တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ ပြတ်လပ်နေကြသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက် အုပ်စုရှိ ဒေသခံပြည်သူများ အတွက် ဆန်အိတ်များ သယ်ယူရာတွင် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ယူ၍ ပို့ဆောင်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ၂၈ ရက်က ဒါးလက် အုပ်စုရှိ ဒေသခံပြည်သူ ၄၀၀၀ ကျော်အတွက် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္က သိုလ် ကျောင်းသား/သူများအဖွဲ့ (CUSR) မှ ဦးစီးပြီး ဆန် ၁၂၅ အိတ်ကို သယ်ဆောင်လာရာ ကဇူးကိုင်း တံတားအနီးတွင် ယာယီ တပ်စခန်းချနေကြသည့် တပ်မတော်က အိတ်၂၀ သာ ခွင့်ပြုခဲ့ကြောင်း CUSR မှ ပြောဆိုသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆန်အိတ်သယ်ယူရာတွင် အုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက် ပါရမည်ဖြစ်ကြောင်း၊ ထောက်ခံ ချက် မပါသဖြင့် တပ်မတော်က ဆန်သယ်ယူခွင့် ပိတ်ပင် တားဆီးခဲ့ခြင်းသာ ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ဧရာဝတီသို့ ပြောသည်။
“အဲဒီလို သယ်လို့ တားတယ်ဆိုတာ တခါမှ မကြားဖူးဘူး။ အမ်းမြို့နယ် လုံခြုံရေးအတွက်ဆို တပ်တွေ ရှိတယ်။ ကျနော့်ဆီ က ထောက်ခံချက်ပါရင် အကုန်လုံးက လွှတ်ပေးတယ်။ တခါမှ ပိတ်တယ် ပြုတယ် မကြားမိဘူး။ သူတို့ သဘောနဲ့ သူတို့ ဆန်သယ်သွားတယ်ဆိုတာ ဘာအကြောင်းကြောင့်လဲတော့ မသိဘူးလေ။ အဲဒီလူတွေက ဘာအတွက် သယ်တာလဲ။ ဘယ်သူက သယ်တာလဲ။ အဲဒါတွေလည်း လိုသေးတယ်။ သူတို့ ပြောသလို ပိတ်တယ်ဆိုတာက မဖြစ်နိုင်ဘူးလေ” ဟု ပြောသည်။
ဆန်သယ်ယူရာတွင် ဒေသခံများနှင့် ပူးပေါင်းသယ်ယူမည် ဖြစ်သောကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ စာမတင်မိ ကြောင်း CUSR မှ ဥက္ကဋ္ဌ ဆလိုင်း ထွန်းလှကျော်က ဆိုသည်။
ဆလိုင်း ထွန်းလှကျော်က “ပို့မှာကတော့ အမ်းမြို့နယ်၊ CUSR ဆပ်ကော်မတီနဲ့ ဒေသခံတွေ ပေါင်းပြီး ဆန်ကို သယ်သွား ကြမလို့။ ဒါပေမယ့် ကဇူးကိုင်း အနီးမှာရှိတဲ့ တပ်နဲ့ ညှိကြည့်ကြတော့ တပ်က လောလောဆယ် ဆန်ကို အများကြီး သယ် ခွင့် မပေးနိုင်သေးဘူးလို့ ပြောတယ်။ သယ်မယ်ဆို တလကို ဆန်အိတ်၂၀ ပဲ သယ်ခွင့် ပေးမယ်လို့ ပြောတယ်။ တကယ်လို့ လုံးဝ အဆင်မပြေကြဘူဆိုရင်လည်း ခင်ဗျားတို့ အဆင်ပြေတဲ့ နေရာတွေကို ပြောင်းကြပါလို့ပဲ ပြောတယ်” ဟု ပြောသည်။
သယ်ယူခွင့် ရရှိခဲ့သည့် ဆန်၂၀ အိတ်ကို ဒါးလက် အုပ်စုအတွင်းရှိ ရှမ်းကုန်းကျေးရွာ၊ အလယ်ရွာကျေးရွာနှင့် မင်္ဂလာဒုံ ကျေးရွာများရှိ စားနပ်ရိက္ခာများ လုံးဝ ပြတ်လပ်နေသည့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ဦးစားပေး ဝေမျှသွား မည်ဟု ၎င်းက ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးကိုကိုမြတ်ကလည်း ထိုသို့ သယ်ချင်တိုင်း သယ်၍ မရကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးထံ သတင်းပို့ ထောက်ခံစာ ယူပြီးမှ တပ်မတော်ကလည်း သယ်ခွင့်ပေးမည် ဖြစ်ကြောင်း ရှင်းပြသည်။
၎င်းက “တပ်ကလည်း ဘယ်လို လုပ်ခွင့်ပြုမလဲ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုမှပေါ့။ တိုက်ပွဲဖြစ်တဲ့ နယ်မြေတွေ ကတော့ သိတဲ့အတိုင်းပဲ။ ကျနော်တို့ဆီက ထောက်ခံချက်ပါလာရင် ဘယ်သူမှ မဖမ်းဘူး” ဟု ဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင် စစ်တပ်(AA)တို့၏ တိုက်ပွဲများကြောင့် ရေလမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပိတ်ထားခဲ့ပြီး ကုန်းလမ်းကို ၂၀၂၀ ဖေဖော်ဝါရီလတွင် ထပ်မံ ပိတ်လိုက်ခြင်းကြောင့် အမ်းမြို့နယ်ရှိ ဒါးလက်အုပ်စုတခုလုံး စားနပ်ရိက္ခာများ ပြတ်လပ်သွားခြင်း ဖြစ်သည်။
ဒါးလက် အုပ်စုတွင် ကျေးရွာပေါင်း ၄၇ ရွာ ရှိသည့်အနက် ၇ ရွာက ရခိုင်လူမျိုးများ နေထိုင်သည့် ရွာများဖြစ်ပြီး ကျန်သည့် ရွာပေါင်း ၄၀ မှာ ချင်းလူမျိုးများ နေထိုင်သည့် ရွာများဖြစ်ကာ လူဦးရေ စုစုပေါင်း ၁ သောင်း ၃ ထောင်ကျော် ရှိသည်ဟု ဒါးလက် အုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။
သို့သော် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံနိုင်သည့် ဒါးလက်ပြည်သူများသည် အမ်းမြို့ပေါ်နှင့် အခြားနီးစပ်ရာ ဒေသများ သို့ ပြောင်းရွှေ့သွားကြသည့်အတွက် ယခုအခါ ဒါးလက်အုပ်စုတွင် လူဦးရေ ၄၀၀၀ ခန့်သာ ကျန်ရှိတော့သည်ဟု ဒေသခံ ဒေါ်နုစိန်က ဆိုသည်။
ထို့ပြင် ဒါးလက်အုပ်စုက အုပ်ချုပ်ရေးမှူး တချို့လည်း နှစ်ဖက်တပ်ကို ကြောက်နေရသည့်အတွက် ထွက်ပြေးနေကြရ သည်ဟု ဒါးလက်အုပ်စု အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးထံက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ရခိုင်စစ်ဘေးရှောင်စခန်းများ ရေဘေးဒဏ်ကြုံနေရ
တိုက်ပွဲများကြောင့် ရိက္ခာပြတ်၍ အမ်းမြို့နယ်မှ ရွာသား ၄၀၀ ကျော် နေရပ်စွန့်ခွာ