မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရ အရေးယူဒဏ်ခတ်ကြောင်း ဇူလိုင်လ ၆ ရက်တွင် ကြေညာလိုက်သည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများအပါအဝင် အခြားတိုင်းရင်းသား ဒေသများတွင် တပ်မတော်က ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့သည် တာဝန်အရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်နေသောကြောင့် Magnitsky Act ဥပဒေဖြင့် အရေးယူရခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က တရားဝင်ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
ယင်းဥပဒေ ပြဌာန်းချက်အရ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ အနေဖြင့် ဗြိတိန်နိုင်ငံနှင့် ဆက်စပ်သည့် ဘဏ်များတွင် သိမ်းထားသည့် ပိုင်ဆိုင်မှုများရှိလျှင် ထုတ်ယူသုံးစွဲခွင့် ပိတ်ပင်ခြင်း၊ ဘဏ်များမှတဆင့် ငွေလွှဲပြောင်းခွင့်မရစေရန် ထိန်းချုပ်ခြင်းနှင့် ဗြိတိန်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ခြင်းတို့ ခံရနိုင်သည်။
တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရ အရေးယူပိတ်ဆို့သည့် ဆောင်ရွက်မှုမှာ နိုင်ငံရေးအရ လုပ်ဆောင်မှုသာ ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “တချို့ကိစ္စတွေကတော့ သူတို့ နိုင်ငံရေးအားဖြင့် ဆောင်ရွက်တာတွေရှိတယ်။ နိုင်ငံရေးအားဖြင့် ဆောင်ရွက်တာ မျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” ဟု သုံးသပ်သည်။
ယင်းဒဏ်ခတ်ပိတ်ဆို့မှုအပေါ် တပ်မတော်အနေဖြင့် ထူးထူးခြားခြား ဝေဖန်စရာ မရှိကြောင်း စွပ်စွဲခံနေရသည့် ကိစ္စများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသည်ဆိုသည်ကို ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်နေကြဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
တပ်မတော်အနေနှင့် ရခိုင်ပြည်နယ်အပါအဝင် အခြားတိုင်းရင်းသားဒေသများ၌ စစ်ဆင်ရေး ၊ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် (Rules Of Engagement) အတိုင်းသာ ဆောင်ရွက်ပြီး လူ့အခွင့်အရေးကိစ္စများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ဆိုသည်။
တပ်ချုပ်နှင့် ဒုတပ်ချုပ်ကို ယခုကဲ့သို့ အရေးယူခြင်းသည် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအပြီး နိုင်ငံရေး လောကထဲ ဝင်လာနိုင်ခြေရှိကြောင်း သတင်းထွက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခြေလှမ်းများကို ကြိုတင် တားဆီးထားသည့် သဘောဖြစ်နိုင်ကြောင်း နိုင်ငံရေး သုံးသပ်တချို့က မြင်ကြသည်။
အချို့ကလည်း တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့သည် ဗြိတိန်နိုင်ငံသို့ အလည်အပတ် လာစရာ အကြောင်း မရှိသကဲ့သို့ စီးပွားရေးလည်း ချိတ်ဆက်လုပ်ဆောင်မည့် အခြေအနေမရှိသဖြင့် ဗြိတိန်အစိုးရ၏ အရေးယူမှုသည် ထိရောက်သည့် အရေးယူမှု ဖြစ်မည်မဟုတ်ဟု သုံးသပ်မှုများလည်း ရှိသည်။
တပ်မတော်အနေနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ရှိသည့် အရာရှိ၊ တပ်ဖွဲ့ဝင်များကို ဖော်ထုတ်ကာ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ခုံရုံးဖွဲ့စစ်ဆေးနေသည်ဟု ဆိုသော်လည်း လက်တွေ့အားဖြင့် စစ်ဆေးမှုများသည် ပွင့်လင်းမြင်သာမှုအားနည်းနေဆဲ ဖြစ်ကြောင်း တိုင်းရင်းသား အရေး လေ့လာသူ ဦးမောင်မောင်စိုး က ထောက်ပြသည်။
