ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်အတွင်း၌ အသက် ၁၂ ကျော်အရွယ် မိန်းကလေးကို သွေးဆောင် ဖျားယောင်း ကာ သားမယားအဖြစ် ခိုးယူပေါင်းသင်းခဲ့သည့်သူကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ကျူးလွန်သူမှာ ပထွေးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဝဏ္ဏ ဆိုသူဖြစ်ပြီး ထိုသူကို သက်ငယ် မုဒိန်းမှု၊ လူခိုးမှု ပုဒ်မတို့ဖြင့် ဖမ်းဆီး အရေး ယူထားကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ကဆိုသည်။
ဝဏ္ဏ ဆိုသူက ပြီးခဲ့သည့် ၅ လပိုင်းတွင် မဝတ်ရည် (အမည်လွှဲ)ကို အဒေါ်ဖြစ်သူ၏ အိမ်မှ ခေါ်ယူသွားကာ ၁ လတိတိ သားမယားအဖြစ် ထောက်ကြံ့မြို့နယ်တွင် ခိုးယူ ပေါင်းသင်းခဲ့ကြောင်း သန်လျင်မြို့နယ် ရဲစခန်မှူး ဖြစ်သူ ရဲမှူးစိုးဝင်းက ပြောသည်။
ယနေ့တွင် မဝတ်ရည်ကို ဆေးစစ်ချက်များ ရယူပြီးနောက် ဝဏ္ဏဆိုသူကို ထပ်မံ စစ်ဆေးကာ ဥပဒေအကြံတောင်း၍ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။
ရဲမှူး စိုးဝင်းက “စဖြစ်တုန်းက ကျနော်တို့ လူပျောက်နဲ့ပဲ အမှုဖွင့်ခဲ့တာ။ အခု စစ်ချက်ယူလိုက်တော့ ကလေးက အသက် မပြည့်သေးတဲ့သူ ဖြစ်တဲ့အပြင် သားမယားအဖြစ် ခိုးယူပေါင်းသင်းတာ ပေါ်တော့ လူခိုးမှုဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၃၆၃ ရော၊ သက်ငယ်မုဒိန်းမှုဖြစ်တဲ့ ၃၇၆ ရော ဖွင့်ထားပြီး ဒီနေ့(ဇူလိုင် ၆) မှာ တရားခံကို ရုံးထုတ် ရမန်ယူတယ်။ အာမခံပါ မရ တော့ဘူးပေါ့။ တကယ်လို စစ်ဆေးပေါ်ပေါက်ချက်အရ အမှုတွေ ထပ်တိုးရင်လည်း တိုးမှာ။ အခုက စစ်ဆေးဆဲပဲ” ဟု ဆို သည်။
အဆိုပါ မိန်းကလေးသည် အသက် ၁၂ နှစ်ကျော် ၆ တန်း ကျောင်းသူ ဖြစ်ပြီး မိခင်ဖြစ်သူနှင့် ၉ လဝန်းကျင်သာ ပေါင်း သင်းရသေးသည့် ဝဏ္ဏက ပြီးခဲ့သည့် လဆန်းပိုင်းတွင် အဒေါ်အိမ်မှ လာရောက် ခေါ်ယူပြီး ထောက်ကြံ့မြို့နယ်က ရွာ တ ရွာသို့ ခေါ်ယူခြင်း ခံခဲ့ရကြောင်း၊ ထို့နောက် ၁ လဝန်းကျင်အထိ လင်မယားအဖြစ် ပေါင်းသင်းခံရကြောင်း မဝတ်ရည်က ဧရာဝတီသို့ ပြောပြသည်။
မိခင်ဖြစ်သူ၊ အဒေါ်ဖြစ်သူနှင့် ယောင်းမဖြစ်သူတို့က ထောက်ကြံ့အထိ လိုက်လံ ရှာဖွေခဲ့ရာတွင် ၎င်းမှာ မဝတ်ရည်ကို ခေါ်ဆောင်၍ မွန်ပြည်နယ် သထုံမြို့နယ်အထိ ထွက်ပြေးခဲ့ကြောင်း ၎င်းက ဆိုသည်။
