လာမည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်သူများနှင့် အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များက မြို့နယ် ၄ ခုမှ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် ဝင်ရောက် ယှဉ် ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
စက်ရုံ အလုပ်ရုံများ အများအပြားရှိသည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ကော့မှူးနှင့် ထန်းတပင်မြို့နယ်များရှိ မဲဆန္ဒနယ် နေရာများတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လတ်တလောတွင် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁ ဦး ရွေးချယ်ထားပြီ ဖြစ်သည်။
အလုပ်သမား၊ လယ်သမား၊ သမဂ္ဂနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲကို ဇူလိုင်လ ၆ ရက်က လှိုင်သာယာမြို့နယ်ရှိ Sky ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
လှိုင်သာယာမြို့နယ် (အရှေ့) ပြည်သူ့ လွှတ်တော်နေရာ ဝင်ရောက် ယှဉ်ပြိုင်မည့် အလုပ်သမားအရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေးက “လယ်သမား၊ အလုပ်သမားတွေ အရေးကို ကိုယ်စားပြုတဲ့ အသံတွေကို လွှတ်တော်ထဲမှာ ကြိုးပမ်းပေး သွားမှာပါ။ အပြောင်းအလဲ တရပ်အတွက်ကိုတော့ ကျနော်တို့ တသီးပုဂ္ဂလအားနဲ့တော့ မရနိုင်ပါဘူး” ဟု ပြောသည်။
ယခုလို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းသည် လွှတ်တော်ထဲ၌ အလုပ်သမား၊ လယ်သမား အကျိုးများအတွက် ပိုမိုလုပ်ဆောင်နိုင်ရန်အတွက်သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ ရွေးချယ်ထားသော တသီးပုဂ္ဂလ ကိုယ်စားလောင်း ၁၁ ဦးသည် ပြည်တွင်းရွှေ့ပြောင်းအလုပ်သမား အများစုရှိ သည့် ကော့မှူး၊ လှိုင်သာယာနှင့် ထန်းတပင်မြို့နယ်တွင် ပြည်သူ့ လွှတ်တော်နေရာအတွက် ၄ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁ ဦး နှင့် တိုင်းလွှတ်တော် နေရာအတွက် ၆ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်တွင် ဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းကိုတော့ ရွေးချယ်နေဆဲ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်သူ လယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဒေါ်စုစုနွေးက “ကျမနိုင်ငံမှာ ရှိတဲ့ မြေယာအခွင့်အရေး ချိုးဖောက်ခံနေ ရတဲ့ တောင်သူလယ်သမားတွေအတွက် ဒီထက်ပိုပြီး ဆောင်ရွက်ချင်လို့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ် ပြိုင်တာဖြစ်တယ်။ လယ်သမားတွေအတွက် မြေယာအခွင့်အရေးတွေ လူ့အခွင့်အရေးတွေ၊ တိုက်ရိုက် အကျိုးပြုနိုင်မယ့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ် ပြိုင် အနိုင်ရရှိခဲ့သော ကော့မှူးမြို့နယ်၌ ပြည်သူ့လွှတ်တော်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်သည်။
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ အတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကိုမူ ရွေး ကောက်ပွဲ ဥပဒေအရ အလုပ်သမား သမဂ္ဂများ လှူဒါန်း၍ မရခြင်းကြောင့် တသီးပုဂ္ဂလ လှူဒါန်းငွေများဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်များကို အသုံးပြုသွားရန် လတ်တလော စီစဉ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် ဆိုသည်။
၎င်းက “ကိုယ့်ကိစ္စ ကိုယ်လုပ်ရမှ ရမယ်။ အလုပ်သမားကိစ္စတွေ ဥပဒေတွေ ပြင်ချင်ရင် ဘာကြောင့် ပြင်ချင်တာလဲ၊ ဘယ် လိုပြင်ချင်တာလဲ ဆိုတာကို သိပြီဆိုရင် ပြင်မယ့်သူကို တင်ပြရမယ်ရမှာပေါ့။ အဲဒီလို တင်ပြဖို့ဆိုတာက အရေးကလည်း ကိုယ့်လူကို ကိုယ်မဲပေးမှာသာ ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
စက်မှုဇုန် အလုပ်သမားများ အများအပြားရှိခြင်းနှင့် ဝင်ရောက် ယှဉ်ပြိုင်မည့်သူများသည် ထိုမြို့နယ်ဒေသခံများ ဖြစ်ခြင်း ကြောင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များအနေဖြင့် လှိုင်သာယာမြို့နယ်ရှိ မဲဆန္ဒနယ်များတွင် အနိုင်ရရန် အားသာချက်များ ရှိနိုင်ကြောင်း အလုပ်သမား၊ လယ်သမားအရေး ဆောင်ရွက်နေသူများနှင့် အလုပ်သမား အဖွဲ့အစည်းများက ယုံကြည်နေ ကြသည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်တိုင်းမှာ အလုပ်လက်မဲ့ဖြစ်သွားသည့် လုပ်သား ၄ သောင်းခန့် ရှိ
ကူကယ်ရာမဲ့နေတဲ့ မလေးရှားရောက် မြန်မာလုပ်သားများ ဘဝ