ဦးမောင်မောင်စိုးက “တပ်မတော်က ချိုးဖောက်တာတွေ အရေးယူတာကတော့ အရမ်းနောက်ကျတယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၇ မှာ ဖြစ်တဲ့ကိစ္စတွေ ဂူတာပြင်တို့၊ မင်းကြီးတို့ ၊ ချွတ်ပြင်တို့ ၊ မောင်နုတို့ အဲဒါတွေက ၂၀၂၀ မှာ စစ်ဆေးတဲ့အနေအထားမျိုးတွေ့ရတယ်။ ဒါလည်းပဲ နိုင်ငံတကာက ဖိအားပေးလို့ စစ်ဆေးရတယ်ဆိုပြီး အများက မြင်နေကြတယ်” ဟု ပြောသည်။
မြေပြင်အခြေအနေတွင် စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ယူသည့် အရာရှိ၊ တပ်ဖွဲ့ဝင်များက ကျူးလွန်သဖြင့် အရေးယူနေသည်ဟု တပ်မတော်ဘက်က ဆိုနေသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များ အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ တာဝန်ယူကွပ်ကဲရသဖြင့် တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ကိုသာ ဦးတည်၍ ပိတ်ဆို့ အရေးယူလာခြင်းဖြစ်နိုင်ကြောင်းလည်း ဦးမောင်မောင်စိုး က သုံးသပ်သည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ညီမျှခြင်းမြန်မာ (Equality Myanmar) ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက်နေဆဲ ဖြစ်ပြီး အရေးယူမှုများ ဆက်လာနိုင်ချေရှိသည်ဟု ဆိုသည်။
၎င်းက “မကြာမီကပဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တခုထွက်တယ်။ အဲဒီမှာဆိုရင်လည်း အရေးယူဖို့ ပြောထားတယ်။ ဒါကြောင့်မို့ အခုဆိုရင် နိုင်ငံအလိုက်အရေးယူတဲ့ ပုံစံတွေ တွေ့လာရတယ်။ အမေရိကန်ကလည်း အရေးယူလာတယ်။ ဗြိတိန်ကလည်း အရေးယူလာတယ်။ နောက်ဆိုရင် အဲဒီအတိုင်းသွားမယ့် ပုံစံရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိကာလတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် သမ္မတရာထူးအတွက် ရွေးကောက်ပွဲ ဝင်နိုင်ချေရှိသည်ဟု သတင်းများထွက်ပေါ်နေရာ တပ်ချုပ်၏ နိုင်ငံရေးရည်မှန်းချက်ကို ပိတ်ဆို့ရန်ရည်ရွယ်၍ အရေးယူမှုဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP – Myanmar) ၏ ပြင်ပဆက်ဆံ ဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက ဆိုသည်။
ဦးအောင်သူငြိမ်း က “များများ သက်ရောက်မှုမရှိရင်တောင် တချိန်မှာ သူတို့ရဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေကို ကြိုပြီး ပိတ်ဆို့ထားတဲ့သဘောမျိုးတော့ဖြစ်တယ်။ အခုလက်ရှိက ကာကွယ်ရေးဦးစီးချုပ်က သမ္မတဖြစ်ဖို့ ရည်မှန်းချက်ရှိတယ်လို့လည်း သတင်းထွက်တယ်လေ။ ထွက်တဲ့အခါကျတော့ ပြောမယ်ဆိုရင် အဲဒါကို ကြိုပြီး ကာတဲ့သဘောလည်း အဓိပ္ပာယ်ဆောင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲအပြီး မြန်မာ့နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ရန် စဉ်းစားမည်ဟု ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က ရုရှား သတင်းဌာနတခုကို ပြောကြားထားသည်။ ထိုပြင် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းတွင် အနှစ် ၄ဝ ကျော် နိုင်ငံရေးနဲ့ စစ်ရေးအတွေ့အကြုံများ ရှိသည်ဟုလည်း ပြောဆိုခဲ့သေးသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်များကို မြန်မာ့တပ်မတော်က လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားသည် လူမျိုးတုန်းသတ်ဖြတ်သည် ဆိုသည့် စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်း ၂၀၁၉ ခုနှစ်အတွင်း The Asahi Shimbun သတင်းစာနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားထားသည်။
အဆိုပါစွပ်စွဲချက်များသည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါးမှုများသာဖြစ်သည်ဟု ပြောထားသည်။
You may also like these stories:
တပ်မတော်က ရိုက်နှက်နေသည့် ရုပ်သံထဲမှ လူ ၅ ဦးမှာ ပုဏ္ဏားကျွန်း ဒေသခံများဟုဆို
အရေးကြီးကိစ္စ မရှိရင် တပ်အပြင် မထွက်တော့ဖို့ စတင် ညွှန်ကြား