လှီးကာ သတ်သေမှု ယနေ့မွန်လွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ရှိ စောင့်ကြည့်ရေး စင်တာတွင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုမှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ဘဲ ဇွန်လ ၁၇ ရက်နေ့ကလည်း ပုသိမ်ဆေးရုံကြီးတွင် ၂၁ ရက် အသွားအလာကန့်သတ်၍ စောင့်ကြည့်မှု ခံယူနေ ရသည့် တရုတ်နိုင်ငံမှ ပြန်လာသူ အမျိုးသား ၁ ဦးမှာ ဆေးရုံ သီးသန့်ဆောင်ရှိ အိမ်သာထဲတွင် မိမိကိုယ်ကို သတ်သေမှု ဖြစ်ပွားခဲ့သေးသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ထိုင်း၊ တရုတ်စသည့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် ပြည်တော်ပြန် များကို အစိုးရ၏အစီအစဉ်ဖြင့် ပုသိမ်မြို့ရှိ ပညာရေးကောလိပ်၊ ပုသိမ်တက္ကသိုလ်၊ သမဝါယမသင်တန်း ကျောင်း၊ ကွန်ပျူတာတက္ကသိုလ်နှင့် အိမ်တွင်းမှုသင်တန်းကျောင်းစသည့်နေရာများတွင် ၂၁ ရက် အသွား အလာကန့်သတ်၍ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။