မဝတ်ရည်က “ကျမကို အပြင်လူတွေနဲ့ စကား ပေးမပြောဘူး။ ကျမတို့က သားအဖတွေလို့ ပတ်ဝန်းကျင်ကို ပြောထားတာ။ ညဘက်ဆို ကျမကို ရောက်တဲ့နေရာတိုင်း သားမယား ပြုကျင့်တယ်။ ကျမမှာ အားကိုးလဲ မရှိ၊ ကိုယ့်အသိလဲ မရှိတော့ အကူအညီ မတောင်းရဲဘူး။ သူက ပြောကြည့်၊ သတ်ပစ်မယ် ပြောတယ်” ဟု ဆိုသည်။
မဝတ်ရည်၏ အစ်မ တဝမ်းကွဲ မနေခြည်က “ကျမကိုလည်း ဟိုးအရင်ကတည်းက သူတို့အိမ်ကို သွားလာရင် အဲဒီလူ(ဝဏ္ဏ) က ထိကပါး ရိကပါး ပြောတာ၊ ဟို ပုတ် ဒီပုတ်လုပ်တာ ရှိတယ်။ စသလို နောက်သလိုနဲ့။ အဲဒီနောက်ပိုင်း ကျမ သူတို့အိမ် ကို မသွားတော့ဘူး။ အမေတို့ကို လည်း ပြောပြထားတယ်။ ဝတ်ရည် ကိစ္စ ဖြစ်တော့ သူ (ဝဏ္ဏ)ကဖုန်းဆက်တယ်။ ကျမလည်း အဲဒါကို အမေနဲ့ အစ်ကိုတို့ကို ပြောပြ လိုက်တယ်။ အဲဒီကနေ သူတို့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိလိုက်ရတာ” ဟု ဆိုသည်။
ထို့အတွက် အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းသည့် ဝဏ္ဏအား ထောက်ကြံ့မြို့နယ်တွင် ဖမ်းဆီးရမိ ခဲ့သလို မဝတ်ရည်ကိုလည်း ဆက်လက် ရှာဖွေနိုင်ခဲ့ကြောင်းသိရသည်။
သက်ငယ် မုဒိန်းမှုများသည် ဟိုးယခင်ကတည်းက ရှိခဲ့သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း၊ အဖြစ်မှန် ပေါ်ပေါက်လာ လျှင် လက်ရှိအချိန်တွင် တရားသူကြီးများအနေဖြင့် ပြစ်ဒဏ် အမြင့်ဆုံးကိုသာ ချမှတ်လေ့ရှိသည်ကို တွေ့ရှိလာရကြောင်း ယခင် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ တာဝန်ယူခဲ့ဖူးသည့် ရဲမှူးကြီးဟောင်း မောင်စိုး သုံးသပ်သည်။
ရဲမှူးကြီးဟောင်း မောင်စိုးက “ဒီလိုပဲ အရင်ခေတ်ကလည်း ရှိတယ်။ အခုခေတ်မှာလဲ ရှိမှာပဲ။ နောင်လဲ ရှိလာနိုင်တာပဲ။ တရားဥပဒေက ထိထိရောက်ရောက် လုပ်နိုင်ခဲ့ရင်တော့ လျော့ရဲတာတွေ ဖြစ်လာမှာပေါ့” ဟု ဆိုသည်။
သို့ရာတွင် ယခင် အစိုးကလက်ထက်ကတည်းက သက်ငယ်မုဒိန်းမှုများနှင့် ပတ်သက်ပြီး သေဒဏ်အထိ ပေးသင့်ကြောင်း လူထုက တောင်းဆိုမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်အထိ ဥပဒေပြင်ဆင်ရေး မပြုလုပ်ရသေးသည့်အတွက် သေဒဏ် ပေးရေးမှာ ဖြစ်လာနိုင်ဖွယ် မရှိသေးဟု ၎င်းက ပြောသည်။
ယနေ့တွင် ဝဏ္ဏကို သန်လျင်မြို့နယ် တရားရုံးတွင် ရုံးထုတ် ရမန်ယူပြီးနောက် အင်းစိန်အချုပ်ထောင်သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
သံဖြူဇရပ်တွင် လက္ခဏာဆရာက ကျောင်းသူ ၃ ဦးအား အဓမ္မပြုကျင့်
ဘိုကလေးမြို့နယ်တွင် ကလေးငယ်တဦး မိကျောင်းကိုက်ခံရ